ခံစားချက်များနဲ့ တို့ို တိုင်းပြည်

နွေဦးMay 18, 20121min562

အစတော့ ပြော့ပြော့ လေး လူစုံ …။

သုံးဆယ် အစိတ် နှစ်ဆယ် ဆယ့်ငါးသိန်း တတိတိနဲ့ တနှုံ့နှုံ့ ခံစား ခဲ့ရတာ ဟော…ငါးသိန်းဖုန်း ရပြီလဲဆိုရော အုံးအုံးကြွက်ကြွက်နဲ့ ပျော်ပြီး ဝယ်ကြ သုံးကြလိုက်တာ ။
တချို့လဲ ရှိစုမဲ့စု ငွေလေး မပြည့်သေးလို့ အားခဲပြီး ကြိတ်စုစုနေကြတာ ။
ပြည့်ရင် အပြေးအလွှား ဝယ်သုံးကြမယ်ပေါ့လေ ။
အပြောင်းအလဲတွေဖြစ်လာပြီး နိုင်ငံတော်ရဲ့ စေတနာ လို့ ဆိုပြီး တနိုင်ငံလုံး ဖုန်းအလုံး သန်း၄ဝ စီမံကိန်းကြီးနဲ့ နှစ်သိန်းတန် ဖုန်း တွေ ရောင်းပေးလိုက်တယ် ။

အခြေခံ လူတန်းစားတွေက အစ အဆင်ပြေပြေ သုံးနိုင်တဲ့ သူတွေ မြို့ရော နယ်ပါ ပျော်တပြုံးပြုံး သုံးလိုက်ကြတာ နိုင်ငံတော်ရဲ့ စေတနာ ကိုး ။

အရင် သုံးဆယ် အစိတ် နှစ်ဆယ်က အစ တဆယ့်ငါးသိန်း ငါးသိန်း နဲ့ ဝယ်ထားသူတွေ မခံစားရဘူးလို့ မပြောကြပါနဲ့နော် ။
ပြော့ပြော့ လေးနဲ့ ခံရမှန်းမသိ ခံလိုက်ကြရတယ် ။

မပြီးသေးပါဘူး… ။ ခံစားချက်လေးတွေကို အရှိန်မြှင့်ပေးဘို့
နောက်ထပ် ဇွန်လထဲမှာ ကျပ်တသိန်းတန် ..
နောက်ဆုံး ကျပ်ငါးထောင် တန်တွေကလဲ .. စောင့်နေသေးတယ်..။
ဒါကတော့ ပြော့ပြော့လေး လူစုံ ခံစားချက်လေးပေါ့ ။

ကြားထဲက ခပ်ဆတ်ဆတ်လေး ရိုက်ချက်…။

အား ကနဲ့ အော်သံ မကြားလိုက်ရပေမဲ့ ကားကနဲ ထိသွားကြတာ ..။
ဟုတ်ပါတယ် ။ သိန်း ထောင်ကျော် တန်ဘိုးမြင့်ကားတွေပေါ့ ။
နိုင်ငံတော်ရဲ့ စေတနာပါ ။
ပြည်သူလူထုက ကားဟောင်းတွေကို တန်ဖိုးကြီးပေး အကောင်းလုပ် ပြီးစီးနေကြတော့ မကြည့်ရက်ဘူးလေ ။
စီးနေတဲ့ ကားဟောင်းတွေကို သံရည်ကြိုစက် ပို့လိုက် ။ ကားအသစ်တင်သွင်းခွင့် ပြုပြီး လဲစီးစေတာပါ ။

ကားတင်သွင်းဘို့ ကားဟောင်းအပ်ဘို့ စီစဉ် ညွှန်ကြားချက်တွေ စနစ်တကျ မရှိတာတွေကြောင့် တတိတိ တအိအိ ပြိုကျလာတဲ့ ဈေးကွက်ကြောင့် လှုပ်လှုပ် ရှားရှား ဖြစ်နေကြပြီ ။
နယ်က လူတွေက တထောင်ဘိုးခြောက်စီး ဆိုလို့ အပြေးအလွှား မြိုင်မြိုင် ဆိုင်ဆိုင် အပြိုင် ဝယ်နေကြပြီ ။

အရင် သိန်းထောင်ကျော် ဝယ်ထားသူတွေရဲ့ ရင်ထဲက ခံစားချက် သံစဉ်လေးတွေ ဒီရက်တွေမှာ အပြင်ကို လျှံထွက်နေသံ ကြားနေရပါပြီ ။
ဒီတခါ နိုင်ငံတော်ရဲ့ စေတနာ ကတော့ ခပ်ဆတ်ဆတ် လေး ခံစားရပြီပေါ့ ။
ခံစားချက် သံစဉ်လေးတွေကနေ ပေါက်ကွဲ သံစဉ် ဖြစ်လာဘို့ အရှိ်န်မြှင့် ပေးမဲ့ နိုင်ငံတကာ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွေ ကလဲ.. မကြာမှီ လာမည် မျှော်.. ဆိုပြီးစောင့်နေလေရဲ့ ။
ဒီအဆင့် မှာတင် နိုင်ငံတော်ရဲ့ စေတနာကို ခံစားမိကြလို့ ပြီးပြီ မထင်ကြပါနဲ့အုံး ။ နောင်လာလတံ့ တွေ ကရှိသေးတယ် ။

တကယ်တော့ ဒါတွေဟာ နိုင်ငံတော် အစိုးရရဲ့ အမှားတွေ ချည်းဘဲလို့ အပြစ်တင်လို့ မရပါဘူး ။
လက်ရှိ အစိုးရ က အမှန်တကယ် စေတနာ နဲ့ လုပ်ပေးတဲ့ လုပ်ရပ် မှန်ပါ ။
ဖြစ်ခဲ့တာက အခြေခံ မကောင်းခဲ့လို့ပါ ။ အခြေခံဆိုတာ အရင်ခေတ်အဆက်ဆက်က ချခဲ့ကြတဲ့ လုပ်ရပ်တွေပါ ။
ဖုန်းဈေး ကားဈေးတွေဆိုတာ နိုင်ငံတကာ ထက် အလွန်အမင်းမြင့်နေတာ ။
နိုင်ငံတော်က ရတဲ့ အခွန်အခထက် ပုဂ္ဂလိက အကျိုးအမြတ်က အလွန် များခဲ့တယ်မဟုတ်လား ။
ဒါတွေဖြစ်လာဘို့ လူတချို့က ငွေကြေးဈေးကွက်ကို ရှိသင့်တာထက် လွန်လွန် ကျွံကျွံ မြှင့်ခဲ့ကြတယ် ။
ဥပမာ တဒေါ်လာ တရာကျပ်လောက်ကနေ တထောင်ကျပ် လောက်ဖြစ်စေခဲ့တယ် ။

ဒီဖြစ်စဉ်တွေရဲ့ အကျိုးဆက်က စီးပွါးရေးပေါက်ကွဲ မှု ကြီး ဖြစ်လာအောင် တွန်းအားပေးနေပြီ ။
ငွေကြေး ဈေးကွက် ဈေးနှုန်းတွေ ပြောင်းလဲဘဲ မတည်ငြိမ်ဘဲ နိုင်ငံတော်ကြီး ပြောင်းလဲဘို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
အခုပြောင်းလဲရမဲ့ နိုင်ငံတော်က အရင်ခေတ်ကလို တကိုယ်ထည်းထည်း ရပ်တည်လို့ မရပါ ။

အာဆီယံ ဈေးကွက် နိုင်ငံတကာဈေးကွက် တွေနဲ့ ဆက်နွယ်ပြီး တိုးတက်ပြောင်းလဲရမဲ့ အခြေအနေပါ ။

ဒီလိုပါတ်သက်လာရင် ကိုယ့်ငွေကြေးက အခြေခံ ခိုင်မာဘို့လိုအပ် လာပြီ ။
အဲဒီအတွက် ပြည်တွင်း သယံဇာတ ပိုင်ဆိုင်မှု အခြေခံတွေက တန်ဘိုးတခု နဲ့ တည်ငြိမ်နေရမှာပါ ။

လက်ရှိ ဈေးကွက်မှာ ဖြစ်နေတဲ့ အိမ် ခြံ မြေ ဈေး ကားဈေး ရွှေ ဈေးတွေက လက်ခံနိုင်တဲ့ ဈေး တည်ငြိမ်တဲ့ ဈေး ဖြစ်ပြီလား ။
မဖြစ်သေးဘူးဆိုရင် ဖြစ်မှ ရမှာပါ ။
သူ့ဖါသာသူ ဖြစ်သွားနိုင်ပါ့မလား ။
မဖြစ်ခဲ့ရင် ဖြစ်အောင် အားတခု ရှိရမှာပါ ။
ဒီအားကို ဘယ်သူဖန်တီးမလဲ ?။
ပြင်းထန်တဲ့အားနဲ့ ပေါက်ကွဲမှု တွေ ဖြစ်မလာနိုင်ဘူးလား ။

ခုလောလောဆယ်တော့ တို့တိုင်းပြည်က ခံစားချက်များနဲ့ ပေါ့ ။

2 comments

  • Khin Kha

    May 18, 2012 at 4:34 pm

    အခြေခံကတော့ ကောင်းလားမကောင်းလားတော့မသိဘူး
    လက်ရှိအစိုးရမှာပါတဲ့ ပြည်ထောင်စုဝန်ကြီးတွေက အရင်အစိုးရက သူတွေဘဲလေ။အဲဒီတော့ အရင်အစိုးရလိုဘဲ လက်မှန်းရမ်းတုတ် အဟုတ်လုပ် ပေါ်လစီဘဲချတတ်မှာပေါ့။

  • လက်ရှိကျနော်တို ့တိုင်းပြည်မှာ ရှိနေတဲ့ လူဟောင်း၊လူယုတ်၊လူညံ့တွေကို နေရာပေးထားတဲ့
    စနစ်ကိုဖျောက်မယ်။ဖြုတ်မယ်၊ထုတ်မယ်၊တရားဥပဒေနဲ ့ဆုံးမမယ်၊လိုအပ်ရင် သေဒဏ်ပေး
    သင့်ပါကြောင်း။

Leave a Reply