ကြောက်စိတ်(မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေး

တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ

လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို

သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်း ဆရာတော် ဆီမှာ

ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က

ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း

ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ

သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ

မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို

စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ

ဗျာများနေခိုက် ဟဲ့…… ငလွင်မရသေးဘူးလား လို့မေးလိုက်တော့

ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်

ရတော့တယ်။ ငလွင်……လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့

ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

ဟဲ့…ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို

အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင်

လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်

လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။

မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့

အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ

အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ်

ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။

ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ်။ တစ်တန်းလုံး

ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက

ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။

နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို

ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ ဒါ မင်းအဖြေလား ဟုတ်ပါတယ် ဆရာ၊

အေးတစ်တန်းလုံး ကြားအောင် ဖတ်စမ်း နည်းနည်း အံ့ဩနေပုံနှင့် ကျောင်းသားက

သူ့အဖြေကို ဖတ်ပါတယ်။

မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။

ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်

မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက်

ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ

ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင်

ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု

သံသယဖြစ်စရာရှိကြောင်း။

ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို

သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို

ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှအရိုးစွဲမှတ်မည်လို့ထင်ပြီး

ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ

အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက်

ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ

ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား

ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ မင်း ငါ့ကို နောက်တာလား

ဟာ…….မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ ကဲအားလုံး သူဖြေတာကို

လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ….မင်းကစ၊ သူဖြေတာ မှန်သလား၊

မှားသလား။ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ

မရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို

ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့

အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လိုမဖြေတတ်ဘူး။

သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး

လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။

ဟေ့ကောင်…….ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။

အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။

တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့်

အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ဝန်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊

မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို

လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။

ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ်

ဟုတ်ပြီ၊နောက်တစ်ယောက် မှား….အဲ…မှားပါတယ် နောက်တစ်ယောက် မှားပါတယ်

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်

ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊

အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။

ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူူးခြားတာက

ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို

နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း

ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။

ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ

ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို

ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုးဆုံးရှုုံးလိုက်ပါတယ်။

ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက

ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့

ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ

ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။

အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊

ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ………။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး

အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေဝေနဲ့။

လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ

ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင်

အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီးသိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့

ကျွန်တော်ဘာမှအကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း

ဘယ်သူကမှမတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ

ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့

ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။

ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ်

ထင်လာကြရင်ဖြင့်……ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့

ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်……. ကျွန်တော်

အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့…….ဘယ်လိုဖြစ်နေကြတာလဲကွာ

ဘယ်လိုယ်ဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊

ပန်းကန်တစ်လုံး ကွဲပြီဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ………

တော်…… စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက်

အောက်မေ့လို့လဲ၊ ရှင့် ဝင်ငွေကဘယ်လောက်….

ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့

ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း

သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်…….။

http://groups.google.com/group/travelmyanmar/msg/b956483d206bd525?

11 comments

  • ဗိုက်ကလေး

    May 20, 2012 at 6:12 pm

    ဖတ်တော့ ဖတ်ပြီးသားပါပဲ.ဗျာ
    အားပေးသူမရှိလို ့ ဖတ်သွားကြောင်း ဝင်ပြောခဲ့ပါတယ်..
    ကျုပ်ဂဒေါ့ မှန်တယ်ထင်ရင် ဘူ ့မှ ဂရုမစိုက်ဘူး..ပြီးဒေါ့
    ရွာထဲမှာဆိုလဲ သဂျီးကလွဲပြီး ဘူ ့မှ ကြောက်ဘူးကွာ. ဒါဗျဲ..
    ညှင်း..ညှင်း.ညှင်း…
    ကြက်ဖင် ဝက်ဖင် ဂေါ်ဇီလာဖင် မလာခင် ပြန်ပဟေ့..
    ကျလိ..ကျလိ.ကျလိ..

  • ဆရာရေ မန်းဂေဇက်ထဲဖတ်ဖူးသလို ပါဘဲဗျ။
    @အူးဗိုက်က သူတို ့တော့ ကြောက်သပေါ့။
    ပြန်တဲ့ အသံက ကျလိ ကျလိဆိုတော့
    ကြက်တူရွေးလား. စာကလေးလားဗျ

  • windtalker

    May 20, 2012 at 8:43 pm

    ဒီစာကိုဖတ်အပြီး ၊ ဖတ်ခဲ့ဖူးတဲ့ ကြေးမုံဦးသောင်း ရဲ ့ ငယ်ဘဝ ကို သတိရမိတယ် ။ ဆိုင်တော့ မဆိုင်ပါဘူး။ ကြေးမုံဦးသောင်း ကလေးဘဝ ဘုန်းကြီးကျောင်းသားဘဝ တုန်းက ၊ ကျောင်းမှာဘုန်းကြီးမရှိတုန်း ကျောင်းသားအားလုံး စာမကျက်ဘဲ ကစားနေကြတဲ့အချိန် ဘုန်းကြီးရုတ်တရက်ပြန်ရောက်လာတာနဲ ့တိုးတော့ ၊ ဘုန်းကြီးတူ က အမှားပြောတာ ကို ၊ မှားကြောင်း အရိုက်ခံပြီး အမှန်တရားထွက်တဲ့အထိ ရင်ဆိုင်ခဲ့တာလေးပါ။

  • may flowers

    May 20, 2012 at 10:06 pm

    ဒီပိုစ့်လေးကိုဖတ်ပြီး ကြိုက်လွန်းလို့လက်မထောင်သွားပါတယ်။

  • shwe kyi

    May 21, 2012 at 12:27 pm

    မှန်၏…၊ ကောင်း၏..၊ ထောက်ခံပါ၏…

  • ရာဇဝင်လူဆိုး

    May 21, 2012 at 2:07 pm

    အားပေးသွားပါတယ်..။ ဆရာ ဆိုတဲ့ သူတွေဟာ… ကလေးတွေ… ကိုယ့်တပည့် သားမြေးတွေကို မကောင်းမှုလုပ်ဖို့ကို ကြောက်အောင် ၊ မဟုတ်မမှန်တာပြောဖို့ ကြောက်အောင် ဆိုတဲ့အတွးမျိုးနဲ့ ကြောက်တဲ့စိတ်ကိုပဲ သွင်းပေးသင့်ပါတယ်..။ ရဲရင့်တဲ့ ကြောက်စိတ်ပေါ့။ တစ်လွဲကြောက်စိတ်တွေ ဝင်သွားတဲ့ ကလေးတွေအတွက်ကတော့ …..

  • MaMa

    May 22, 2012 at 2:48 pm

    နေရာတိုင်းမှာ ဒီဂရီရှိတယ် ထင်ပါတယ်။
    လူကြီးတွေ အနေနဲ့လည်း ဆုံးမရမယ့်သူရဲ ့အနေအထားကို ကြည့်ပြီး အနုနည်း၊ အကြမ်းနည်း ရွေးချယ်ဖို့လိုပါလိမ့်မယ်။
    ကိုယ့်ကို ရိုက်နှက်ဆုံးမတာကို လုံးဝမကြိုက်လို့ ငယ်ငယ်ကတည်းက မိဘဆရာသမား ဆုံးမတာကို လိုက်နာဖြစ်အောင်ကြိုးစားတယ်။
    ပြောဆိုဆုံးမရုံနဲ့ ရတတ်လို့လည်း တခါမှ ရိုက်နှက်ဆုံးမတာ မခံခဲ့ရဖူးဘူး။

    • windtalker

      May 22, 2012 at 8:29 pm

      ဒါဆို သည်စာရဲ ့မူလပိုင်ရှင် က ဘယ်သူတုန်းဗျ ။ သဂျီးပေးတဲ့ဟာ သွားဖတ်ကြည့်တော့ ဝေဝါးကုန်ပြီ

  • kotun winlatt

    May 22, 2012 at 6:06 pm

    ဒီစာအုပ်ထဲမှာပါတဲ့ ဆောင်းပါးတွေအကုန်ကြိုက်တယ်ဗျ..
    မျှဝေပေးတဲ့အတွက်ကျေးဇူးပါ….

Leave a Reply