ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပညာသင်စရိတ် ပေးမည်

introJune 17, 20101min923

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ကြေး ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“သံဃာတွေကို ဆွမ်းကပ်မယ်၊ နောက်ပြီး မွေးနေ့ရှင်ရဲ့ဆန္ဒအရ NLD အဖွဲ့ဝင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့သားသမီး တွေကို ပညာသင်ထောက်ပံ့ကြေး ထပ်ပေးမယ်”ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအုံးကြိုင်က ပြောသည်။

ပြီးခဲ့သည့်မေလ ၅ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို နိုင်ငံရေး အကျဉ်းသားမိသားစုများကို ထောက်ပံ့ကြေး ပေးအပ်ရာ NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကလေးငယ် တဦးအား ပညာသင်စရိတ် ပေးနေစဉ် (ဓာတ်ပုံ – AP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများ ပညာသင် ထောက်ပံ့ ကြေးကို ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တိုင်း ပေးအပ်လေ့ ရှိသည်။

ယခုနှစ်တွင်မူ ပါတီရုံးချုပ်ကို မစွန့်ခွာမီ မေလ ၅ ရက်က ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂ရ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀ဝ ကျပ်စီ ပေးအပ်ခဲ့ပြီး ယခု ထပ်မံ ထောက်ပံ့ ပေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မိုးကုတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ၏ ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ ကျင်းပမည်ဖြစ်ပြီး ပညာသင်စရိတ် ထောက်ပံ့ကြေးအစီအစဉ်ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

NLD လူငယ်များကမူ မြန်မာနိုင်ငံတဝန်းလုံးတွင် သစ်ပင် နှစ် သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း NLD ဗဟိုဦးစီးကော်မတီ ဝင် မဖြူဖြူသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်ပြီး၍ ၆၆ နှစ်အတွင်း ဝင်လာသည့်အထိမ်းအမှတ်အဖြစ် မြို့နယ်တခုလျှင် ၆၆ ပင်နှုန်း ဖြင့် မြို့နယ်ပေါင်း ၃၁၈ မြို့နယ်တွင် သစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျမတို့ ကရင်ပြည်နယ်အတွင်းမှာလည်း စိုက်ပျိုးသွားဖို့ ပြင်ဆင်ထားပါတယ် ၊ မွေးနေ့မတိုင်မီနဲ့ မွေးနေ့အပြီး နောက်ရက်တွေ အထိစိုက်ပျိုးသွားမှာပါ”ဟု ကရင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း”မိတ္ထီလာ ၊ သဲတော ၊ ဝမ်းတွင်း ၊ မလှိုင်မြို့နယ်တွေမှာ ၁၈ ရက်နေ့မှာ သစ်ပင် ၆၆ ပင်စိုက်မယ် ၊ ၁၉ ရက်နေ့မှာတော့ မန္တလေးမှာ သံဃာ ၆၆ ပါးပင့်ပြီး ဆွမ်းကပ်မယ် ၊ ကလေးတွေအတွက် ပညာသင်ထောက်ပံ့ကြေးလည်း ပေးမယ်”ဟု ပြောသည်။

မိတ္တီလာ NLD အဖွဲ့မှ မိတ္ထီလာထောင်နှင့်တောင်ကြီးထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂ဝ နီးပါးထံသို့လည်း ငွေကျပ် ၅၀၀ဝ စီနှင့် စားသောက်ဖွယ်ရာများ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောက ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ၎င်း၏နေအိမ် အတွင်း တိတ်တဆိတ် ရေကူး ဝင်ရောက်ခဲ့ရာ နေအိမ်အကျုပ်ချုပ်ဖောက်ဖျက်သည်ဟု စွပ်စွဲခံခဲ့ရပြီး နအဖစစ်အစိုးရက ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ် ၁ နှစ် ခွဲ လျှော့ချ၍ ကျန်ပြစ်ဒဏ် တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကောင်းမွန်စွာ နေထိုင်လျှင် ကျန်ရှိသော ပြစ်ဒဏ် ၁၈ လကို လျှော့ပေါ့ပေးမည်ဟု ထုတ်ပြန် ထားရာ လာမည့် နိုဝင်ဘာလအတွင်း လွတ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် မတ်လ ၂၉ ရက်နေ့က ပါတီထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ပါတီ၏ ဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

3 comments

  • cobra

    June 17, 2010 at 4:04 pm

    ကောင်းပါတယ်။ကျွန်တော်ကိုယ်တိုင်မပါဝင်နိုင်ပင်မယ့်ဒီလိုသတင်းတွေကြားရတာအရမ်းလည်းဝမ်းသာမိပါတယ်။နောက်နောင်မှာလည်းပါဝင်နိုင်အောင်ကြိုးစားမှာပါ။

  • ghost

    June 17, 2010 at 4:34 pm

    သာဓု..သာဓု..သာဓု ဒေါ်အောင်ဆန်းစုကြည် အသက် ၁၂ဝ တိုင် ကျမ်းမာပါစေ .ချမ်းသာပါစေ..
    အန္တရယ်ကင်းပါစေ…..

  • yy

    June 18, 2010 at 3:32 am

    ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အခုလို လုပ်ပေးတာ အရမ်းကောင်းပါတယ်
    မွေးနေ့အတွက်လဲဆုတောင်းပေးပါတယ်
    နောင်နှစ်ပေါင်းများစွာတိုင်ကျန်းမာပျော်ရွင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ

Leave a Reply