ခို”တစ်ကောင်ရဲ့သီချင်း

Thu Htet HmuJune 18, 20101min570

အချိန်ရမယ်ဆို …
ချစ်ခြင်းမေတ္တာအကြောင်း ပြောပြမယ်
ဉာဏ်ပညာအကြောင်း ဆွေးနွေးမယ်
စိတ်ဝင်စားမယ်ဆို …
မကျက်တော့တဲ့ ဒဏ်ရာအချင်းချင်း
လက်သိပ်ထိုး ခွက်ပုန်းခုတ်
တစ်စက်ချင်း ရီဝေမူးမော
ဘယ်လိုသဘောရပါသလဲ …။
ကိုယ့်အကုသိုလ်နဲ့ ကိုယ် …
ခဏ ခဏ ကျကွဲနေရတာတောင်
အသံမြည်ခွင့် ဆွံ့အခဲ့ … ကြာပြီ …
လူ့အဖြစ် ရှုံးတယ်ထင်တိုင်း
ဖုန်း” ခေါ်ရတာလည်း
မီးခိုးတွေတောင် အူ“လာပြီ
ဇမ္ဗူရစ်ပဒိုင်းပွင့်လေးရေ …
ငိုနေပြီလား ….။
အမြှီးမှ မပူသေးခင်
ခေါင်း” ပျောက်တဲ့စရိုက် …
အဆီတဝင်းဝင်း ဖျတ်ဖျတ်လူး
ကိုယ်ကျင့်အဘိဓမ္မာ” များ
တစ်နပ်စာမြိန်မြိန် …
ပြန်လာစရာမရှိသော … ဘဝ” များများ
ပါးစပ်ဟောင်းလောင်းနဲ့
သွားကြားထိုးတံ တစ်ပွေ့တစ်ပိုက် ဟန်ရေးပြ
ဖွတ်” ကျောပေါ် ထင်းခွေ
ဟီးဟီးထ …အရှက်မဲ့ အခိုးလျှံ
နှုတ်ခမ်းစုံပြုံးပြ နှုတ်ဆက်
ကိုယ့်ထက်နိမ့်” တာတွေကို
မော့မော့ကြည့်ရတာ နာ”တယ် …
အသပြာသံ တချွင်ချွင် …
ဝဲဘက်အိပ်ကပ် … ခေါက်ရိုးကျိုးပြားချပ်
တစိမ်းပြင်ပြင် မျက်နှာကျက်ကျက်တွေကြား
အသွေးတူ အသားတူချင်း နင်းရတာ ရွံတယ် … ။
ရေချိုးချင်လို့ ပေါက္ခရဝဿမိုးကိုမျှော်
ခေါင်းတမော့မော့ လည်တဆန့်ဆန့်
ချေဖျားစုံထောက် ဆွေ့ဆွေ့
38” နှစ်သားကြီးခမျာ …
ညစ်တီးပတ်တတ်ပေလူး
ကိုယ့်တန်ဖိုးကိုယ် လို”သလိုမြှင့်ကြည့်
တံတွေးစွန်းဦးကင်း ကျပ်ပူတိုက် ..
ခေါင်းငိုက်စိုက် ကိုယ့်ခြေရိပ်
ကသိုင်းရှု …
ဟေ့ !! လောက …
ဘဝကို ရေတစ်ခွက်လို
မော့မော့ပြီး သောက်ချင်တယ်
ငုံ့ ငုံ့ နေရလွန်းလို့ …။
                          သုထက်မှူး