ခွေးဝင်စား(ဇာတ်လမ်း)ရဲ့ ဂယက်လှိုင်း

etoneMay 18, 20121min25022

ကျွန်မတို့ငယ်ငယ်က ရုပ်ရှင်ကြည့်ခြင်းကို အပမ်းဖြေခြင်းတစ်မျိုးအဖြစ်နဲ့  လုပ်လေ့လုပ်ထရှိခဲ့တယ် ။ ရုပ်ရှင်ရုံကိုသွား ၊ ရုပ်ရှင်ကြည့်ရတာထက် ၊ ရုပ်ရှင်ကြည့်နေရင်း မုန့်တွေ စားရတာကို သဘောပိုကျလို့ပါပဲ ။ အဲ့ဒီခေတ်က တီဗွီတွေဒီလောက်ကြီးခေတ်မစားသေးဘူး ။ အိမ်တိုင်းမှာ တီဗွီဝယ်ကြည့်တဲ့ အခြေနေမျိုးမဟုတ်ကြသေးဘူး ။ နောက်ပိုင်း တီဗွီဆိုတာ ခေတ်စားလာတော့ ရုပ်ရှင်ရုံကို တကူးတက သွားမကြည့်တော့ပဲ အိမ်မှာပဲ တီဗွီကြည့်ဖြစ်ကြတယ် ။ နည်းနည်းခေတ်မှီလာတော့ တစ်အိမ်ကို တီဗွီတစ်လုံးစီ ပိုင်ဆိုင်လာကြပြီလေ … ။ ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးတဲ့ အစီစဉ်ထဲ .. ရုပ်ရှင်အစီစဉ်ကိုပဲ  စောင့်ကြည့်ဖြစ်ခဲ့တယ် … ။ ရုပ်ရှင်ကြိုက်လွန်းလို့ … အစီစဉ်မစခင်အချိန်ကတည်းက တီဗွီဖွင့်ထားရတဲ့အထိပါပဲ … ။ လွတ်သွားလျှင် ပြန်ကြည့်လို့ မရတာကြောင့်လည်း ပါတယ် … ။ အီလက်ထရောနစ်ပစ္စည်းတွေတဆင့်ခြင်း  တဖြည်းဖြည်း ခေတ်စားလာတော့ အောက်စက်တွေ ၊ VCD တွေ DVDတွေ EVD တွေပါ ပေါ်လာပြီး … ကိုယ်ကြည့်ချင်တဲ့အချိန် ရုပ်ရှင်ကြည့်လို့ ရလာတယ် … ။ အဲ့ဒီအချိန်ကျတော့ … ရုပ်ရှင်ကြည့်ရတာကို .. ဝါသနာမပါတော့သလို ခံစားမိပြန်တယ် … ။ရုပ်ရှင်ကြည့်ရတာ .. ဝါသနာမပါတော့ဘူးဆိုတာက … ကြည့်ရတဲ့ အခွေတွေ ၊ ရွေးချယ်မှုတွေ များလာလို့ လူ့သဘာဝအတိုင်း ပေါများတာဆို ရိုးအီလာတဲ့ သဘောမဟုတ်ပါဘူး … ငြီးငွေ ့လို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ ။

စိတ်လက်ပေါ့ပါးချင်လို့ ၊ အနားယူအပမ်းဖြေချင်လို့ ရုပ်ရှင်ကြည့်တယ်ဆိုပေမယ့် ငြီးငွေ့စရာကောင်းတဲ့ ရုပ်ရှင်မျိုး ထိုင်ကြည့်နေလျှင် ဘယ်လိုများ စိတ်လက်ပေါ့ပါး အပမ်းဖြေမှုကို ခံစားနိုင်မှာလဲ … ။ ဒါကြောင့် … ကိုယ်ကြည့်တဲ့ ရုပ်ရှင်က ကိုယ့်အတွက် ဘယ်လို စိတ်ခံစားမှုမျိုးပေးမှာလဲ ၊ ရုပ်ရှင်ရဲ့ အဆုံး ပေါ့ပါး လန်းဆန်းသွားမလား ၊ ဗဟုသုတပဲ ရသွားမလား ၊ ဒါမှမဟုတ် ထပ်မကြည့်ချင်လောက်အောင်ပဲ ရိုးအီ စိတ်ပျက်သွားမလားဆိုတာကတော့ ကိုယ်ရွေးချယ်တဲ့ ရုပ်ရှင်ဇာတ်ကားပေါ်မူတည်တာပေါ့လေ ။ လူတွေ အပမ်းဖြေဖို့အတွက် သဏ္ဍန်လုပ်သရုပ်တူအောင်လုပ်ရတဲ့ ရုပ်ရှင်တစ်ခု ရိုက်ကူးမှု မလွယ်ကူပါဘူး …. အဖက်ဖက်က ပညာရှင်တွေ ၊ ရိုက်ကူးသူတွေ ၊ ဇာတ်ဆောင်တွေ ၊ ဇာတ်အိမ်ဖန်တီးသူတွေပါပေါင်းစပ်ပြီး ဇာတ်ကားကောင်းတစ်ခု ဖန်တီးရတာပါ .. ဆိုလိုချင်တာက .. မလွယ်ကူဘူးဆိုတာမျိုးပါ … ။ ဒီလောက် အပင်ပန်းခံ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခု ကြည့်ပြီး ငြီးငွေ့တယ် ၊ အာပလာပါကွာလို့ ဝေဖန်လျှင် ဖန်တီးသူတို့ ဘယ်လောက်များ ရင်ခံလိုက်မလဲနော် ။ ဖန်တီးမှုပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဈာန်ဝင်စားမှုချင်း ၊ ပါရမီချင်း ၊ စိတ်ကူးစိတ်သန်းခြင်း မတူလို့ … တစ်ချို့သော ဇာတ်ကားတွေကို ကြည့်ရင်း ယုတိ္တမရှိသလိုတွေခံစားမိတာကြောင့် ၊ သရုပ်ဆောင်မှန်းကို သိသာလွန်းနေတာကြောင့် … မြန်မာဇာတ်ကားကို ရုပ်ရှင်ရုံသွားမကြည့်ဖြစ်တာ ကြာပါပြီ ။ ရုပ်ရှင်ရုံမှာ သွားမကြည့်ဖြစ်လို့ ….ရပ်ကွက်ထဲ ငှားရမ်းရလွယ်တဲ့ အခွေဆိုင်မှာ ငှားကြည့်သလားဆိုတော့လည်း မငှားကြည့်ပါဘူး … ။ ပြောရလျှင် မြန်မာကားတစ်ချို့ … မဟုတ်တာကို အဟုတ်လုပ်ရိုက်တဲ့အခါ သဘာဝမကျတာလေးတွေတွေ့တွေ့နေရလို့ …. နောက်ပိုင်း ကိုယ့်ရဲ့ အားလပ်ချိန်တွေ ဖြုန်းပစ်သလို ခံစားမိလို့ မကြည့်ဖြစ်တာ များပါတယ် ။

ဇာတ်ကားတစ်ကားကြည့်လိုက်လို့ .. စိတ်ခံစားမှု တစ်ခုခုရလိုက်လျှင်ပဲ ဖြစ်ဖြစ် ၊ အတုယူစရာ ၊ အတွေးပွားစရာ တစ်ခုခု ရလိုက်လျှင်ပဲ ဖြစ်ဖြစ် ကြည့်ရတာ တန်ပြီလို့ကျွန်မတော့ သတ်မှတ်ပါတယ် … ဒါပေမယ့် ရလိုက်တာဟာ စိတ်ငြီးငွေ့မှုနဲ့ .. ဒေါသဆိုလျှင်တော့… ရုပ်ရှင်တစ်ခု ကြာမြင့်ချိန်တွေကို ကျွန်မရဲ့ အားလပ်ချိန်နဲ့ မှားယွင်းစွာ အသုံးပြုမိပြီလို့ပဲ ယူဆမိပါတယ် ။

ပြီးခဲ့တဲ့ ပိတ်ရက်က ယောက်မဖြစ်သူ မြန်မာအခွေတစ်ခွေ ယူလာခဲ့တယ် ။ ဇာတ်ကားပါ အကြောင်းရာက ကလေးတွေရဲ့ စိတ်ကို … ပိုမိုလိမ္မာအောင် ပြုပြင်ပေးနိုင်မယ် … ၊ သူတပါးကြွေးမြီကို ယူပြီး ပြန်ဆပ်တတ်စေတဲ့ အသိရစေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မရဲ့ တူလေး ကြည့်ဖို ့ယူလာတယ်ပေါ့ ။ မြန်မာကားတွေကို စိတ်မဝင်စားပေမယ့် …. အားလပ်ချိန်မို့ တူလေးနဲ့ ဆော့နေရာက ရုပ်ရှင် အတူကြည့်ဖြစ်ခဲ့တယ် ။ ဇာတ်ကားလေး နာမည်ကိုတော့(ထုတ်လုပ်သူတွေ ၊ ဖန်တီးသူတွေကိုစော်ကားသလိုဖြစ်မှာ စိုးလို့ ) မပြောတော့ပါဘူး .. အကျဉ်းကိုပဲ ပြောပါမယ် … ။ ဇာတ်ကားထဲမှာ နာမည်ကြီး သက်ကြီးပိုင်း(မိဘအရွယ်) အကယ်ဒမီ အနုပညာရှင်နှစ်ယောက်ရယ် ၊ သရုပ်ဆောင်သစ်တွေရယ် ပါဝင်ရိုက်ကူးထားတာပါ ။ အဓိက သရုပ်ဆောင်(မျက်နှာသစ်) တစ်ယောက်က .. အနုရော ၊ အကြမ်းရော ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သွားတာ ချီးကျူးစရာပါပဲ … ။ ဇာတ်ကား အကျဉ်းက လင်ကံမကောင်းတဲ့ အမျိုးသမီးတစ်ယောက် ၊ စရိုက်ကတော နေထိုင်ရာ ၊ ဆုံကြရာ အခြေနေကြောင့် ကြမ်းတမ်းတယ်ပေါ့ …. မဟုတ်မခံ ၊ မှန်တယ်ထင်လျှင် ယောကျာ်းတွေနဲ့ပါ ခိုက်ရန်ဖြစ်ပွားဖို့ …  ဝန်မလေးသူမျိုးပေါ့ … ။ မိန်းမဖိုက်တာပေါ့ … ။ ယောကျာ်းကံမကောင်းတော့ … လင်သုံးလင်ကွဲပြီး လူလည်း မွဲတယ် ၊ ရပ်ကွက်ကလည်း အတင်းပြောတယ် ။ ရပ်ကွက်အတင်းပြောတဲ့ အထဲမှာ သူခံနိုင်ရည်ရှိပေမယ့် … ယောကျာ်းတွေ ဆိုးလို့ သူ့စုဆောင်ထားတာလေးကုန်တော့ ရွာက (တရားမဝင်)အပေါင်ဆိုင်မှာချေးငှားရတော့တာပေါ့ ။ မရှက်မကြောက်အလုပ်စုံလုပ်ပြီး ရှာစားပေမယ့် အကျိုးပေးအားနည်းတာကြောင့် ဈေးရောင်းတုန်းက ပြန်အမ်းစရာရှိတဲ့ ပိုက်ဆံ တစ်ရာကိုတောင် သူမအမ်းပဲ လူလည်လုပ် ဖျံကျခဲ့တယ် ။ သူလည်း သေတော့ … တစ်ရာပေးရမယ့် အိမ်မှာ ခွေးသွားဖြစ်တယ် ။ အဲ့ဒီအိမ်ကလည်း ခွေးကို ဂရုစိုက်ပါတယ် … သေချာ ကျွေးမွေးကြတယ် ။ နေ့ခင်းပိုင်းဆို အဲ့အိမ်က ကျွေးမွေးတာစားပြီး ညဘက်ဆို အပေါင်ဆိုင်တံခါးဝမှာ သွားစောင့်စောင့်ပေးရတယ် ။ ဒါကို ကျွေးမွေးတဲ့အိမ်က သမီးဖြစ်သူမကျေနပ်လို့… ပေါက်လိုက်တာ ခွေးနှဖူးပေါက်သွားတယ် …။ တစ်နေ့တော့ ခွေးက … ကျွေးမွေးတဲ့အိမ်က အကယ်ဒမီမင်းသမီးကြီးကို အိမ်မက်ပေးတယ် သူအပေါင်ဆိုင်မှာ အကြွေးကျန်လို့ ညဘက်ဆိုသွားစောင့်ပေးရတာပါပေါ့ ။ သူဟာ ရွာထဲက မိန်းမဖိုက်တာပါဆိုတဲ့အကြောင်းပြောတော့ အိမ်ရှင်အမျိုးသမီးကြီးက နောက်နေ့မှာ အပေါင်ဆိုင်ကိုသွားပြီး မိန်းမဖိုက်တာ ကျန်ခဲ့တဲ့ အကြွေးသွားဆပ်ပေးပါတယ် ။နောက်ထပ်ဘုန်းကြီးပင့် ၊သင်္ကန်းကပ်၊ ကုသိုလ်ကောင်းမ၊ှုပြုပြီးအမျှဝေတယ် ။ အမျှဝေပြီးနောက်ရပ်မှာ မိန်းမဖိုက်တာက ဝတ်ကောင်းစားလှနဲ့ကိုယ်ရောင်လာပြပြီး သူကောင်းရာမွန်ရာသွားတော့မယ်ဆိုပြီး လာနှုတ်ဆက်တယ် ။ အမျိုးသမီးကြီးလည်း ….မှင်သက်နေတုန်း မိန်းမဖိုက်တာအရိပ်ရောင်ပျောက်သွားကာ သတိဝင်လာမိပြီး အိမ်မှာမွေးတဲ့ခွေးနားကိုသွားကြည့်တော့ ခွေးသေနေပြီ ။ သိပ်မကြာခင်မှာပဲ ခွေးကိုထုထားတဲ့ အိမ်ရှင်အမျိုးသမီးရဲ့ သမီးမှာ ကိုယ်ဝန်ရှိတယ် … ကလေးမွေးလာတော့ ခွေးခေါင်းက ဒဏ်ရာလို အမှတ်လေးပါတယ် … ဇာတ်သိမ်းကတော့ .. လူပြန်ဖြစ်တယ်ပေါ့။ ဇာတ်လမ်း အစဆုံးက မိန်းမဖိုက်တာ အကြွေးမကျေပဲ သေတော့ ခွေးဖြစ်တယ် ။ အကြွေးဆပ်ပြီးသားကိုသာဓုခေါ်လို့ လူပြန်ဖြစ်တယ်ဆိုတာလေးကို ရိုက်ပြထားတာပါ … ။

အိုင်ဒီယာလေးကောင်းလို့ ကလေးတွေကို ပဲ့ပြင်ဆုံးမတဲ့အခါ ဟိုဟာမလုပ်ရဘူး ၊ ဒီဟာမလုပ်ရဘူး ၊ ဒီလိုဖြစ်တတ်တယ် စသဖြင့် သွန်သင်လို့ ရပေမယ့် … ရိုက်ထားတဲ့ ဇာတ်လမ်းကို ကျွန်မတူလေး ကြည့်အပြီး နားလည်မှုလွဲ ၊ အတုယူလွဲပါလေရော ။ ဇာတ်ကားထဲမှာ မင်းသမီးက ယောကျာ်းသုံးယောက်နဲ့ ဖိုက်တင်လုပ်တဲ့အခန်းပါတယ် ။ အဲ့ဒါကို ကြည့်ပြီး တူလေးစိတ်ထဲမှာ မိန်းကလေးက ပိုပြီး အားကြီးတယ် သုံးယောက်တစ်ယောက်တောင် ဖိုက်လို့ ရတယ် ၊ ဝမ်းဘိုင်ဝမ်းဆိုလျှင်တောင် ပိုပြီး ခံနိုင်ရည်ရှိတယ်အမှတ်နဲ့ … ကျူရှင်အတူတက်တဲ့ ကောင်မလေးရဲ့ ကျောပြင်ကို လက်ဝါးစောင်းသိုင်းကျွေးခဲ့ပါတယ် ။ သူ့အမေခမျာ ၊ ကလေးမိဘချင်းတောင်းပန်လိုက်ရတာ မျက်နှာလေး ဇီးရွက်လောက်နဲ့ … ကျူရှင်ဆရာမကိုလည်း မငြိုငြင်အောင်လက်ဆောင်တွေ ဝယ်ပေးရတာပေါ့ ။ အဖေရော အမေရော အနေအေးပါလျှက် ၊ လက်သွက်ခြေသွက်က သူ့အဒေါ်နဲ့ တူတာဆိုပြီး အလကားနေရင်း ကျွန်မက ခလုတ်တိုက်ခံခဲ့ရသေးတယ် ။

နောက်တစ်ခုက ဇာတ်ဝင်ကားထဲမှာပါတဲ့ ဇာတ်ဝင်ခန်းမှာ … ခွေးဖြစ်သူအဖြစ် လူရုပ်နဲ့ မျက်နှာကိုခွေးပုံခြယ်တဲ့ ဇာတ်ဝင်ခန်းပါတယ် ။ အဲ့ဒါကိုကြည့်ပြီး …. သူ့ဘိုးအေ အိပ်နေတုန်း ဆော့ပန်နဲ့ နှာခေါင်းကိုခြယ် ၊ နှုတ်ခမ်းမွှေးသွားဆွဲလိုဆွဲလုပ်တာ … ပူညံပူညံထဖြစ်ပါရောလား ။ မိဘတွေ မဆုံးမဘူး ၊ အလိုလိုက်တဲ့လူတွေလည်းလိုက်လို့ ဒီလိုဖြစ်တာဆိုပြီးသိမ်းကြုံး ဆူခံထိပါရောလား ။ ဒါတင်ပြသနာက မပြီးသေးဘူး … အဲ့ဒီထဲမှာ မင်းသမီးက မျက်နှာကိုခွေးလိုခြယ်ပြီး ခွေးစားခွက်ထဲ လေးဘက်ထောက်စားပြလိုက် ၊ တကယ့်ခွေးစားနေတဲ့ပုံကို ပြလိုက်နဲ့ လုပ်တာ … အတုမြင် အတတ်သင် အရွယ်ကျွန်မတူလေးက ထမင်းစားတိုင်းလေးဖက်ထောက် မျက်နှာနဲ့ ပန်းကန်ကပ်ပြီးလိုက်စားနေလို့ သူ့အမေဗျင်းခံထိပြန်ရော ။ ကလေးအတွက် ဗဟုသုတ နဲ့ စိတ်ပိုင်းဆိုင်ရာ လိမ္မာဖို့ … အထောက်ကူပြုမယ်ထင်တဲ့ ဇာတ်ကား …အရာရာကို ဆန်းစစ်လိုက်လုပ်တတ်တဲ့ အရွယ်ကလေးက အတုယူမှားခဲ့တာကြောင့် ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင် မသိတော့ပါဘူး ။

ဇာတ်ကားထဲ လွဲနေတဲ့အချက်တစ်ခုကိုလည်း ကျွန်မတွေ့ခဲ့ရပါသေးတယ် ။ အိမ်ရှင်ရဲ့ သမီး ကိုယ်ဝန်ကို ယောကျာ်းလေးမိန်းကလေး သိဖို့ … အက်ထရာဆောင်းရိုက်ရမယ်လို့ ဆရာဝန်ကပြောပြီး …. ၊ အက်ထရာစောင်းအဖြေအဖြစ် ဆရာဝန်လက်ထဲ ကိုင်ထားတာက ဓါတ်မှန်ပြားကြီးပါ ။ အဲ့ဒါကြီးကို ဟန်ပါပါထောင်ကြည့်လိုက်သေးတယ် ပြီးတော့ မိန်းကလေးတဲ့ … ရယ်လိုက်ရတာ .. အူကို နာနေတာပါပဲ ။ ကိုယ်ဝန်သည်ကို အက်ထရာစောင်းရိုက်တာ ၊ ဓါတ်မှန်ဖြစ်သွားတယ် … တတ်လည်း တတ်နိုင်ကြသူတွေပါပဲ ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကိုရိုက်တာ အက်ထရာစောင်းပါ ။ ကလေးလေးလအရွယ်ခန့်က စပြီး အထီးမခွဲခြားသိဖို့အတွက်ရိုက်ကြတာများတယ် ။ တချို့ကလည်း လနုတုန်း ကိုယ်ဝန်အနေထားလေး သိချင်လို့ …. ရိုက်ကြည့်ကြတယ် ။ ဒါပေမယ့် ဓါတ်မှန်ကိုတော့ … မရိုက်ကြပါဘူး .. သန္ဓေသား ထိခိုက်နိုင်တာကြောင့်ပါ … ။ဓါတ်မှန်ရိုက်ထားတဲ့နေရာကလည်း …. သားအိမ်ပိုင်းမဟုတ်ပဲ … နံရိုးကြီးကို ရိုက်ထားတာ .. ဟီး 😛  အခုဟာက ဗိုက်ကြီးကားယားနဲ့မိန်းမကို ဆရာဝန်က ဓါတ်မှန်ကြီးကိုင်ပြနေတာကတော့ … အလွန်လွဲမှားတဲ့ ပြကွက်ပါပဲ ။ တခြားနိုင်ငံက ဆေးလောကအကြောင်းနားလည်သူတွေ ၊ ဆရာဝန်တွေသာ ဒီဇာတ်ဝင်ခန်းကို အမှတ်မထင်ကြည့်မိလျှင်…. အော်များ ရယ်မိကြမလားပဲ ။ တခြားသော ကျေးလက်ဒေသ တောဘက်က ကိုယ်ဝန်သည်တွေ ၊ ကျန်းမာရေး ဗဟုသုတအားနည်းတဲ့ အမျိုးသမီးတွေ အမှတ်မထင် ဒီဇာတ်ဝင်ခန်း ကြည့်မိတယ်ဆိုလျှင် .. သူတို့ခေါင်းထဲကို … ကိုယ်ဝန်လွယ်နေတုန်း ဓါတ်မှန်ရိုက်လို့ ဘာပြသနာမှမရှိဘူးဆိုတဲ့ အတွေးမှားဝင်ကောင်းဝင်သွားနိုင်ပါတယ် …. ။ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်တဲ့နေရာက ဆေးခန်းတစ်ခုမှာ ဖြစ်ပါလိမ့်မယ် ….. ။ ဒီလို ရိုက်ကူးမှုပြုနေချိန် … ဆေးခန်းက တစ်ယောက်ယောက်များ သတိမထားမိဘူးလား ။ မှားယွင်းတာ ထောက်မပြရဲလို့ပဲ ဒီလို ပြကွက်ထွက်လာသလားဆိုတာတော့ စဉ်းစားလို့ကိုမရတော့ပါဘူး ။

နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာတောင် မြန်မာဇာတ်လှမ်း တစ်ချို့ သွားပြနေကြသေးတာပါပဲ … ဒီလို ပြီးစလွယ်ရိုက်ကူးမှုတွေကြောင့် …. အကျဉ်းမတန်စေချင်ပါဘူး ။ အရည်သွေးမကျစေချင်ပါဘူး ။ ကလေးတစ်ယောက်ကို ပညာပေးအနေနဲ့ သွန်သင်ချင်လို့ ရုပ်ရှင်ပြမိပါတယ်  … နောက်တစ်ခါ ရုပ်ရှင်ကြည့်ချင်စိတ်တောင် ကုန်ခမ်းမိပါတယ် ။ ဒီလို မပီမသ သဘာဝမကျတဲ့ ဇာတ်ဝင်ခန်းတွေ ၊ အံဝင်ခွင်ကျ ဖြစ်မနေတာတွေ ဇာတ်ကားအချို့မှာ ပါနေလို့လဲ … ရုပ်ရှင်ကြည့်ဖို့ ဝါသနာမပါတော့တာလို့ ခံစားမိပါတော့တယ် ။

 

 

 

(လူတိုင်း အပြစ်မကင်းကြပါဘူး … ဖန်တီးသူတွေလည်း နတ်ဒေဝါတွေမဟုတ်လို့ … 100%ဟာကွက်မရှိအောင် မရိုက်ကူးနိုင်တာ လက်ခံနားလည်ပေးပါတယ် ဒါပေမယ့် တစ်ချို့သော အလွဲလေးတွေက ပရိတ်သတ်ဘက်မှာ လွဲမှားတဲ့ အယူဆမျိုးဖြစ်စေပြီး တစ်စုံတစ်ရာ နစ်နာမှုတွေဖြစ်လာနိုင်တဲ့အတွက် …. ပရိတ်သတ်တယောက်အနေနဲ့ ..ထောက်ပြပေးခြင်းသာဖြစ်ပါတယ် ။ အမှားပါက … ခွင့်လွှတ်ကြပါရန်နဲ့ … ရုပ်ရှင့်အဆင့်တန်း ပိုမိုတိုးတက်မြင့်မားပါစေလို့ …. စိတ်ရင်းနဲ့ … ဆုတောင်းပေးလိုက်ပါတယ် ။ )

22 comments

  • Khaing Khaing

    May 18, 2012 at 2:47 pm

    မမတုံရေ …… အဲဒီကားကို ကြော်ငြာပဲကြည့်ဖူးတယ် ……. ဗိုက်ကြီးတဲ့လူကို ဘာလေးလဲသိအောင် ဓာတ်မှန်ရိုက်ရင်သိတယ်ဆိုတော့လည်း အဆန်းသားနော် ……… အဟိ ….. မမတုံပြောလို့ မခိုင်မနေ့က ကြည့်တဲ့ရုပ်ရှင်ကားထဲက ဟာကွက်တစ်ကွက်ကိုပြောချင်ပါတယ် …….. ကားနံမည်က အသံတွေကြားနေရတယ်ဆိုလားပဲ ကြာတော့ကြာပါပြီ ……… မင်းသားက မိန်းကလေးတွေပြောတာဆို သူကကြားနေတယ်လေ …… အဲဒီကားထဲမှာ သက်ထားဆိုတဲ့ကောင်မလေးက မဟုတ်တာလုပ်တာကို သီဟ ဆိုတဲ့ကောင်လေးကနောက်ကလိုက်ချောင်းတယ်လေ ကောင်မလေးကားပေါ်ကဆင်းပြီးအိမ်ပေါ်လား ဘယ်လဲမသိတက်သွားတယ် ……. သီဟကနောက်ကချက်ခြင်းလိုက်တယ် …. သီဟကားပေါ်က ဆင်းတဲ့အချိန်မှာ သက်ထားကအခန်းထဲဝင်သွားတယ် သီဟလည်းလှေကားရောက်ရုံရှိသေး သက်ထားကအကျီလဲပြီး နောက်အခန်းတစ်ခုထဲကိုဝင်သွားတယ် မြန်လိုက်တာ အကျီလဲတာက ……….. အဲသလို ရုပ်ရှင်ကားအဖြတ်အတောက်တွေကညံ့တာ ……. တစ်ခါတစ်ရံ မြန်မာကားကြည့်ရတာ ရင်မောတယ် ဖြည့်တွေးပေးနေရလို့လေ ………

  • ဗိုက်ကလေး

    May 18, 2012 at 3:03 pm

    အူးလေး တူက မောင်ပေ့ရဲ့ နဝမမြောက် ဘေဘီနဲ ့ ချွတ်စွတ်ပဲဗျာ
    အတုခိုးတဲ့နေရာမှာ ဆလံပဲ.
    အဲခလေးဆို မောင်ပေဘီအီးသောက်ရင် သူလဲ သူ ့အဖေလို လိုက်မော့တာဗျ (နွားနို ့ခွက်ကိုပြောဒါဘာ..)
    ကြီးလာရင်တော့ မလွယ်ဘူးဗျာ..

    မြန်မာဗွီဒီယိုလွဲချက်တွေကတော့ ပြောမကုန်လို ့ပြောတော့ပါဘူး

  • Ch@vez

    May 18, 2012 at 3:15 pm

    ဗမာကားတွေကြည့် ကလေးတွေ အတုယူမှား

    ကိုရီးယားကားတွေကြည့် စကီလေးတွေ အတုယူမှား
    (ဒန်တန့်တန်တွေဖြစ် …. ကောင်းတော့လည်း ကောင်းသား …မပင်ပန်းဘူးပေါ့ဟီး)

    ဟောလီးဝုဒ်ကားတွေကြည့် ဘဲဘဲဒွေ အတုယူမှား
    (နိဖော်စပိ တွေ ဖာစ့် အင်သည်ဖျူးရီးယက်စ်တွေ လိုက်လုပ်)

    ရှုပ်ပါတယ်အေ …ဦးဖွတ်ကျား ကိုပြောပေးပါ…
    ရုပ်ရှင် ရိုက်ကူး-တင်သွင်း-ပြသ-ကြည့်ရှု ခွင့် ကို ပိတ်လိုက်ပါတော့လို့
    😀

    နောက်တာပါဗျာ .. တကယ်တော့
    ကျုပ်တို့ ကိုယ်ခံအားကောင်းဖို့သာ လိုပါသည်…

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • TTNU

    May 18, 2012 at 3:18 pm

    အိတုန်ရေ…
    ရေးချက်ကတော့ ထိမိသကွဲ့။
    ဇာတ်လမ်းထဲကအလွဲများဆိုပြီးရေးရင်ကောင်းမယ်။
    အမေအိုကြီးသေတာခြေထောက်ကို ကိုင်ငိုခဲ့တဲ့ ဒွေးကိုမှတ်မိလား။
    မအေအိုရဲ ့ (ချိုပြုံး) ခြေသည်းရှည် စူးပြီလို့ထင်ရတယ်နော်။ 😆

  • Khin Latt

    May 18, 2012 at 3:56 pm

    တုံကလေး

    အဲဒါမျိုး ရုပ်ရှင်တွေမှာ မှားတဲ့ အမှားတွေကို စောင့်ကြည့်ပြီး အမှားထောက်ပြတဲ့ ပရိုဂရမ်တွေ တီဗီမှာပြတယ်။
    တကဲ့ စူပါ့ စူပါ ကားတွေမှာတောင် အမှားမကင်းဘူး ဆိုတာတွေ့ရတယ်။
    ဒါပေမဲ့ အမှားကြီးက နည်းပါတယ်။
    တစ်ချို့ ကားတွေ ကတော့ တကဲ့ကို ပေါ့ပေါ့ဆဆ နဲ့ မမှားသင့်တဲ့ အမှားတွေ။
    ဥပမာ – ပြကွက် တစ်ခုက တစ်ခု အကူး မင်းသမီး/သား အဝတ်အစား တူသင့်ပါရက် လွဲနေတာမျိုး။

    တုံတုံ ထောက်ပြတဲ့ “အက်ထရာဆောင်းရိုက်တာ” မျိုး ဟာ ဗဟုသုတမရှိတာလား၊ လွယ်ကူရာ လုပ်လိုက်တာလား ဆိုတာ စဉ်းစားသင့်တယ်။
    “အက်ထရာဆောင်းရို” ဆိုတာကို တောရွာက လူတွေ မသိနိုင် ရင်တောင် အမှန်လေး ရိုက်ပြနိုင်ရင် သူတို့လဲ ဗဟုသုတရသွားမယ်။
    ဆိုတော့ကာ
    ဒီနေ့ ကစပြီး သူကြီးမှ “တုံတုံလေး” အား ထွက်သမျှ ရုပ်ရှင်များကို ကြည့်ရင် စပွန်စာပေးပါ။
    ပြီးလျှင် “တုံတုံ” မှ အမှားများ ကို အတင်းရအောင်ကြည့်၍ ဝေဖန်ပါရန် အဆိုတင်သွင်းပါ၏။ 😀

  • etone

    May 18, 2012 at 3:58 pm

    မခိုင်ရေ ..ပြောရမယ်ဆိုလျှင် .. လွဲတာထက် ..မှားနေတာက ဆိုးတာ … ။ တစ်ချို့ အလွဲတွေက … လွဲလို့ လွဲမှန်းတောင် သိပ်မသိသာလိုက်ဘူး .. ဒ ီတစ်ခါရုပ်ရှင်ရတော့ .. ရယ်လည်း ရယ်ချင်မိတယ် … ။ ဒီကြားထဲ တူဖြစ်သူ .. မျောက်ကလေးက …တောက်တီးတောက်တဲ့တွေ လျှောက်လုပ်တော့ … အိမ်မှာတောင် မုန်တိုင်းဖြစ်သွားသေးတယ် .. ဟိ .. 😀

    ဗိုက်ကလေးရေ .. မောင်ပေရဲ့ … ပထမဆုံးသား ဟိုစိတ်မနှံ ့တဲ့ကလေး ဗေးကလိုက်နဲ့ဆိုလျှင်လည်း ချွတ်စွပ်တူတယ်မို့လား .. အဖေက .. တစ်ခွက်ဆို .. သူက တစ်လုံးကုန်နေပြီ … ။(စပျစ်သီး၊ ဆီးသီးကိုပြောပါတယ် 😛 )

    ကိုဂီရေ .. စိတ်ဖိစီးမှုနဲ့ ကိုခံအားကောင်းဖို့ .. အန်နာဗွန်စီသောက်ပြီးမှ ရုပ်ရှင်ကြည့်တော့မယ် :mrgreen:

    တီချယ်ကြီးရေ … ဒွေးရဲ့ အမေ့ခြေရာ ကားကလည်း … နာမည်ကြီး သလောက် ပြောစရာဖြစ်ခဲ့တဲ့ ကားပေါ့နော် …ဇာတ်လမ်းထဲက အလွဲများဆိုပြီး … ရေးချင်စိတ်တော့ဖြစ်မိပေမယ့် …ရုပ်ရှင်လောကရဲ့ … မေတ္တာမခံယူဝံ့တာကြောင့် … လက်ရှောင်လိုက်ပါတယ် ..ဟီး 😛

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 18, 2012 at 4:18 pm

    မအိတုန်က အန်နာဗွန်စီ သောက်နေကျထင်တယ် ….

  • ကျနော်ရုပ်ရှင်ရုံမှာနောက်ဆုံးကြည့်ခဲ့တဲ့ကားက လျှို့ဝှက်သောနှင်း
    မြန်မာကားကို ဘယ်ချိန်ကြည့်သလဲဆိုရင် ခရီးသွားတဲ့အခါ ကားပေါါ်မှာကြည့်ပါတယ်။

    အခုကြည့်ရတဲ့ကားတွေမှာ ဘာထူးခြားလဲဆိုတော့ ဇာတ်ရံရောမင်းသားပါ
    အခြောက်တွေလို မိန်းမလို သရုပ်ဆောင်နေတာကို အတော်လေးကို သဘောတွေ့နေပုံပါဘဲ။

  • Phaung Phaung

    May 18, 2012 at 5:02 pm

    ဟုတ်တယ်… ဦးပေါက်ပြောသလိုပဲ အခြောက်လိုသရုပ်ဆောင်ကြတာလေ။ ကြည့်ရတာ ရယ်နေရတော့ သဘောကျတယ်။
    အီးတုံးရေ … တို့ကတော့ ဇာတ်လမ်းဆို ဟာသပဲကြည့်တယ်။ ငိုရတဲ့ကားတွေလုံးဝမကြည့်ဘူး။ စိတ်တင်း
    ကျပ်လို့။ ပေါ့ပေါ့ပါးပါးရယ်ရတာလေးတွေပဲကြည့်တယ်။

  • windtalker

    May 18, 2012 at 7:11 pm

    etone ရေ အချိန်ရတယ်ဆိုရင် ၊ စူပါနေချရယ် ဇါတ်လမ်းတွဲလိုက် ကို ကြည့်စေချင်သကွဲ ့။

  • ဦးဦးပါလေရာ

    May 19, 2012 at 12:05 am

    မနေနိုင်တော့လဲ ဝင်ပြောရဦးတော့မှာပေါံ့…
    အဲဒီဇတ်ကားဟာ တင်ပြပုံညံ့ယုံမက
    တင်ပြပုံလဲမှားပါတယ်
    ရည်ရွယ်ချက်လဲ မှားပါတယ်။
    သူများပိုက်ဆံကို နောင်ဘဝခွေးဖြစ်ရမှာကြောက်တာကြောင့် ပြန်ဆပ်ရမှာမဟုတ်ပါဘူး
    သူများပိုက်ဆံမို့လို့ ပြန်ဆပ်ရမှာပါ။
    အဲသလို- (အကြောက်တရားနဲ့ယှဉ်တဲ့အသိမဟုတ်တဲ့) ကိုယ်ကျင့်တရားနဲ့ယှဉ်တဲ့အသိမျိုး
    ထည့်ပေးသင့်တာ……

  • kai

    May 19, 2012 at 3:28 am

    ဦးပါကိုထောက်ခံရင်း.. ဆက်ပြောမယ်..

    မြန်မာပြည်က.. ဂျာနယ်မဂ္ဂဇင်း.. ဝတ္ထုတွေမှာလည်း..
    အဲဒိလို ၁ယောက်၃ကိုယ်ခွဲဇတ်လမ်းသရုပ်ဖေါ်တွေ.. ရပ်တန်းကရပ်သင့်ပါပြီလို့..

    အတွေးအခေါ်ပိုင်း.. အထွေထွေချစားယိုယွင်းမှုဖြစ်စေလို့ပါ..
    ဒါကို.. ကိုယ်တိုင်က… အသိတရားနဲ့ထိန်းမယ်..
    သူများကို တိုက်တွန်းပြောပြမယ်ဆိုရင်.. ကြယ်ငါးတွေကောက်ပစ်တာထက်ထိရောက်တဲ့.. (တကယ်အရွေ ့ရှိတဲ့အလုပ်)ဖြစ်မှာပဲ..
    ကြယ်ငါးတွေ.. အချင်းချင်းဖေးမပြီး.. ပင်လယ်ထဲဆင်းသွားကြလိမ့်မယ်..

    တကယ်.. :mrgreen:

    • MaMa

      May 19, 2012 at 7:08 am

      ကြယ်ငါးတွေ အချင်းချင်းဖေးမပြီး ပင်လယ်ထဲ ဆင်းသွားကြလိမ့်မယ်…
      ဆိုတဲ့ သဂျီးစကားကိုတော့ လက်မထောင်ပေးချင်စိတ်တောင် ပေါက်လာတယ်။
      လူကြီးတွေ ပြောလို့ ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။
      ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ် ရှိတယ် တဲ့။
      ဆိုလိုတာက မချမ်းသာချင်ကြလို့ကို ဆင်းရဲတာကြတာတွေက အများသား။
      (အင်းးးးးးး အဘဖောထက် ပိုများတဲ့ ရွာမေတ္တာ၊ မြို့မေတ္တာ၊ နိုင်ငံ့မေတ္တာတွေ ခံယူရတော့မယ် ထင်တယ်။) 🙁

      • Foreign Resident

        May 19, 2012 at 8:20 am

        ” မချမ်းသာချင်ကြလို့ကို ၊ ဆင်းရဲကြတာတွေက အများသား ”
        မဝံ့မရဲလေး ၊ ထောက်ခံသွားပါတယ် ။ ဟဲဟဲ ။

        ” အင်းးးးးးး အဘဖောထက် ပိုများတဲ့
        ရွာ့မေတ္တာ၊ မြို့မေတ္တာ၊ နိုင်ငံ့မေတ္တာတွေ ခံယူရတော့မယ် ထင်တယ် ”

        ဟဲဟဲ ၊ ပြိုင်ချင်တယ်ပေါ့လေ ။
        ဒီလို နေရာမျိုးကတော့ လုကောင်းစရာမှ မဟုတ်တာ ။
        ယူစေဗျား ၊ ယူစေ ။

      • MaMa

        May 19, 2012 at 9:28 am

        ပြောဖို့ကျန်ခဲ့လို့။
        ကင်မရာကျတော့ ၁ဝသိန်း သိန်း ၂ဝ တွေကိုင်ပြီး
        အယောင်ဆောင်၊ အရေခြုံ မွဲပါတယ် ပြောနေတာမျိုးကျတော့ ….. 😛

  • kyeemite

    May 19, 2012 at 4:24 am

    ပြောကို မပြောချင်တော့ပါဘူးဒေါ်အီးတုံးရယ်..

  • ရွာစားကျော်

    May 19, 2012 at 7:15 am


    တုံတုံတို့ တူဝရီး နဲ့မှ တွေ့တတ်ပါပေ့
    ကျုပ်လည်း မြန်မာကားဆို မကြည့်ဖြစ်တာ ကြာပေါ့ …

  • ကြောင်ကြီး

    May 19, 2012 at 10:21 am

    သဂျီးဂ ကလန်ကဆန် လုပ်မဲ့သာလုပ်နေဒါ သူ အတိတ်ဘဝဂ ယူထားဂဲ့လို့ အကြွေးပြန်ဆပ်နေရဒါ ရွာထဲမှာတင် သုံလေးဦးရှိနေဘီ။.. သိရသလောက် (၁) အီးဒုံး (၂) ရွာဒေါ်ရှင်ဆူး (၃) မန်းလေးဦးပေါက် (၄) မနောဖြူလေး
    မဟုတ်ဘူးလို့ မလိမ်နဲ့နော် သဂျီး… ရပ်သိရွာသိ အထောက်အထားရှိ၏.. 😆

  • htet way

    May 19, 2012 at 10:53 am

    ဆရာမလေး ရေးတာ ကောင်း ပါတယ်
    ဒီ ဗဟုသုတ ကို အများလည်းရစေချင်တယ်
    နောက် ဒီအကြောင်း အရာ ကို ဂျာနယ်တခုခုမှာ ထည့်စေချင်ပါတယ်။
    တခုပြောချင်တာက ဂေဇက်က စာရေးသူတွေဟာ စာရေးဆရာ လက်တွေပါ
    တကယ်ရေးရင် တကယ် ဖြစ်မယ့်လူတွေ လို့ ပြောချင်ပါတယ်။

  • char too lan

    May 19, 2012 at 11:14 am

    ဒါပေမယ့် ဓါတ်မှန်ကိုတော့ … မရိုက်ကြပါဘူး .. သန္ဓေသား ထိခိုက်နိုင်တာကြောင့်ပါ … ။ အခုဟာက ဗိုက်ကြီးကားယားနဲ့မိန်းမကို ဆရာဝန်က ဓါတ်မှန်ကြီးကိုင်ပြနေတာကတော့ … အလွန်လွဲမှားတဲ့ ပြကွက်ပါပဲ ။ တခြားနိုင်ငံက ဆေးလောကအကြောင်းနားလည်သူတွေ ၊ ဆရာဝန်တွေသာ ဒီဇာတ်ဝင်ခန်းကို အမှတ်မထင်ကြည့်မိလျှင်…. အော်များ ရယ်မိကြမလားပဲ ။ တခြားသော ကျေးလက်ဒေသ တောဘက်က ကိုယ်ဝန်သည်တွေ ၊ ကျန်းမာရေး ဗဟုသုတအားနည်းတဲ့ အမျိုးသမီးတွေ အမှတ်မထင် ဒီဇာတ်ဝင်ခန်း ကြည့်မိတယ်ဆိုလျှင် .. သူတို့ခေါင်းထဲကို … ကိုယ်ဝန်လွယ်နေတုန်း ဓါတ်မှန်ရိုက်လို့ ဘာပြသနာမှမရှိဘူးဆိုတဲ့ အတွေးမှားဝင်ကောင်းဝင်သွားနိုင်ပါတယ် …. ။
    ==============
    `အဲ့ဒီအခန်းဖြတ်´ ဆိုတဲ့ ဇာတ်လမ်းတိုထဲမှာ ဆေးပညာပိုင်းအတွက်က တစ်ယောက်၊ သာသနာပိုင်းအတွက်က တစ်ယောက်၊ ယဉ်ကျေးမှုပိုင်းအတွက်က တစ်ယောက်၊ —-ပိုင်းအတွက်က တစ်ယောက်၊ ——ပိုင်းအတွက်က တစ်ယောက် …. ချင်းစီက မသင့်တော်တာကို တွေ ့ရင် `အဲ့ဒီအခန်းဖြတ်´ `အဲ့ဒီအခန်းဖြတ်´ ဆိုပီးအော်ကြတာတွေ ့တယ် … အဲ့ဒီကားဆင်ဆာတင်တော့ ဆေးပညာပိုင်းကလူ ဘာလုပ်နေလဲမသိဘူး ။ အခုရော.. အဲ့ဒီနေရာဘယ်သူ့ခန့်ထားလဲမသိဘူး …. ရှော့ရှိတယ် .. 🙁

    • etone

      May 19, 2012 at 11:31 am

      ချာတူးလေးရေ … အမှားဆိုတာ လူတိုင်းမကင်းပါဘူး လူတိုင်းမှားနိုင်ပါတယ် ဒါပေမယ့် တချို့သော အမှားတွေရဲ့ သက်ရောက်မှုက အတိမ်နက်အတော်တာသွားတယ် ။ ဥပမာပေါ့ …. ရုပ်ရှင်ရိုက်နေတဲ့အချိန် .. အသံအတွက် မိုက်သွယ်ထားတာ .. ရိုက်ကွင်းထဲ ခေါင်းပေါ်က မိုက်ကြီးပါလာတာမျိုး ခဏခဏတွေ့တယ် … မီးထိုးထားတာ မငြိမ်တော့ … ရေသံလျှပ်ထသလို ပြေးနေတာမျိုး .. တစ်ခါတစ်လေ မီးထိုးတာ မညီတော့ .. မျက်နှာနဲ့ လည်ပင်းအသားရောင်ကွာနေတာမျိုး .. ဒါတွေက …အမှား၊အလွဲလေးတွေဆိုပေမယ့် .. လူကို ဒုက္ခမပေးဘူး ။ အခုလိုမျိုး .. ကျန်းမာရေး ကိစ္စနဲ့ ဆိုင်တဲ့ အလွဲကျတော့ … ဘယ်လိုပြောရမလဲ … ဗဟုသုတအားနည်းသူတွေကြည့်လျှင် ကိုယ်ဝန်သည် ဓါတ်မှန်ရိုက်လည်း ပြသနာမရှိဘူးဆိုတဲ့ မက်စေ့ချ်မျိုး ရသွားနိုင်တယ် … ။ ဓါတ်မှန်ရိုက်လျှင် သန္ဓေသား ထိခိုက်နိုင်တာကြောင့် … ဒီလိုအမှားမျိုးက အန္တရာယ်ကြီးတဲ့ အမှားမျိုးပါ … ။ သတိပြု ဆင်ခြင်ဖို့ရာ .. ဝေဖန်ထောက်ပြပေးလိုက်တာပါ ။

  • etone

    May 19, 2012 at 11:23 am

    အရီးလတ်ရေ .. ရုပ်ရှင်တွေက အမှားတွေကို ထောက်ပြတဲ့ပရိုဂရမ်ရှိလျှင်တော့ မိုက်တယ် … ။ ဒါမှလည်း … ဒီလိုအမှားမျိုးနောက်တစ်ခါ ထပ်မဖြစ်တော့ဘူးပေါ့ … ဥပမာလေ .. ပင်လယ်စီးသဘောင်္ကြီးပေါ်က ကပ်ပတိန်စကားပြောတဲ့အခန်းလိုမျိုးမှာ ပြတင်းပေါက်က … ကုန်းပေါ်က အိမ်ပါနေတာမျိုးတွေ ခဏခဏတွေ ့ရတယ် … မသိသာလို့လည်း ရိုက်ကူးသူတွေ သတိမထားမိတာဖြစ်မယ် … ။ ပင်လယ်ပါဆိုမှ ကမ်းမမြင်လမ်းမမြင်ဖြစ်ရမှာ .. အဟီး ။ 😛
    ဗျို့ သဂျီး ……အရီးလတ်တင်သွင်းတဲ့ အဆိုအတိုင်း … ထွက်သမျှ ကားစပွန်ဆာပေးပါဗျို့ ..ဟိဟိ 😛

    ကိုဟိန်းဝင်းရေ … အန်နာဗွန်စီ မလိုအောင်ကို လူက activeဖြစ်လွန်းလို့ …. ..စပ်စလူး နတ်ပူးနေသလိုမနေနဲ့လို့ ခဏခဏပြောခံရတယ် 😆

    လေးပေါက်ရေ … လှို့ဝှက်သောနှင်းဇာတ်ကားက စာရေးဆရာမ ဂျူးရဲ့ …ကြယ်စင်တံတား ကမ်းပါးနှင်းဖြူဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားတာ ထင်တယ်နော် … ။ ရေခဲတောင်နဲ့ သဘာဝ အလှ ၊ ရာသီဥတုအထိတွေ ့တွေကို မြင်ရတာ .. သဘောကျမိတယ် … ။ ခုနောက်ပိုင်းလေးပေါက်ပြောသလို အခြောက်ဇာတ်ကားတွေခေတ်စားလာတယ် ..ဟိုးတစ်လောက ကြော်ငြာထားတာ … တစ်ကားလုံးအခြောက်တွေချည်းပါပဲ … ။ဇာတ်လမ်းဇာတ်အိမ်ထက် …. ဟာသကိုဦးစားပေးထားတော့လည်း … ရုပ်ရှင်ရုံတွေ ဝက်ဝက်ကွဲပါပဲ … ။ 😛

    Phaung Phaungရေ .. ဇာတ်ကားတွေက ထွေလာပြတာတော့ဟုတ်နေတာပါပဲ ..တကယ်ကြည့်တော့မှ .. သိပ်ပြီး ဖီးလ်မလာတော့ဘူး .. ။ တပုဒ်လုံးဟာသကား ရွေးချယ်ဖို့ကျတော့လည်း … မလွယ်ပြန်ဘူး .. ဒီတော့ သေချာရယ်ရမယ့် Mr.Beanလိုကားမျိုးပဲ ကြည့်တော့တယ် 😀

    ကိုပေရေ … စူပါနေထရယ်လ်ကားကို ထွက်သမျှအတွဲလိုက်ဝယ်ကြည့်ဖြစ်ပါတယ် .. မဖြစ်နိုင်တာကို သိသိကြီးနဲ့ … စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တင်ပြချက်တွေ ၊ ဂမီ္ဘရ အစီရင်တွေက ဘာသာခြား(ခရစ်ယာန်) လူမျိုးတွေမှာလဲ ရှိပါလားဆိုပြီး … စိတ်ဝင်စားစွာနဲ့ ကြည့်ဖြစ်တယ် … အံမယ် ..သူတို့ဘာသာမှာလည်း ဘုရားစာရွတ်ပြီး ၊ ပရိတ်ရေဖျန်းတာမျိုး ရှိတယ် … ။ လက်ဝါးကပ်တိုင်ပြပြီးနှင်တာမျိုး စည်းချားတာမျိုးလည်းရှိတယ် ဟီး ။ အခုကြည့်နေတဲ့ THE SECRET CIRCLE , ဆိုတဲ့ကားရယ် .. မဖြစ်နိုင်မှန်းသိပေမယ့်..သွေးစုတ်ဖုတ်ကောင် TRUE BLOOD , THE VAMPAIRE DIARIES ဆိုတဲ့ ကားတွေလည်း .. အတွဲလိုက်မလွတ်တမ်းအားပေးနေတယ် … ။

    ဦးဦးပါလေရာရေ … အကြောက်တရားနဲ့ယှဉ်တဲ့အသိမဟုတ်တဲ့) ကိုယ်ကျင့်တရားနဲ့ယှဉ်တဲ့အသိမျိုး
    ထည့်ပေးသင့်တာဆိုတဲ့ စကားလေးတော့ ကြိုက်သွားပြီ … ။ စိမ်းပေးခဲ့ပါတယ်နော် … ။

    သဂျီးရေ ….. အဲ့လို တယောက်သုံးကိုယ်ခွဲတဲ့ ဇာတ်လမ်းက ရုပ်ရှင်တွေမှာရှိတာမဟုတ်ဘူးလား ။ စာပေဘက်မှာ ဘယ်လို သုံးယောက်ခွဲတာလဲ… ။ ရုပ်ရှင်မှာတော့ သရုပ်ဆောင်ခ သက်သာအောင် … အမေဖြစ်လိုက် သမီးဖြစ်လိုက် ကိုယ်ခွဲသုံးတာတော့ တွေ့ဖူးတာပဲ ။ ကြယ်ငါးတွေ အချင်းချင်း လက်တို့ပြီး ပင်လယ်ထဲ ဆင်းသွားပါမယ်ဆိုတဲ့ စာသားကတော့ … လုံးဝလန်းတယ်နော် … ဟီး 😀

    အန်တီမမရေ … ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ် ရှိတယ် တဲ့။
    ဆိုလိုတာက မချမ်းသာချင်ကြလို့ကို ဆင်းရဲတာကြတာတွေက အများသား။
    ဆိုတာကလည်း … ကွက်တိကို မှန်နေပါရော ။ ကိုယ်တိုင်ကိုယ်က … လွတ်လမ်းမရှာပါပဲ၊ ရွေ့လျားဖို့မကြိုးစားပါပဲ …သဲသောင်ပြင်ပေါ် … ပက်လက်မျောနေမယ်ဆိုလျှင် …နေပူလွန်းတာနဲ့ ကြယ်ငါးလေးတွေခြောက်ကုန်တော့မှာပါပဲ ။

    အဘဖောရေ …..မြို့မေတ္တာခံယူတာကလည်း လွယ်တာမှတ်လို့ … ၊ ဘယ်သူနဲ့မှ မတူအောင် ကန် ့လန့်တိုက်နိုင်မှ …ချဉ်ချဉ်နဲ့ နာမည်တော့ကြီးသား … ဥပမာ .. ကိုဘုန်းကျော်လို လူမျိုးပေါ့ … 😀
    (ဟိုလူကြီး.. မနေ့ကပြောသလို … အမြီးပြတ်နားရွက်ကျိုးနေလို့ …ဆေးသွားကုနေတုန်း ရန်စလိုက်ဦးမယ် … )

    ဦးမိုက်ကြီး … ကန်ပေါင်ပေါ်မှာလို … လက်သီးလက်မောင်းတန်းပြီး …ပြောကို မပြောချင်တော့ပါဘူးဒေါ်အီးတုံးရယ်..လို့ ပြောသွားသလို မျက်လုံးထဲ ပုံဖော်ကြည့်မိပါတယ် အဟိ 😆

    ကိုရွာစားကျော်ရေ .. အတုမြင်အတတ်သင် ကလေးတွေအတွက် … မိဘတို့ရဲ့ ရွေးချယ်ပေးမှုက အရေးကြီးတယ် … ။ ကျွန်မတူလေးက ခြောက်နှစ် ၊ ကိုရွာသားကျော်သားလေးက သုံးနှစ် … ဒီအရွယ်လေးတွေက … အရာရာကို စူးစမ်းသင်ယူနေတဲ့အချိန် ၊ မှန်ဧ။် မှားဧ။် မခွဲခြားတတ်ပဲ … မှတ်မိသလို အတုယူနေတာမို့… မိဘများအစား ရင်လေးမိပါတယ် … ။

    ကိုကြောင်ကြီးရေ … သဂျီးဆီက အကြွေးရသူထဲ .. ဦးဖက်ကြီးလည်း ပါမယ် ထင်တယ် … ။ နောက်ပြီး.. ဘရုပ်တို့ .. လူတလုံးတို့လည်း ရပြီးပြီထင်တာပါပဲ … ။နောက်အကြွေးတောင်းမယ့်လူတွေလည်း … တန်းစီနေပါသေးကြောင်း …. ဟိဟိ :mrgreen:

    ဆရာထက်ရေ … အတွေ့ကြုံလေးတစ်ခု ပေါ့ပေါ့ပါးပါးရလိုက်တာ ဗဟုသုတရတယ်ဆိုလို့ ဝမ်းသာမိသလို …ကျေးဇူးလည်းတင်ပါတယ် ။ ဒီဆိုဒ်ထဲမှာ စာရေးတာက … စကားလုံးအသုံးနှုန်းနဲ့ … ထိထိမိမိခိုင်းနှိုင်းချက်တွေ ထည့်ရေးလို့ ရတယ် … ပါ့ဘလစ်လုပ်လိုက်လျှင်ပဲ…ကိုယ်ရေးသမျှ သူများကို ရှဲလို့ ရပြီပေါ့ … ။ ဂျာနယ်တွေမှာကတော့ ..အ ယ်ဒီတာ စိတ်ကြိုက်ဖြတ်ညှပ်ကပ်လုပ်တာမျိုးရှိပြီး ကိုယ့်စိတ်နဲ့ ကိုယ့်စာ မဖြစ်တော့သလိုတော့ .. ခံစားမိလို့ပါ ။ အခုနောက်ပိုင်း …. မီဒီယာလောကထဲ …စကား အထာကောက်တာမျိုး ၊ ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်တာမျိုးကို ..တရားစွဲဖို့ပဲ စောင့်နေတော့လေ … ဘယ်လိုပြောရမလဲ …ဘောင်ထဲက ငါးလေးတွေလိုခံစားရမှာ ကြောက်တယ်ပေါ့ … ။

Leave a Reply