(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင်

BayoteJune 18, 20101min903

800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန်တမြို့လုံးသို့ အငှားချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀ဝ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအဝင် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း သုံးစွဲခွင့်ကို နေ့ချင်းပြီး လျှောက်ထားရယူနိုင်သည်ဟု သိရသည်။

3 comments

  • လင်းဝေကျော်

    June 18, 2010 at 5:00 am

    အလှူငွေ ကကော ဘယ်လောက်ထည့်ရမယ် မပါဘူးလား။
    တစ်သောင်းတော့အနည်းဆုံးတောင်းမှာပါ။
    ရံပုံငွေပါ ဘာညာ ဆိုပြီးတော့…
    နောက်တစ်ယောက်(တစ်စားပွဲ) တစ်ထောင်လောက်တော့ လုပ်ဦးမှာပဲ…
    စာရွက်တွေထပ် ဘာညာ ရှုပ်နေတော့ ပွဲစားက လာဦးမှာပဲ

  • etone

    June 18, 2010 at 6:32 am

    အဲ့ဒါတော့ဟုတ်တယ် ။ ဘာလို့ အစိုးရအလုပ်တော်တော်များများမှာ စာရွက်တွေတရွက်ပြီးတရွက်ကိုင်ပြီး ဟိုစားပွဲကိုသွားဒီစားပွဲကိုပြန်လာနဲ့လုပ်ရတာလဲမသိဘူး ။ မှတ်ပုံတင်လုပ်ရင်တောင် ပိုက်ဆံမပေးရင် ဟိုချိန်းဒီချိန်းနဲ့ တော်တော် စိတ်ကသိကအောက်ဖြစ်ရတယ် ။

  • သတင်းလူသား

    June 18, 2010 at 7:32 pm

    ဒါက ဒီလိုရှိပါတယ်။ ကျန်းမာရေးကောင်းမွန်စေအတွက်က လမ်းများများလျှောက်ဖို့လိုပါတယ်။ လမ်းများများလျှောက်စေတာဟာ ဘာစက်ကိရိယာမှမလိုပဲ ကျန်းမာရေးကိုအထောက်အကူဖြစ်စေတယ်ဆိုတာကို သိရှိထားကြတဲ့အတွက် ကျွန်တော်တို့မြန်မာလူမျိုးချင်းရိုင်းပင်းတဲ့အနေနဲ့ အကုန်အကျသက်သာစွာ လမ်းလျှောက်နိုင်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။ 😛 … ။ အလှူငွေကောင်ခံတယ်ဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ။ မြန်မာအချင်းချင်းထပ်ဆင့်ရိုင်းပင်းကူညီတာပါ။ ဘုရားကျောင်းကန်ထိသွားပြီး အလှူလုပ်စရာမလိုအောင် ကူညီတာပါ။ ကုသိုလ်ရဖို့ တမင်တကာ သွားလုပ်ယူစရာမလိုအောင် ကူညီတာပါ။ အဲလိုကူညီတဲ့အတွက် အခကြေးငွေမယူထားပါဘူး။ အခမဲ့ပါ။ :P…။ မယုံမရှိပါနဲ့။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဲလို အခမဲ့ကုသိုလ်ရအောင်လုပ်ပေးတဲ့နေရာတွေ။ အခမဲ့နိဗ္ဗာန်ရောက်အောင်လုပ်ပေးတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဂုဏ်ယူစရာပါ။(ဥပမာ-ဘက်စ်ကားစီးရင်း ဘုရားစာရွတ်ရတာ၊ လေယာဉ်ပျံစီးရင်း ဘုရားစာရွတ်ရတာမျိုးတွေကအစ အများအပြားရှိနေပါတယ်)။ နောက်ထပ်ပြောစရာတစ်ခုရှိနေပြန်တာက။ မြန်မာတွေ ကိုယ့်အားကို ကိုးတတ်အောင်လည်း သင်ကြားပြသပေးပါတယ်။ ခုဆိုရင် ကိုယ့်အားကိုကိုးလမ်းတို့၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တို့၊ ကိုယ့်အားကိုယ်ကိုး —–ဆိုတာတွေ များမှများ။ အဲလိုလုပ်ပေးတဲ့အတွက်လည်း များစွာကျေးဇူးတင်ရပါတယ်။ မြန်မာတွေ ကိုယ့်အားကိုယ်ကိုးတတ်ကြပြီလေ။

Leave a Reply