လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ -၁

လင်းဝေMay 18, 20121min19712

နွေရာသီ ကျောင်းပိတ်ရက်တွေမှာ များသောအားဖြင့် အိမ်ကိုပြန်မနေပဲ အဆောင်မှာပဲ နေဖြစ်တယ်။ အဓိကတော့ အဆောင်မှာ နေရင် ကိုယ်နေချင်သလို နေလို့ရတယ်။ အရက်မူးပြီး ပြန်လာလဲ အဆင်ပြေတယ်။ မနက် အိပ်ယာက ထချင်တဲ့အချိန်ထလို့ရတယ်။ မနက်အိပ်ယာက စောစောထပြီး “ကမာ္ဘဦးက နေ့လိုပဲ နွေနံနက်ခင်းရဲ့ လှပုံထူး” တို့ဘာတို့ ထလုပ်ပြီး လမ်းထလျှောက် မုန့်သွားစား၊ ပြီးရင် အိပ်ယာထဲပြန်ဝင်အိပ် ။ ညဖက် စာဖတ်ချင်ရင် အေးအေးဆေးဆေးဖတ်ပေတော့။ သူငယ်ချင်းတွေနဲ့လည်း ညဖက်အထိ ထိုင်ပြီး စကားပြောချင်ပြော လဘက်ရည်ဆိုင်ထွက်ထိုင်ချင်ရင် ထိုင်လို့ရတယ်။ အဲဒီတုန်းက လှည်းတန်းမှာ ရွှေနှလုံးသား လက်ဖက်ရည်ဆိုင်ဆိုတာ တစ်ညလုံးဖွင့်တယ်။ ထမင်းကြော် အလွန်ကောင်း။ အသားမပါ ငြုပ်သီးကြော်နဲ့ဆိုရင် အာလူးဟင်းကလေးနဲ့မှ ၁၂ကျပ်ရယ်။ ဆိုင်နံရံမှာ ကဗျာလေးတွေ ရေးထားသေးတာ။ ဆာတိုရီ တို့ဘာတို့ လည်း ရေးထားသေးတယ်။ အခု “ကဗျာပုလိပ်ကြီး” ဖြစ်နေတဲ့ မောင်သင်းခိုင်(ဦးသင်းခိုင်) တို့ ပန်းချီဆရာ ကိုမုတ်သုန် တို့လည်း အဲဒီဆိုင်မှာ ထိုင်တတ်တယ်။ ဆိုင်ရှင်က အကျီ င်္အမြဲ လိုလိုချွတ်ထားတတ်တဲ့ ဘိုးတော် ကဗျာစာအလွန်ဝါသနာကြီးသော တရုပ်။ အဲသလို လှည်းတန်းဖက် နွေညတွေမှာ တက္ကသိုလ် ရိပ်သာလမ်းအတိုင်း လမ်းလျှောက်သွားရတာ ညဖက် ထမင်းကြော်စား ရေနွေးကြမ်းသောက်ပြီး လေကန်ရတာ ကိုလည်း သိပ်ကြိုက်တာ မို့ ကျောင်းပိတ်ရက် မှာ အဆောင်မှာပဲနေဖြစ်တယ်။ အဆောင်မှာ နေရတာ ဘယ်လောက်ကောင်းသလဲ ဆိုရင် မြို့ထဲကနေပဲ ကျောင်းတက်ခဲ့ရတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်က တစ်ခေါက် အဆောင်ကို ရောက်လာပြီး သဘောကျလွန်းလို့ မင်းတစ်သက်လုံးကျောင်းသားပဲလုပ်ရင်း အဆောင်ကနေကျောင်းတက်နေပေတော့ကွာတဲ့။ လွပ်လပ်တဲ့အပြင် ကျောင်းသွားတက်မယ်ဆိုလည်း လမ်းကလေးလျှောက်သွားယုံပဲ၊ မပင်ပန်းဘူးလေ။ ကျောင်းဝန်းထဲမှာက ခြေခင်းလက်ခင်းကလည်း သာသာယာယာ နဲ့ဆိုတော့ တစ်သက်လုံးနေချင်စဖွယ်ကတော့ အမှန်ပါပဲ။

တစ်ချို့တွေလည်း အလှမ်းဝေးတဲ့ မြို့၊ရွာ က လာသူများမှာလည်း နွေကျောင်းပိတ်ရက် တိုတိုလေး(၁လခွဲလေလာက်) အတွက် အိမ်ပြန်ရမယ့် လမ်းခရီးက လမ်းခရီးဖင့်တာ လမ်းမှာပင်ပန်းတာ ခရီးစားရိတ်ထောင်းတာတွေအတွက် အိမ်မပြန်ပဲ ရန်ကုန်မှာပဲနေကြတဲ့ သူမျိုးလည်းရှိတတ်တယ်။
စာသင်နှစ် တစ်နှစ်ပြီးလို့ ကျောင်းပိတ်တာမျိုးဆိုရင်တော့ ပြန်ကြရတာများပါတယ်။ ကိုယ့်ပစ္စည်း ပစ္စယတွေကိုလည်း အဆောင်မှုးသတ်မှတ်ပေးတဲ့ အခန်းထဲမှာ အားလုံးပေါင်းသိမ်းခဲ့ကြရတာပဲ။ ကိုယ့်သေတ္တာ ကိုယ့်အိပ်ယာအထုတ်တွေကို ပစ္စည်းတွေသိမ်းတဲ့အခန်းထဲ သွားထည့်ထားပြီး ကျောင်းပြန်ဖွင့်မှ ကိုယ့်ပစ္စည်းကိုယ်ပြန်ထုတ်ယူကြရတယ်။ နွေပိတ်ရက် ခဏပိတ်တာမျိုးကတော့ ကိုယ့်အခန်းထဲ မှာပစ္စည်းထားခဲ့ရုံပဲ။ ကိုယ့်အခန်းကို ကိုယ့်သော့ခတ်ပြီး ပြန်ရတာမျိုး။ ကိုယ်ကတော့ ပြန်တယ် ဆိုတာ မြို့ထဲကိုပြန်တာမျိုးဆိုတော့ အိမ်ကို ပြန်တာနဲ့ မပြန်တာကြားမှာ ဘာမှ စည်းခြားထားတာမရှိသလိုပါပဲ။ အဆောင်မှာ အိပ်ယာတစ်ခုတော့ အမြဲလုပ်ထားဖြစ်တယ်။ ပိတ်ရက်တွေမှာ အဆောင်မှာ အမြဲရှိလို့ အဆောင်မှုးက သိပ်မကြည်လည်း လက်ထောက်အဆောင်မှုးဆရာတွေအခန်းဘေးနားက အခန်းတွေထဲက အခန်းတစ်ခုမှာ ခုတင်တစ်လုံးပေါ် အိပ်ယာခင်းထားပြီး ဘီရိုထဲ အဝတ်အစားထည့်လိုက် နောက် ကိုယ့်သော့နဲ့ အခန်းကို သော့ခတ်လိုက်ရင် ကိုယ့်အခန်းပဲလေ။
တစ်နှစ်မှာတော့ အဆောင်မှုးက နွေပိတ်ရက်ကို ဖလော်က ကျောင်းသားတစ်ယောက်နဲ့တွဲနေပေးပါဆိုလို့ တွဲနေရတယ်။ အဲဒီကျောင်းသားက လူအေးပါ။ ကိုယ်လို အတန်းကြီးကျောင်းသားပဲ ဒီအဆောင်မှာ အတူနေလာတာမို့ ပြဿနာမရှိပါဘူး။ ပြဿနာမရှိဘူး ဆိုတာတောင်မှ စစချင်း အခန်းတစ်ခုထဲမှာ နှစ်ယောက်အတူနေရတဲ့အခါ အခြားသူရဲ့ ချွေးနံ့ အကျီ င်္အဟောင်းနံ့ အိပ်ရင်းယောင်တတ်တာမျိုး အဲသလိုမျိုးတွေအတွက် သည်းခံရတာပါပဲ။ ကိုယ်နဲ့အတူတူနေနေကြ အခန်းဖော်သူငယ်ချင်း နဲ့ကတော့ သူ့အနံ့ကိုယ်သည်းခံပြီး ယဉ်ပါးသွား ကိုယ့်အနံ့လည်း သူမရတော့ဖြစ်လာတော့ မသိသာဘူးပေါ့လေ။ နောက်ဆိုးတာ တစ်ခုက အတန်းမတူတဲ့ သူနဲ့ ခဏတွဲနေရတော့ သူ့မိတ်ဆွေ အပေါင်းအသင်း တွေကို ကိုယ်က မသိတဲ့အခါမျိုးမှာ ကသိကအောင့်တော့ဖြစ်တတ်တယ်။ သူ့မိတ်ဆွေက ကိုယ်မရှိတုန်း ကိုယ့်အိပ်ယာပေါ်တက်လှဲတာ အိပ်တာ မျိုး ကိုယ့်သူငယ်ချင်းကလည်း သူမရှိတုန်း သူ့ရေခွက်ယူသုံးမိတာမျိုး တွေဖြစ်လေ့ရှိလို့ သိနေတဲ့သူအချင်းချင်းဆိုရင်တော့ ပြောစရာမလိုဘူးပေါ့လေ။ အဲဒီနှစ်မှာ ဖလော်က ကျောင်းသား ပန်းချီဆရာလေး ကိုယ့်ယာယီအခန်းဖော်ဆီကို လာတတ်တဲ့သူတစ်ယောက် (အရင်လည်း အဆောင်ကိုဝင်ထွက်နေတာတော့ မြင်နေမိတာပါပဲ) က ကိုယ့်အတွက် နည်းနည်းကသိကအောင့်ဖြစ်ချင်စရာဖြစ်နေတယ်။ ပုဂ္ဂိုလ်က အသက်လေးဆယ်ကျော်လောက် နဲ့ အခန်းဖော်ကလည်း ဆရာလို့ ခေါ်တော့ ဖလော်က ဆရာပဲနေမှာပေါ့လို့တော့ နားလည်ထားပါတယ်။ သထုံဆောင်က လက်ထောက်အဆောင်မှုး ဦးမြင့်ဆွေ ကလည်း ဖလော်ကပဲ။ အရင် အဆောင်မှုး ဦးကြည်ဝမ်းဆိုတာလည်း ဖလော်က ကထိက။ ဒီတော့ ဖလော်က ဆရာ ဖလော်ဆော်ဖာ တွေကို သိပ်ပြီးတော့ အထူးအဆန်းမဖြစ်လှဘူးပေါ့။ တက္ကသိုလ်ထဲမှာက အကုန်လုံးလိုလို သူ့အပိုင်းမှာတော့ ပညာရှင်တွေ ပညာရှိတွေပဲလေ။ အဲဒါနဲ့ ထိုပုဂ္ဂိုလ် က အခန်းဖော်ဆီလာတယ်ပေါ့ဗျာ။ အဆောင်က ကျောင်းသားတွေဆီ တကူးတက လာကြသူများက အခန်းမှာလာပြီး ခဏဝင်နှပ်ပြီးကျောခင်းဖို့တို့၊ ရေချိုးဖို့တို့၊ အိမ်မပြန်ချင်လို့တို့ စသည်ဖြင့်များပါတယ်။ ဒီဆရာကတော့ ကျောင်းသားလည်းမဟုတ်ပဲ (လူငယ်လည်းမဟုတ်ပဲ) ညဘက်မှာ အိမ်မပြန်တာတို့ ဘာတို့ မြင်လာတော့ အခန်းဖော် သူငယ်ချင်းကို မေးမိတယ်။ ခင်ဗျားတို့ဌာနက ဆရာလားပေါ့၊ ဘာဖြစ်လို့ အိမ်မပြန်တာတုန်း ပေါ့ မေးတော့ ဟုတ်တယ် ဌာနက ဆရာပါတဲ့၊ မိန်းမနဲ့ သိပ်အဆင်မပြေလို့ ပါတဲ့။ ဪ ဟုတ်လားပေါ့။ ဒီဆရာက ကိုယ့်ရေလဲပုဆိုးကို ယူပြီး ရေချိုးတာတို့၊ ဆပ်ပြာခွက်မှားယူသုံးတာတို့၊ သူ့ပုဆိုးအဟောင်းကို ကိုယ့်ကုတင်ခြေရင်းမှာ တင်သွားတာတို့၊သူ့အကျီ င်္က မလျှော်တော့ နံနေတာတို့ စတာတွေအတွက် ကိုယ့်မှာ သည်းခံပေးနေရတာတော့ အင်း အဆင်မြန်မြန်ပြေပါစေ လို့ ဆုတောင်းပေးလိုက်တယ်။ ဆရာက စကားတော့ အတော်နည်းပါတယ်။ ခပ်ဆိတ်ဆိတ်နဲ့ ပြုံးပြတာမျိုး စိတ်အနှောင့်အယှက်ဖြစ်မှာကို အားနာတဲ့ပုံလည်း ပေါ်ပါတယ်။ အဲသလိုနဲ့ နေရင်းမှ သူ့ကို ဖလော်ကဆရာဦးသိန်းဇံ(ခ)စာရေးဆရာနန္ဒာသိန်းဇံ မှန်း တစ်ရက်မှာ မှ သိလိုက်တယ်။ ကိုယ်ကလည်း အဲဒီအချိန်က ကန့်တို့ ဟေဂယ်တို့ ဆာ့တ်တို့ ကိုသာ ကောင်းကောင်းနားမလည်ပဲ အထင်ကြီးနေတဲ့အချိန်ဆိုတော့ ဪ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း ကိုရေးတဲ့ ဆရာလား ငယ်ငယ်တုန်းကတော့ ဖတ်ဖြစ်ပါတယ် သွားလုပ်မိတယ်။ တကယ်တော့ ရှေ့ပိုင်းမှာ သူ့အပေါ်စိတ်ကသိကအောင့်ဖြစ်မိတာတွေလည်း ပါမယ်ထင်ပါရဲ့။ ကိုယ်က သူ့ကို လေးစားတာတော့ လေးစားပါတယ်၊ သာမန်ဆရာတွေထက်ပိုတော့ လေးစားမိပါတယ်။ တစ်ခါတစ်လေ အခန်းလေးထဲမှာ ဝရံတာမှာဖြစ်ဖြစ် သုံးယောက်သား ထိုင်ပြီး ဘာစကားမှ မပြောပဲ နေတတ်တယ်။ ပန်းချီဆရာလေးကလည်း တကယ်ကို စကားနည်းတယ်။ ဆရာဦးသိန်းဇံ ကလည်း အလွန်ကိုစကားနည်းပါတယ်။ ဆေးလိပ်ဖွာနေတာလောက်ပဲ။ ကိုယ်လည်း ဆေးလိပ်(အဲဒီအချိန်တုန်းက ဆေးပေါ့လိပ်) ဖွာနေတာပါပဲ။ ဦးထုပ်အဖြူရယ် လွယ်အိတ်တစ်လုံးရယ်နဲ့ ဝင်လာတတ်တယ်။ ပြီးရင် သက်ပြင်းကြီးချပြီး ပြုံးတုံ့တုံ့နဲ့ ငြိမ်ပြီး ထိုင်နေမယ်၊ ရေချိုးပြီးရင် ရေလဲပုဆိုးကိုတော့ ရေသေသေချာချာ ညှစ်ပြီး မှ ဖြန့်ပြီးလှန်းပါတယ်။ စည်းစနစ်တော့ ကျတဲ့ ဆရာနန္ဒာသိန်းဇံပေါ့။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။

တက္ကသိုလ်မြေလည်း နေဝင်သွားလို့ အခုမှ နေပြန်ထွက်ဖို့ အားယူနေရှာတုန်းပါ။ အဆင်မပြေမှုတွေနဲ့ နပန်းလုံးနေရတဲ့ ဆရာဦးသိန်းဇံလို ဆရာမျိုးတွေ အခုနေဝင်နေတဲ့(နေမထွက်သေးတဲ့) တက္ကသိုလ်ကြီးထဲမှာ ဘယ်လောက်များ ရှိနေမလဲ လို့လည်း တွေးမိတယ်။ ကိုယ့်အရွယ် ကိုယ့်သူငယ်ချင်း တွေထဲက ဆရာပြန်လုပ်နေကြသူများအတွက် အားလည်းတက်မိသလို အားလည်းပျက်မိပါတယ်။

12 comments

  • Khaing Khaing

    May 18, 2012 at 3:07 pm

    ကိုလင်းဝေ ……. တက္ကသိုလ်ကျောင်းရဲ့ အနှစ်သာရလေးကို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ် …… ရန်ကုန်တက္ကသိုလ် RC 1, RC 2 နယ်မြေတွေကို ခြေမချခဲ့လိုက်ရတာ စိတ်ထဲအရမ်းကို ဝမ်းနည်းမိတယ် … ငယ်ငယ်ကမက်ခဲ့တဲ့ အိမ်မက်တွေလည်း ပျက်ပြားခဲ့ရတယ် ……. ကိုလင်းတို့ လက်ထက်က တက္ကသိုလ် ကျောင်းမှာ အနယ်အရပ်ရပ်က သူငယ်ချင်းမိတ်ဆွေတွေရခဲ့ကြ ဆုံခဲ့ကြတာ အလွန့်ကိုပျော်စရာကောင်းခဲ့မှာ ပဲနော် …. မျောက်ခန်းဆိုတာလည်း မနေခဲ့ရ …….. RC လေးလည်းတို့နဲ့ဝေးးးးးးး ဂျက်ဆင်လေးလဲ သတိရမိ…… သစ်ပုပ်ပင်လည်း အဝေးကြီးဝေး တကယ်ကိုဝေးခဲ့တာပါ အဒေါ်တစ်ယောက်ဘွဲ့ယူတော့ လိုက်သွားတယ် အဲတုန်းကတော့ သစ်ပုပ်ပင်နားမှာ ဒါ့ပုံရိုက်ခွင့်ရတယ်လေ ……. ညီမဘွဲ့ယူတော့ သံတံတိုင်းတွေနဲ့ အပြင်ကပဲရိုက်ခဲ့ရတယ် …….. လိုင်ဘရီကိုတော့ အထဲမဝင်ဖူးပေမယ့် အရှေ့ကတော့ အမှိုက်ကောင်နေပုံရိုက်ခဲ့မိပါသေးတယ် ………. ချစ်သူလမ်းလို့ခေါ်တဲ့ နေရာလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ဒါ့ပုံရိုက်ခဲ့ရတယ် ……. လွမ်းတယ် ရင်နာတယ် ….. ဒဂုံ သံလျှင်တက္ကသိုလ်တွေအားလုံးကိုပိတ်ပြီးတော့လေ …… အရင်လိုများ ရန်ကုန်တက္ကသိုလ်က ပြန်ဖွင့်ရင် ဖြစ်နိုင်သေးလားမသိဘူးနော် ………

  • ဗိုက်ကလေး

    May 18, 2012 at 3:41 pm

    ကျန်တဲ့ အစိတို ့လဲ တစ်ပုဒ်လောက် ရေးကြပါဦး..
    စိတ်ပျက်စရာ တက္ကသိုလ် နွေရက်များဆိုပြီးတော့
    ဘာပုလို ့လဲဆိုတော့ တက်ကတိုတွေကို လယ်ကွင်းထဲ သွားပို ့ထားကြတော့ သွားရလာရတာစိတ်ပျက်ဖို ့ကောင်းလွန်းလို ့လေ..

    • Khin Latt

      May 18, 2012 at 3:43 pm

      မပူ နဲ့ အခွင့် စောင့်နေတာ။
      နောက်မှ သူငယ်ပြန်နေကြပြီလို့ အပြောနဲ့။ 😆

  • Khin Latt

    May 18, 2012 at 3:41 pm

    ~~~
    ကိုယ့်အရွယ် ကိုယ့်သူငယ်ချင်း တွေထဲက ဆရာပြန်လုပ်နေကြသူများအတွက် အားလည်းတက်မိသလို အားလည်းပျက်မိပါတယ်။
    ~~~
    အဲဒီ စာသားကို ပြုံးရင်းဖတ်သွားပါတယ်။
    ကျွန်မတို့ တုန်းကတော့
    ကျွန်မတို့ကို သင်ခဲ့တဲ့ ဆရာတွေ အားလုံးက တကဲ့ မဟာ့မဟာ တွေမို့ ကိုယ့် Generation တူသူတွေတော်တော်များများ ကိုတော့ မညံ့လောက်ဘူး လို့ ယုံပါတယ်။
    ဒါပေမဲ့ အဲဒီ နောက်ပိုင်းကိုတော့ မစဉ်းစားချင်လောက်အောင်ပါဘဲ။
    တော်ကြာ မဲ့ပြုံး ဖြစ်နေမိမှာစိုးလို့။

    ဆက်ပါဦးရှင်။
    ကျွန်မ လဲ အခွင့် ရတာတွေ့ ရင် ရှင်နဲ့ အတူ ဝင်လွမ်းပေးချင်လို့ပါ။ 😛

  • ကိုလင်းရေ
    ရန်ကုန်တက္ကသိုလ် ကို မန်းလေးက အဝေးသင်ကျောင်းသားလေးကိုပေါက်
    အလည်ရောက်ဘူးပါတယ်။
    ဒါပေမယ့် တက္ကသိုလ်လို့ကြားတာနဲ့ရင်ထဲမှာလွမ်းလာသလိုလိုပါဘဲ။
    ဆက်ရေးပေးအုံးနော်။

  • ဦးဦးပါလေရာ

    May 18, 2012 at 8:51 pm

    ဆရာဦးသိန်းဇံက သူငယ်ချင်း တပြည့်တပန်း အစရှိတဲ့ အပေါင်းအဖေါ်ကို တော်တော်ခုံမင်ပါတယ်။
    ရိုးရိုးရှင်းရှင်း ဟန်ဆောင်မှု့ကင်းတဲ့ ဆရာတဦးပါပဲ။

  • windtalker

    May 18, 2012 at 9:08 pm

    ကိုမြွေကြီး ခေါင်းမူးစရာ တက္ကသိုလ်ကျောင်းသားညများ လဲ ထည့်ရေးပါဗျို ့။

  • zaw min

    May 18, 2012 at 9:54 pm

    ကိုလင်းဝေရေ…တက္ကသိုလ်ဆို ဘာမှန်းညာမှန်းသေသေချာချာ မသိခင်မှာပဲ…ဝေးခဲ့ရတယ်…
    ခရမ်းပြာကို ဒီနေ့ထိ လွှမ်းနေသလို…တံတားဖြူကိုလည်း ယနေ့ထိမေ့ မရသေးပါဘူး….

  • TTNU

    May 18, 2012 at 10:45 pm

    ကိုလင်းဝေရေ…
    ဆရာ ဦးသိန်းဇံ ရှိနေသေးပြီး
    ဒီစာလေးကိုဖတ်မိရင်
    သူပြုံးနေမှာပါ။

    “တက္ကသိုလ်မြေလည်း နေဝင်သွားလို့
    အခုမှ နေပြန်ထွက်ဖို့ အားယူနေရှာတုန်းပါ” ဆိုတာလေးအတွက်
    စိတ်ထဲမှာ ခံစားမိတယ်။ တကယ်နေဝင်သွားခဲ့တာနော်။
    အားယူရတာ အတော်ခက်တယ် ကိုလင်းဝေရယ်။

  • pooch

    May 19, 2012 at 12:20 am

    ဖတ်ရတာ လွမ်းစရာပဲ ။ ကျောင်းသားဘဝကတော့ လူတိုင်းလွမ်းနေအုန်းမယ် ထင်ပါတယ်။ အဲ့ဒီ အရွယ် အဲ့ဒီ ဘဝလောက်ပျော်စရာကောင်းတာ ကျမတော့ ခုချိန်ထိမတွေ့တော့ဘူး ။ ဒါတောင် ကျမတို့ခေတ် တက္ကသိုလ်ပညာရေးက အောက်ဆုံးဆင်းနေပါပြီ။ ဒါပေမဲ့ ကျောင်းသားဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုနဲ့ ပျော်ရွှင်မှုကတော့ တွေးမိတိုင်းလွမ်းပါတယ်။

    ခုချိန်မှာ ပျော်စရာတွေ့လို့ ရယ်မောမိရင်တောင် အဲ့ဒီအချိန်တုန်းကလို ပေါ့ပေါ့ပါးပါး မရယ်နိုင်တော့ပါဘူး။
    ရင့်ကျက်သွားတာလား ဒါမှမဟုတ် တခုခုတော့ တခုခုလိုနေသလိုပါပဲ။

  • kyeemite

    May 19, 2012 at 4:09 am

    ကိုလင်းဝေရေ…ကိုင်ဇာက “တက္ကသိုလ်မြေ နေဝင်မှာကိုစိုးတယ်..”လို့ဆိုခဲ့တုန်းက
    အမှတ်တမဲ့ဘဲဗျ…အခုလိုတကယ်နေဝင်သွားတော့မှ…နေသာခဲ့တဲ့ လွမ်းမောစရာ
    တက္ကသိုလ်နွေညများကို လွမ်းမိပါရဲ့…ဆရာကြီး သိန်ဖေမြင့် စာသားငှားပြောရရင်
    အရှေ့ကနေဝန်းထွက်သည့်ပမာ တစ်နေ့တို့ခေတ်ရောက်လာရမည်မလွဲပါ…လို့ပြောရင်း
    လွမ်းမောသွားပါဂျောင်း…

  • blackchaw

    May 26, 2012 at 6:47 pm

    အားပါးပါး ဦးမြင့်နဲ့ ကိုလင်းဝေနဲ့
    အချိတ်အဆက်ရှိပုံရတယ်ဗျာ။
    ကိုလင်းဝေက ကျောင်းကြီးကိုလွမ်းချင်းရေး
    ဦးမြင့်က ကျောင်းကြီးပြန်ဖွင့်ဖို့အော်
    ကျွန်တော်ထင်တာမလွဲရင်တော့
    အေးလေ လူတွေသိကုန်မှာစိုးလို့ မပြောတော့ပါဘူးဗျာ။
    တို့လို့တန်းလန်းမလုပ်ပါနဲ့ဗျာ။
    ဆက်ရေးပါဦး…။
    ဒါမှလည်း ဦးမြင့်နဲ့ အချိတ်အဆက်မိမှာပေါ့။
    အာဟီး…။
    :mrgreen:

Leave a Reply