ကျနော်တို့တောင်ခြေရောက်တော့ အတက်တုန်းကနားခဲ့ရတဲ့ ဆိုင်လေးမှာပဲ ထိုင်နားကြတယ်…

ကိုစိန်သော့နဲ့ကျနော်က အရင်ရောက်နှင့်တာမို့ အအေးတစ်ဘူးစီကိုယ်တိုင်ယူစနစ်နဲ့ ယူပြီး

သောက်နေလိုက်ကြတာ… ကိုစိန်သော့နဲ့ ကျနော် စကားပြောရင်း ကျနော်မသိတာတွေ

မေးရင်းပါ…။ တော်တော်လေးကြာမှ လေးပေါက်တို့ တူဝရီး ရောက်လာကြတာ…။ ဖရဲကတော့

ရောက်မလာသေးပါဘူး။ လေးပေါက်က ဖရဲရော ဘယ်မှာလဲလို့ မေးပါတော့တယ်….

လေးပေါက်မေးပြီး မကြာခင်ပဲ ဖိနပ်မပါ ခြေဗလာနဲ့ဖရဲ ရောက်လာတော့တာ.. ဖရဲက ကျနော်

ထိုင်နေတဲ့ ခုံရဲ့ ဘေးမှာဝင်ထိုင်ပြီး အအေးသောက်လေဆိုတော့ မသောက်ပဲ ရေသန့်ဘူးပဲ

ယူပြီး သောက်နေရှာတယ်… ဖရဲထိုင်နေတဲ့ ခုံရဲ့ အောက်မှာ ဘယ်သူကျန်ထားမှန်းမသိတဲ့

ဖိနပ်တစ်ရံရှိနေတာလေ…ဒါကို ကျနော်နဲ့ ကိုစိန်သော့က “ဖရဲရေ အဲ့ဖိနပ်လေးစီးခဲ့လေ”လို့

ပြောတော့ ဖရဲက ဖိနပ်ဆိုရင် ဂျော်ဒါနိုးတံဆိပ်လောက်ကို အနိမ့်ဆုံးထားစီးတာဆိုပဲ…။

ကျနော်တို့တွေ နားရင်း ထွေရာလေးပါးစကားတွေပြောရင်း နားနေကြတာ ဘယ်လောက်

ကြာသွားတယ်တော့ မသိဘူး…

ပန်းတနော်အလှူအတွက် ကျနော်မှ အလှူငွေတစ်သောင်းကို လေးပေါက်ကိုပေးပြီးပြန်ကြဖို့ပြင်ကြတာပေါ့…

တောင်ပေါ်မှာဆုံခဲ့တဲ့ ဖရဲရဲ့ အမျိုးတွေရောက်လာပါတော့တယ်..

လေးပေါက်က ဖရဲအမျိုးတွေကို အီးမေလ်းအကောင့်ရှိလားလို့ မေးတော့တာရယ်….

ဘာလို့လဲလို့ ဟိုဘက်ကပြန်မေးတော့ သူတို့အဖွဲ့လိုက်ပုံ နှစ်ပုံပါလာလို့လို့ လေးပေါက်က

ပြန်ဖြေတော့ ဖရဲရဲ့ အမျိုးတွေ သူတို့ပုံတွေကို အွန်လိုင်းမှာ မတင်ဖို့ ပြောကြတော့တာ…

(ဖရဲရေ ညာဉ်းအမျိုးတွေက ကဲတုန်းကကဲကြပြီး ဓာတ်ပုံတွေ အွန်လိုင်းရောက်မှာတော့ စိုးရိမ်

ကြတယ်နော်)…. ပြီးတော့ လေးပေါက်ရဲ့ ဖေ့ဘုတ်အကောင့်ကို မေးကြတော့ လေးပေါက်က

အကောင့်အမည်ပြောပြီး စတော်ဘယ်ရီသီးနဲ့ဆိုရင် ကျနော်ပါပဲလို့ ပြန်ဖြေရှာပါတယ်…

ဟိုဘက်ကအဖွဲ့ကလည်း ခေသူမဟုတ်ကြလေတော့ ကိုယ့်ပုံကိုယ်ဘာလို့ မတင်တာလဲလို့

မေးပြန်သပေါ့….လေးပေါက်ပြန်ဖြေပုံလေးကို သဘောကျလို့ ကျနော်ရီမိသေးတယ်….

အခင်အမင်တွေပျက်ကုန်မှာစိုးလို့ ကိုယ်ပုံကိုယ်မတင်တာဆိုပဲ…။

လေးပေါက်က ဖရဲအမျိုးတွေနဲ့ လေကောင်းနေတော့တာ..ကျနော် ကိုစိန်သော့နဲ့ ဖရဲတို့က

အရင် ဆိုင်ကယ်တွေထုတ်ပြီး ထွက်လာကြတော့တာ…လမ်းမှာ ဓာတ်ပုံရိုက်လို့ကောင်းမဲ့

နေရာလေးတစ်ခုကို အလာကတည်းက ကျနော်တို့ အဖွဲ့တွေ့ထားခဲ့ကြတာလေ…

ဒုဋ္ဌ၀တီမြစ် နှစ်ခွကွဲပြီး မြစ်လယ်မှာ သောင်ထွန်းနေတဲ့နေရာလေးပါ…

ကိုစိန်သော့က ကမ်းပေါ်ကနေ မြစ်ခွဲနေရာလေးကို ဓာတ်ပုံရိုက်ပါတယ်…

ဖိနပ်မပါရှာတဲ့ ဖရဲကလည်း အားကျမခံ ဆူးမကြောက် ဘာမကြောက် (မှတ်ချက်။ ဆူးဆိုသည်မှာ

ဂေဇက်မှ ဖွားဆူးကို မဆိုလိုပါ) ခြေဗလာနဲ့ ဓာတ်ပုံလိုက်ရိုက်ပေါ့….

တော်တော်လေးကြာမှ လေးပေါက်တို့ ရောက်လာပြီး လေးပေါက်ကလည်း ဓာတ်ပုံတွေ

ရိုက်နေပြန်တာ…. နေကပူတော့ ကျနော်ရေဆာလို့ ဖရဲရဲ့ ဆိုင်ကယ်ရှေ့ခြင်းထဲက ရေသန့်

ဗူးကို လှမ်းဆွဲတော့ ဖရဲက “ ရေသန့်မဟုတ်ဘူးနော် ..ဆိုင်ကယ် အင်ဂျင်ပူရင်လောင်းဖို့

ချောင်းထဲကခပ်လာတာ” ဆိုလို့ ရေမသောက်ဖြစ်လိုက်တော့ပါ….

ဒီးဒုတ်ရေတံခွန်မှာလည်း အဖွဲ့လိုက်ဓာတ်ပုံမရိုက်ဖြစ်လို့ လမ်းမှာ ဒုဋ္ဌ၀တီမြစ်ကြီးကို

နောက်ခံထားပြီး ဓာတ်ပုံရိုက်ကြတာပေါ့…. ဆိုင်ကယ်နောက်မြီးမှာ ကင်မရာကို သုံးချောင်း

ထောက်နဲ့ ထားပြီး အော်တိုရိုက်လိုက်ကြတယ်… (ကိုစိန်သော့ရေ ဂရုပုံလေး အချိန်ရရင်

ကျနော့်ဆီကို ပို့ပေးပါဦးနော်..) အဲ့နေရာလေးကနေ ခရီးဆက်လာကြတော့..

ကျနော်နဲ့ ကိုစိန်သော့က ရှေ့ဆုံးက ကျနော်တိုပနောက်က ဖရဲ ..အဲ့နောက်မှာမှ လေးပေါက်

တို့ တူဝရီး ….ညနေပိုင်းရောက်လာပြီမို့ နေကသိပ်မပြင်းတော့ပါဘူး…အလာတုန်းကတွေ့ခဲ့ရတဲ့

လမ်းဘေးက ဘိလပ်မြေစက်ရုံကြီးကိုငေးပြီး ကိုစိန်သော့ပြောတာလေးကို သတိရနေသေးတာ..

စက်ရုံကိုက ပြောင်းခိုင်းထားပြီးပြီ ကုန်ကြမ်းတွေကျန်နေသေးလို့ ဆက်လည်နေတာထင်တယ်ဆိုပဲ..

နောက်တစ်ခုက မြန်မာပြည်ကဓာတ်ငွေ့တွေ တရုတ်ကိုပို့မဲ့ ဓာတ်ငွေ့ပိုက်လိုင်းတူးနေကြတာပါ…

ပြင်ဦးလွင် မန်းလေးသွားတဲ့ လမ်းမကြီးရောက်တော့ ဖရဲက ကျနော်တို့ကို ကျော်သွားပါတယ်…

ဖရဲရေ ဖိနပ်ဝယ်ကြဦးမလားဆိုတော့ ..သူက ဒီအတိုင်းပဲပြန်တော့မယ်တဲ့လေ….

ကိုစိန်သော့ကလည်း ဖရဲကို ပြန်ရင်ပြန် ကျနော့်ကို သူလိုက်ပို့မယ်ပြောတော့ ဖရဲလည်း

လစ်သွားပါတော့တယ်..လေးပေါက်တို့ တူဝရီးကတော့ ဘယ်နေရာမှာကျန်ထားခဲ့မှန်းမသိတော့

ဘူး….ကိုစိန်သော့က ကျနော့်ကို အိမ်အရောက်လိုက်ပို့ပါတယ်… အချိန်ရရင် ထပ်တွေ့ဖို့

ဖုန်းဆက်လို့ရအောင် ဖုန်းနံပါတ်ပေးပြီး ပြန်သွားပါတော့တယ်….

တစ်နေ့လုံးလျှောက်သွားနေလိုက်တာ ညနေစောင်းမှ အစ်မအိမ်ကိုပြန်ရောက်လာတဲ့

ကျနော် တူမလေးနဲ့ ခဏ ကစားကူပြီး ရေချိုးလိုက်ပါတယ်….

ပြီးမှ ဗထူးကွင်းဘေးက ဂိုးဒင်းနက်ဆိုင်ကို ပြေးတော့တာပေါ့…မန်းလေးမှာ အိမ်မှာနေ

ရင် နေကပူခြင်ကကိုက်နဲ့မို့ နေလည်နဲ့ ညပိုင်းဆိုရင် ကျနော် အင်တာနက်ဆိုင်မှာ သွား

ထိုင်နေတာများပါတယ်… ဆိုင်က အဲယားကွန်းနဲ့ ဘာနဲ့ဆိုတော့ အေးလည်းအေး ခြင်လည်း

မကိုက်ဘူးလေ… အင်တာနက်ဆိုင်မှာ နှစ်နာရီလောက် အချိန်ဖြုန်းပြီး ပြန်လာတော့

ညကိုးနာရီကျော်ပါပြီ…. အိမ်မှာ ယောက်ဖတော်နဲ့ စကားပြောနေတုန်း ဖုန်းဝင်လာပါတယ်…

“ကိုထွန်းဝင်းလတ်လား ..ကျနော်ကိုပေ”ပါတဲ့..ကျနော်လည်းဝမ်းသာအားရ “ဟုတ်ပါတယ်..”

ပေါ့… ခဏနေကျနော်လာခေါ်မယ် ဘယ်နေရာမှာ ခေါ်လာရမှာလဲလို့မေး ..ကျနော်ကလည်း

လာခေါ်ရမဲ့နေရာပြောပေါ…. မကြာပါဘူး..ကျနော် လမ်းဘေးကကွမ်းယာဆိုင်မှာ ကွမ်းယာ

ဝယ်နေတုန်း ဆိုင်ကယ်နဲ့ကိုပေရောက်လာပြီး ကျနော့်ဆီကိုဖုန်းလှမ်းခေါ်တော့ ကျနော့်ဖုန်း

လေးမြည်လာပြီး …ကျနော်က “ဟာ..ဆြာပေလား..”လို့မေးတော့…“ဆြာပေမဟုတ်ပါဘူးဗျာ..

ကိုပေပါ..”လို့ပြန်ဖြေတယ်…ပြီးတော့ “ထမင်းစားပြီးပြီလား..စားပြီးရင်လည်း ဘီယာလိုက်သောက်”

လို့ ခေါ်နေတာနဲ့ ကျနော်လည်းတွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို အားမနာ ပါးမနာ လိုက်သွား

တာပေါ့… ဘယ်နှစ်လမ်းက ဘယ်ဆိုင်မှန်းမသိပါဘူး ..ကိုပေခေါ်သွားပြီး .. အမြည်းတွေကို

ကြိုက်ရာမှာခိုင်းပါတယ်…ကျနော်လည်း နှစ်မျိုးလောက်ပဲ မှာပြီး နှစ်ယောက်သား သောက်ပွဲ

ကျင်းတော့တာပေါ့…ကိုပေက ကျနော့်ထက်အသက်သာငယ်တာ အရပ်ကကျနော့်ထက်ပိုရှည်

သဗျ… သူနဲ့ ကျနော် စာအကြောင်းပေအကြောင်း ကျနော့်နေရပ်အကြောင်း စုံစီနဖာပြောရင်း

သောက်ရင်းပေါ့… ကျနော်လုပ်ဖြစ်သမျှလေးတွေကိုလည်း ကိုပေကိုပြောပြ ကိုပေကလည်း

အားပေးပေါ့..ပြီးတော့ ဂေဇက်က မန်းလေးသူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး..ဖုန်းလှမ်း

ဆက်ပါတယ်… မယ်ပုဆိုပဲ..ကျနော်လည်း မယ်ပုနဲ့ ဖုန်းပြောဖြစ်လိုက်တယ်…

ကျနော်တို့နှစ်ယောက်သားသောက်ရင်းစားရင်း စကားပြောရင်းပြီးသွားလို့ ဆိုင်ကထွက်တော့

ညသန်းကောင်ယံရောက်ပါပြီ…မြို့ပြညဟာ လျှပ်စစ်ရောင်တွေနဲ့ပေါ့… ဒီအချိန်ဆို ရွာမှာဆို

အားလုံးတိတ်ဆိတ်ငြိမ်သက်နေကြပြီလေ..မြို့ပြဆိုတော့လည်း လမ်းပေါ်မှာ ဆိုင်ကယ်တွေ

ကားတွေကတော့ သွားလာနေကြတုန်း… ကိုပေက ကျနော့်ကိုအိမ်အရောက်လိုက်ပို့ရင်း

အိမ်ရှေ့မှာ စကားတွေတော်တော်ကြာအောင်ပြောနေဖြစ်ကြပါသေးတယ်…

ပြီးတော့ ကျနော်လုပ်နေတဲ့ ပရဟိတအတွက် အလှူငွေကိုလည်း ပေးခဲ့ပါသေးတယ်…

ကျနော်ပြောဖြစ်လိုက်တာလေးက “ကိုပေရေ ..ကျနော်တို့နှစ်ယောက် ကွမ်းကြိုက်တာတူ

နေတယ်နော်…ဂေဇက်မှာ ဟိုတစ်လောက ပို့စ်လေးတစ်ခုမှာ ကွမ်းဝါးသူတွေကို အပြစ်ပြော

တဲ့ ပို့စ်လေးတွေ့တယ်”လို့ဆိုတော့ ..ကိုပေကလည်းရယ်ကျဲကျဲပါ….

ဘာပဲဖြစ်ဖြစ်ပေါ့လေ…မွန်းကြပ်တဲ့ မြို့ပြဟာ ဖော်ရွေတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကြောင့်

ကျနော့်အတွက် တကယ်ကိုလွတ်လပ်ပေါ့ပါးခဲ့ရပါတယ်…..

နောက်ထပ်ရန်ကုန်ရောက် တောသားတစ်ယောက်ရဲ့ အတွေ့အကြုံလေးကိုလည်း ပြောပြပါဦးမယ်…

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….လို့ ဆုတောင်းလျှက်…

ခင်မင်လျှက်…

T.W.L

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။