ဒုတိယမြောက် ထိုင်းနိုင်ငံ ခရီး အင်တာဗျူး ၈

manawphyulayMay 22, 20121min671

မလေးရှားကနေ မြန်မာပြန်တော့ ထိုင်းနိုင်ငံဘက် ရောက်ခဲ့သေးတယ်ဆို။ အဲဒီမှာ တွေ့ကြုံပုံလေးတွေလည်း ပြောပြပေးပါလား။

မလေးရှားမှာ ဒုက္ခနဲ့ သုခပေါင်းစုံ ခံစားရင် မြန်မာပြည်ကို လေးနှစ်နဲ့ နှစ်လ အကြာမှာ suband လေဆိပ်မှ တစ်ဆင့် ပြန်လာခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်သော်လည်း နိုင်ငံခြားမှာ နေခဲ့သူမို့ ကိုယ့်နိုင်ငံမှာ ငွေရှာဖွေရ ခက်ခဲသေးတာကြောင့် ဒုတိယမြောက် ပြန်ထွက်ဘို့ တာဆူရပြန်ပြီပေါ့ဗျာ။ဒီလိုနဲ့ မြန်မာပြည်မှာ ခြောက်လလောက်နေခဲ့ပြီးတဲ့ အခါမှာတော့ passport ပြန်လျှောက်ပြီး နိုင်ငံခြားပြန်ထွက်ဘို့လုပ်ခဲ့ရပြီပေါ့နော်။(နိုင်ငံခြားမှာ ရှိတဲ့ မြန်မာသံရုံးမှာ အခွန်တွေဆောင် ဒဏ်ကြေးတွေပေးနဲ့ နိုင်ငံတော် အတွက် ငွေတွေ ကုန်ခဲ့တာကိုတော့ သိလိုမှာ မဟုတ်တဲ့အတွက် ချန်ထားပါရစေနော်။အသေးစိတ်သိလိုသူများ ရှိရင်တော့လည်း အခါအခွင့်သင့်ရင်ဖြင့် ဖော်ပြပေးပါမယ်ခင်ဗျာ။)ဒီတစ်ခေါက်တော့ ပထမ တစ်ခေါက် အတွေ့အကြုံအရ ထိုင်းနိုင်ငံ ဗီဇာ မယူခဲ့ပဲ ထွက်ခဲ့ပါတယ်ခင်ဗျာ။ဒေါ်လာ ၁ဝသာ ဆောင်ထားတယ်လေ။စာအုပ်ကြားညှပ် အဆင်ပြေနည်းလေနော်။ သူတို့လည်း ပျော် ကိုယ်လည်း အဆင်ပြေ ဝင်လို့ရတယ် မဟုတ်လားနော်။
ဒီတစ်ခေါက်တော့ ကိုကိုဇာ တစ်ယောက်တည်းပေါ့ဗျာ။ခန့်စည်သူရဲ့ မောင်မောင်ဇာ ရဲ့ အလွဲများကို သဘောကျလို့ အမည် တပ်လိုက်တာနော်။ဒါနဲ့ပဲ သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ ပွဲစား အိမ်လိပ်စာကိုယူပြီး လာခဲ့တာလေ။ထိုင်းရောက်တော့ အရင်လို မဟုတ်တော့ဘူးလေ လူရည် လည်စမို့ တတ်သလောက်ပြောရင်း သူငယ်ချင်းလိပ်စာပြလို့ လာခဲ့တာပေါ့ဗျာ။

ကံဆိုးမ သွားရာ မိုး လိုက်လို့ရွာ ပဲ ပြောရမလား။ သူဌေးမင်းလို့ အခေါ်ခံရမလား မသိ သူငယ်ချင်းပေးလိုက်တဲ့ အိမ်လိပ်စာ မတွေ့လို့ အငှားကား သမားက အဆင်ပြေရာ အဆင့်(၄)လောက်ရှိတဲ့ Park Royal လို Hotel ကိုလိုက်ပို့လိုက်ပါတယ်ခင်ဗျာ။တစ်ရက်နေထိုင်ခ ဒေါ်လာ (၅၀)ပေးရပြီး လိုက်ပို့သူတွေနဲ့ပေါ့။ ကိုကတော့ ဗောက်ဆူး ဘယ်ပေးနိုင်မလဲနော် သူဌေးမှ မဟုတ်တာကိုး။

ကောင်တာမှာ passport နဲ့နေထိုင်ဘို့ စာရင်းသွင်းရင်း ကိုယ်နေထိုင်ရမဲ့ အခန်းမှာအိတ်ထားလို့ မနှောင့်ယှက်ပါနဲ့ စာတန်းလေး ချိတ်ရင်း အခန်းတခါးကို ပိတ်လိုက်ပါတော့တယ်။တော်ကြာ
ဘာယူမလဲ၊ဘာလိုအပ်ပါသလဲနဲ့ လာနေရင် ပါတာလေး ကုန်သွားအုန်းမယ်လေ မဟုတ်ဘူးလား။
နောက်ဆုံးတော့ မြန်မာပြည်မှ သယ်လာတဲ့ စားစရာလေးတွေကို ရေခဲသေတ္တာထဲက ရေနဲ့ နှစ်ပါးသွားရင်း အခန်းအောင်းတာပေါ့နော်။ ဘယ်မှ သွားရဲဘူးလေ တော်ကြာ ပိုက်ဆံ ကုန်သွားရင် ဘယ်သူလာကူမှာလဲနော်။တစ်ယောက်တည်း မဟုတ်လား။ခြောက်ကပ်လှစွာ ညကမ္ဘာကို ကြိတ်မှိတ်အိပ်ရင်းနောက်တစ်နေ့ မိုးအလင်းမှာ သူငယ်ချင်းလိပ်စာပေးလိုက်တဲ့
အိမ်ကိုဖုန်းဆက်တာပေါ့ဗျာ။ အဆင်ပြေစွာ တွေ့လို့ အခန်းခနဲ့ ရေဘိုးရှင်းပြီး(သောက်ရေသန့်ဘိုးလေ) အငှားကားဆရာကို ပွဲစားအိမ်ကို လိုက်ပို့ခိုင်းလို့ ရောက်ခဲ့တာကြောင့် စိတ်ကို ဒုန်းဒုန်းချရင်း စိတ်သက်သာရစွာ အနားယူခဲ့ပါတော့တယ်ခင်ဗျာ။နေစရာနဲ့ အိပ်ဘို့ တစ်ရက်ကို ဘတ်ငွေ ၁၀ဝပေးရတာပေါ့နော်။အခုခေတ်တော့ မသိတော့ပါဘူးဗျာ။ဒီလိုနဲ့ ပွဲစားအိမ်မှာ သောင်တင်ရင်း စင်္ကာပူသွားရင်ကောင်းမလား။သင်္ဘောလိုက်ရင် ကောင်းမလား။ တစ်ခြားတစ်နိုင်ငံ သွားရင်ကောင်းမလားတွေနဲ့ တောသားလူလည်လို အတွေးတွေနဲ့ ထိုင်းမှာ ကြာဘို့ဖြစ်လာပြီပေါ့ဗျာ။ထိုင်းမှာက သဘောင်္ ကပ္ပတိန်လုပ်မလား။ သဘောင်္သားတစ်ချပ်မှောက်လုပ်မလား( သဘောင်္သား အစစ်မဟုတ်သူတွေကို တစ်ချပ်မှောက်လို့ ဝှက်ဖဲလို သုံးနှုန်းတာကိုးနော်)။ လိုတာ အတုမှန်သမျှ အကုန်ရပြီလားခင်ဗျာ။ဆရာဝန်လုပ်မလား။ အင်ဂျင်နီယာ လုပ်မလား အတုမှန်သမျှ ပန်းပုထုသလို ရုပ်လုံးသွင်းပေးကြမဲ့ မြန်မာပွဲစားတွေက ရှိတာကိုးဗျ။သူတို့ရှိလို့လည်း မြန်မာတွေ နိုင်ငံခြားမှာ အဆင်ပြေသူတွေ၊ မပြေသူတွေ ရှိနေတာပေါ့နော်။ကျွန်တော်လည်း သူတို့နဲ့ အတူတူ ဘဝ အတွေ့အကြုံတွေ ရှာရင်းဘယ်ကိုရွေ့လျားရမှန်း မသိစွာနဲ့ ထိုင်းနိုင်ငံမှာ ငါးလနီးပါး ကြာခဲ့ပါတယ်ခင်ဗျာ။

ပိုက်ဆံကိုတော့ မာတာမိခင်ရဲ့ မေတ္တာနဲ့ ပို့ပေးတဲ့ ငွေနဲ့ဆက်လက်ရှင်သန်နေထိုင်ရတာပေါ့နော်။ သူငယ်ချင်းမိတ်ဆွေ ရှမ်းအမျိုးသား ဓါတ်ပုံဆရာနဲ့ အတူတူ လျှောက်လိုက်ရင်း
နေရာစုံရောက်ဖူးတာပေါ့ဗျာ။သူက သူ့ကင်မရာနဲ့ ဓါတ်ပုံတွေ ရိုက်ရင်း အလှအပ ရှုခင်းတွေကို ထိုင်းနိုင်ငံမှာ ရောင်းစားရင်း ငွေရှာနေသူတစ်ယောက်ပေါ့။သူနဲ့ အတူတူ

လိုက်ရင်းအလုပ်တစ်ခုလျှောက်ထားတာရလို့ အဆင့်(၅) ရှိတဲ့ Hotel ကြီးမှာပေါ့ဗျာ။လစာက ဘတ်တစ်သောင်းနဲ့ပေါ့။ ဒါနဲ့အင်တာဗျူးနဲ့လဲ ဆုံရော အပေါက်ဝကတင် ဘာလူမျိုးလည်းမေးလို့ passport အနီရောင်မြန်မာမို့ စိတ်မရှိပါနဲ့ မြန်မာဆို မခန့်ပါဆိုလို့ လှည့်ပြန်ရပါတော့တယ်။ မြန်မာလူမျိုးတွေ ဘယ်နိုင်ငံမှာ မဆို အနှိမ်ခံရတာ မိမိကြောင့်လား တိုင်းပြည်ကြောင့်လား ဝေခွဲ မရတော့ပါဘူးခင်ဗျာ။
နောက်ဆုံးတော့လည်း ဘိုင်ပြတ်လာပြီး မိဘကိုလည်း ဒုက္ခ မပေးချင်တာကြောင့် လာရာလမ်းအတိုင်းအရင် သွားခဲ့ဘူးသော မလေးရှားသို့ ချီတက်ရန် ဆုံးဖြတ်ရင်း မလေးရှားနဲ့ ထိုင်းနိုင်ငံ
နယ်စပ်ကို ထွက်ခွာလာခဲ့ကာ နောက်ကြုံရမဲ့ အဝင်ခရီး (အောက်လမ်း-ခိုးလမ်းခရီး)ကို စွန့်စားဘို့လာခဲ့ပါပြီခင်ဗျာ။

One comment

  • လူမျိုးကြောင့်တော့ မဟုတ်ပါ။သောက်သုံးမကျသော စစ်အာဏာရှင်တွေရိုက်ချိုး
    ပြစ်ခဲ့သော စရိုက်ဆိုးများကြောင့်သာဖြစ်ပါ၏။မြန်မာတွေ တကယ်တော့ ကမ္ဘာ့နေ
    ရာအနှံ ့ရောက်နေကြတာဘဲ။မြန်မာတွေ အရည်အချင်းမညံ့ပါ။

Leave a Reply