ပညာခေတ်ဝယ်…

kotun winlattMay 21, 20122min1086

ကျနော့်နာမည်က အောင်အောင်ပါ…။ဒီနှစ်ကျနော် ပဉ္စမတန်းအောင်လို့

ဆဋ္ဌမတန်း တက်ရမှာလေ…။ ဪ….ဟုတ်ကဲ့ ..ကျောင်းတွေဖွင့်တော့မယ်လေ..။

ကျနော်ကျောင်းတက်ရဖို့ မသေချာသေးပါဘူး။

ကျောင်းအပ်ခရှိပေမယ့်..စာအုပ်ဘိုးတွေ တခြားစရိတ်တွေကို အိမ်ကတတ်နိုင်ပါ့မလား

မသိသေးဘူး။ အဖေလား..ရှိတယ်ဗျ..အလုပ်အကိုင်ကဝိုင်းဆရာပါ။

ဝိုင်းဆရာဆိုတာ စာသင်တဲ့ဆရာကို ပြောတာမဟုတ်ဘူးနော်.. သစ်စက်မှာ

လွှဝိုင်းကြီးကို ကိုင်ရတဲ့ဆရာပါ။ ဟုတ်ကဲ့ … ဝင်ငွေကတော့ ပုံမှန်ဘယ်ရှိပါ့မလဲ။

သစ်စက်လည်ရရင်တော့ ငွေဝင်တာပေါ့..။

အမေကတော့ဆုံးသွားပါပြီ။ အခု အမေလေးနဲ့ နေရပါတယ်။

အမေလေးဆိုတာကတော့ အဖေ့ရဲ့ နောက်မိန်းမ ကျနော့်ရဲ့ မိထွေးလေ..။

အမေဆုံးတော့ ကျနော်တို့ မောင်နှမသုံးယောက်ကျန်ထားခဲ့တယ်။ ကျနော်က

အကြီးဆုံးပေ့ါ။ အငယ်နှစ်ယောက်ကတော့ ညီမလေးတွေပါ။

သူတို့တွေကတော့ အမေဆုံးပြီး သိပ်မကြာခင်မှာ အဖေနောက်အိမ်ထောင်ပြုတော့ ကြီးကြီးက

လာခေါ်သွားတယ်လေ။ ကြီးကြီးဆိုတာက အဖေ့ရဲ့ အစ်မကိုပြောတာပါ..။

အမေဆုံးတော့ ကျနော်ဒုတိယတန်းပါ။ ညီမလေးတွေကတော့ တော်တော်ငယ်သေးတယ်။

ကျနော့်ကိုလည်းကြီးကြီးကခေါ်ပါတယ်။ ကျနော်ကကို မလိုက်သွားတာ..။

အဖေကကျွန်းလှသားလေ။ ကျွန်းလှဆိုတာက သဖန်းဆိပ်ဆည်ကြီးရှိတဲ့နေရာလို့

ပြောတာပဲဗျ..။ ကျနော်ကတော့တစ်ခါမှ မရောက်ဘူးပါဘူး။ အဖေနဲ့အမေ ဆုံတာလား။

မှော်ထဲမှာဆုံးပြီး လက်ထပ်ခဲ့ကြတာတဲ့ဗျ..။ မှော်ဆိုတာက ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်ကို

ပြောတာလေ…။ အဲ့အချိန်တုန်းက ဖားကန့်က ခုလို ကားတွေနဲ့သွားလို့မရသေးဘူးဆိုပဲ။

ခြေလျင် အပိုးတွေနဲ့ သွားကြရတာတဲ့ဗျ။

မှောထဲမှာ အဖေက ကျောက်တွင်းကျင်းသား အမေကဈေးရောင်းပေါ့။

အဲ့မှာဆုံပြီး လက်ထပ်ခဲ့ကြတာ။ အမေက အသက်ငယ်ငယ်နဲ့ ဆုံးသွားတာပါ။

ဟုတ်ကဲ့..ငှက်ဖျားရောဂါနဲ့ ဆုံးသွားခဲ့တာလေ။ အသက် ၃ဝကျော်ပဲရှိဦးမှာပါ။

ခုလား အဖေက အမေလေးနဲ့ ကလေးနှစ်ယောက်ရပါပြီ။ အကြီးကောင်က ဒီနှစ်

ကျောင်းစနေပြီလေ။ အဖေက ဝိုင်းဆရာဆိုတော့ တောထဲမှာ နေရတာများတယ်။

အမေလေးကလား.. ကျနော့်အပေါ်ဘယ်ကောင်းမှာလဲဗျာ..။နေတိုင်းဆူပူကြိမ်းမောင်းနေ

တာပါ…။ ကျနော်ခု လက်သမားဝင်လုပ်နေတယ်..။

နေ့စားပေါ့…။ ဪတစ်ရက်ကို တစ်ထောင်ရတယ်လေ..။တောက်တိုမယ်ရ သူများခိုင်းတာ

လုပ်ပေးရတာပါ…။ ဟုတ်ကဲ့ ..ရွေဘော်တော့ထိုးတတ်နေပါပြီ။

ကျောင်းလားနေချင်တာပေါ့ဗျာ။ ပညာတတ်အောင်သင်ပြီး ပိုက်ဆံတွေ အများကြီး

ရှာချင်တယ်။ ပိုက်ဆံတွေရလာရင် ကြီးကြီးဆီမှာနေတဲ့ ညီမလေးတွေကို ပြန်ခေါ်မယ်..။

အဖေနဲ့ အမေလေးကတော့သေစာရှင်စာရေးတတ်ရင်တော်ပြီတဲ့…။

ကျနော်ဘာတတ်နိုင်မှာလဲ…။  ကျနော့်ကိုကျောင်းထားပေးမလို့လား..။

မလုပ်ပါနဲ့ဗျာ… အိမ်ကလက်ခံမှာမဟုတ်ဘူး…။

သူတို့ထားနိုင်တယ်ပြောမှာပါ…။ ကျနော်ကတော့ပညာတတ်မဖြစ်ပေမယ့် ကျောင်းနေသင့်တဲ့

ကျနော့်လိုအရွယ်တွေကို ကျောင်းနေစေချင်တယ်…။

ကျနော်အများကြီးပြောပြချင်ပါသေးတယ်…။ အခုက အလုပ်ဆင်းရတော့မယ်လေ..။

နောက်ကျနေရင် လက်သမားခေါင်းက ဆူနေလိမ့်မယ်။ နောက်မှ ဆက်ပြီးပြောပြပါ့မယ်။

ခုတော့ ဟိုနားကပျဉ်တွေကို ရွေဘော်ထိုးလိုက်ဦးမယ်ခင်ဗျ…။

6 comments

  • windtalker

    May 21, 2012 at 2:18 pm

    မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းဆြာ ပြောပြသလို ကလေးတွေ ဘယ်လောက်များနေမလဲ မစဉ်းစားရဲဘူးဗျာ။ ဆန်ရှင် လုံးဝ မရှိတော့ရင်တော့ သူရို့လေးတွေ အတွက် ကူညီမယ့် အဖွဲ့တွေ ပိုများလာမှာပါ။

  • ရာဇဝင်လူဆိုး

    May 21, 2012 at 2:38 pm

    တကယ်တော့ ကျနော်တို့ ကူညီသင့်တဲ့ ကျောင်းနေအရွယ်ကလေးတွေ တကယ်ကို အများကြီးရှိနေသေးတယ်။ တောရွာဘက်တွေမှာ မပြောနဲ့ ရန်ကုန်က မြို့နယ်တော်တော် များများမှာတောင် ဒုုနဲ့ဒေးပါ..။ ၁ဝ တန်းလောက်အောင်သွားရင် အရွယ်လေးလဲရောက်လာတော့ အလုပ်တဖက်နဲ့ တက္ကသိုလ် ဆက်တက်လို့ ဘွဲ့ယူနိုင်ပေမယ့်.. အခြေခံပညာရေးက ကလေးတွေမှာတော့ မိဘက ထားမှ ကျောင်းတက်ရမှာပါ။ ဒီကလေးတွေ တဝက်တပျက်နဲ့ ကျောင်းထွက်ရရင် ?????… ပထမ.. သူတို့ကို်ယ်တိုင် နစ်နာမယ်..။ ဒုတိယ… သူ့ မိသားစုအတွက် နစ်နာမယ်။ ..တတိယ… သူ့ပတ်ဝန်းကျင်အတွက် နစ်နာမယ်..။ စတုတ္ထ… တိုင်းပြည်အတွက် နစ်နာမယ်..။ ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုတဲ့အတိုင်း နောင်တစ်ချိန် ကျနော်တို့တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ နေထိုင်ရှင်သန် ရပ်တည်ကြမယ့် ကလေးတွေကမှ ပညာမတတ်ကြရင် အနာဂါတ် မြန်မာပြည်အတွက် တကယ်ကို ရင်လေးစရာပါ။ စိတ်ဝင်စားလို့ ကျောင်းထားပေးချင်ရင်တော့ လှိုင်သာယာမြို့နယ်ဘက်မှာ တကယ်လိုအပ်နေကြပါတယ်..။ ကျနော်ကတော့ ဒီနှစ် ၃ တန်း၊ ၈ တန်း နဲ့ သူငယ်တန်းကလေး အားလုံးပေါင်း (ရ )ယောက် ကျောင်းအပ်ပေးဖို့ စာရင်းကောက်ထားပါတယ်..။ တစ်ချို့ဆို HIV ရောဂါသည် သားသမီးတွေ ပါသလို၊ တစ်ချို့ကလဲ ကိုယ်တိုင်ရောဂါခံစားနေရတဲ့သူတွေတောင် ပါပါတယ်..။ ဘာပဲဖြစ်ဖြစ် ၁ ယောက်ပဲတတ်နိုင်ရင်လဲ ၁ ယောက်ပဲပေါ့ ။ ဒီလို အားလုံး ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုရင်တော့ နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမယ့် အားလုံးပေါင်းစုလိုက်ရင် အောင်မြင်လာမှာပါ..။

  • Kyi Lwin

    May 21, 2012 at 2:54 pm

    တွေးကြည့်ရင်တော့ ရင်မောစရာပေါ့။
    ဒါပေမယ့် ဘာမှ ပူ ကြနဲ့ကွယ့်။ တို့ ဖွတ် ဘဘကြီးများက နို်င်ငံတော် ကို ခေတ်မီဖွံ့ဖြိုးအောင် ပညာရေးနဲ့ နလန်ထူစေဖို့ ယခုနှစ် မူလတန်းပညာမသင်မနေရ ငွေကြေးမြောက်မြားစွာ။( အဲဘယ်လောက်လဲတော့ သိဘူးနော်) မ တည် ပြီး ကြည့်ရှုနေပါပြီတဲ့။
    အဲဒါထက် အထက ၃ ( မြောက်ဒဂုံ) မှာတော့ မနှစ်က ၈ တန်းကျောက်းသား အထိ ကွန်ပြူတာ မသင်ရသေးပေမယ့် ကျောင်းမှာ ( E ) ပညာရေးအတွက်ထားတဲ့ ကွန်ပြုတာတွေ ထိမ်းသိမ်းဖို့ ဆိုပြီး တစ်ကျောင်းလုံး ၁၀ဝ ကနေ ၃၀ဝ ထိ ကျောင်းသားတွေက ထောက်ပံ့ပေးလိုက်ရသကွဲံ။
    ခုနှစ် ပညာသင်နှစ်တော့ ကျောင်းဆရာ / ဆရာမတွေကို ပညာရေးဝန်ကြီးက ကြိမ်းဝါး ထားလေတော့ ဘယ်ဇာတ်ကို ဘယ်ပုံနဲ့ က ကြအုံးမယ်မသိ။
    ငွေရောင်ပိတ်ကားပေါ်ကားပေါ်မှာ စောင့်မျှော်ကြည့်ကြကုန်လော့။

  • etone

    May 21, 2012 at 3:34 pm

    ကိုထွန်းဝင်းလတ်ရေ … ပို့စ်လေးဖတ်ပြီး … အပြစ်မဲ့စွာ၊ အလင်းကွယ်ရတဲ့ ကလေးလေးတွေဘဝကို စာနာမိပါတယ် ။ ပညာသင်ခွင့်မရတော့ သူတို့လေးတွေ ကာယ အားကိုးပြီး ရှာစားပါလိမ့်မယ် ။ အရွယ်နဲ့ မလိုက်အောင်ကို ဘဝတွေ ကြမ်းတမ်းလိမ့်မယ် … ဆင်းရဲတွင်းက နက်သထက် နက်လာလျှင် .. လမ်းမှားလည်း ရောက်သွားနိုင်တာမို့ … သူတို့ အနာဂတ်ကို တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ် ။
    သူတို့ လက်ထက် … ပညာမသင်ခဲ့ရတာကြောင့် .. သူတို့ရဲ့ နောင်မျိုးဆက်လည်း… ပညာဆိုတဲ့ အရာကို တန်ဖိုးထားရကောင်းမှန်း ၊ သင်ယူရကောင်းမှန် း .. သိချင်မှသိတော့မယ်… ။ ကျွန်မ စိတ်ပူမိတာက … ပညာမတတ်လည်း ရှာစားလို့ ရတယ် … မတတ်လည်း ဘာမှ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးဝင်သွားမှာကို ကြောက်တာပါ … ။ တကယ်တမ်းတော့ ပညာမတတ်လည်း ရှာစားလို့ဖြစ်ပေမယ့် … အလုပ်လုပ်ရတာခြင်းကွာတယ်ဆိုတာ…. သူတို ့ကိုသိစေချင်လိုက်တာ … ။

    အခမဲ့ ဘကကျောင်းတွေ ပေါ်နေပါလျှက် … တဖက်တလမ်းက ငွေရှာရလို့ … ကျောင်းမတတ်နိုင်တဲ့သူတို့ ဘဝလေးတွေအတွက် .. ဘယ်သူ့ကိုများ သွား အပြစ်တင်ရမလဲနော် ။ ရွေးချယ်ခွင့်မရှိတဲ့ သန္ဓေတည်မှုမျိုးနဲ့ မွေးလာတဲ့ ဘဝတွေ … အကောင်း အဆိုး ၊ အကြောင်း အကျိုးကို …ကံကြမ္မာအရ ဆေးစက်ကျရာ … အရုပ်ထင်အောင်ဆွဲနေရရှာတယ် … ။ ကျောင်းအိပ်ကျောင်းစား သဘောမျိုး … လေ့ကျင့်ပြုစု ပျိုးထောင်ပေးမယ့် အခမဲ့ ကျောင်းတွေ ပေါ်လာလျှင်ကောင်းမယ် … ။

    ဆိုလိုတာက ကလေးတွေကို ပညာသင်ပေးတာတင်မကပါပဲ ၊ လက်မှု အတတ်ပညာလိုမျိုးပါ တွဲသင်ပေးသင့်ပါတယ် ….. ။ ပညာသင်နေစဉ်အတွင်းတော့ အစိုးရက တာဝန်ယူပြီး စိုက်ထုတ်ထားရပါမယ် … ။ ပညာသင်နေစဉ် လက်မှု လုပ်ငန်းက ရလာမယ့် ပစ္စည်းတွေကို ..တပိုင်တနိုင် export လုပ်ပြီး တဖက်တလမ်းကလည်း ဝင်ငွေရှာရပါမယ် ။ ကျောင်းပြီးတဲ့အခါ … သက်ဆိုင်ရာ ထူးချွန်မှုအလိုက် … ရာထူးနေရာနဲ့ …လစာပေးအပ်ပြီး သူတို့ကို လုပ်ငန်းခွင်တစ်ခု အဖြစ် ဖန်တီးပေးသင့်ပါတယ် … ။ နှစ်ကြာလာတဲ့အခါတော့… ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နိုင်ဖို ့ စိုက်ထုတ် ချေးငှားပေးသင့်ပါတယ် … ။ အစိုးရအနေနဲ့ …. ဒီတောအတွင်းတော့ ..စိုက်ထုတ်ထားရငွေရှိမယ် .. ဒါပေမယ့် .. သူတို့လေးတွေ အလုပ်ခွင် ဝင်နိုင်လာတာနဲ့ အမျှ … ငွေဝင်ဖို့ အခွင့်လမ်းပိုများပါလိမ့်မယ် … ။ ငါးကြင်းဆီနဲ့ .. ငါးကြင်းကြော်တာဖြစ်ပေမယ့်… ငါးကြင်းဝယ်ဖို့ ပိုက်ဆံတော့ စိုက်ထုတ်ထားရတာမျိုးကို ဆိုလိုတာပါ … ။ နှစ်ဦး နှစ်ဖက် အဆင်ပြေစေမယ့် နည်းလို့ လည်း .. ထင်မိပါတယ် … ။ 🙂

  • kyeemite

    May 21, 2012 at 4:17 pm

    kotun winlatt တင်ပြသလိုကလေးမျိုးတွေ
    ဗမာပြည်မှာ ထုနဲ့ဒေးဗျာ..စတ်မကောင်းစရာပါ…
    ရာဇဝင်လူဆိုး ပြောသလို…
    နှမ်းတစေ့နဲ့ ဆီမဖြစ်ပေမယ့် အားလုံးပေါင်းစုလိုက်ရင် အောင်မြင်လာမှာပါ..။
    တတ်နိုင်သလောက် ဆောင်ရွက်ကြတာပေါ့…

  • ဗိုက်ကလေး

    May 21, 2012 at 6:30 pm

    တရားခံက မိဘတွေကိုယ်တိုင်ပါဗျာ..

Leave a Reply