Arrivederci Old Lady

ムラカミMay 23, 20126min18514

 

 

 

Arrivederci

Goodbye ဆိုတဲ့ Italian စာလုံးလေးပါ။ Arrivederci တဲ့..

ဟုတ်ကဲ့။ နှုတ်ဆက်ခဲ့ပါသည် Old Lady ….

 

ဒီလိုပြောသွားခဲ့တာတော့ သက်တော်ရှည် အသင်းခေါင်းဆောင်

Alessandro Del Piero ပဲဖြစ်ပါတယ်။

၁၉၇၄ခုနှစ် အီတလီ နိုင်ငံ ကွန်နယ်ဂလီရာနို ဆိုတဲ့ ဒေသမှာဖြစ်ပါတယ်။

နောင်တချိန်မှာ ဘောလုံးလောကအတွက် ကမာ္ဘ့အဆင့် ကစားသမားတစ်ဦး

မွေးဖွားလာခဲ့ပါတယ်။ သူ့နာမည် ကတော့ Alessandro Del Piero ပဲဖြစ်ပါတယ်

 

 

အဲလက်ဇန်ဒရို ဒယ်လ်ပီယာရို ဆိုတာ ၁၉၇၄ခုနှစ် မှာမွေးတဲ့ ၂၀၀၆ ကမာ္ဘ့ဖလား အောင်ပွဲခံ အီတလီ ဘောလုံးသမား တစ်ယောက်ဖြစ်ပါတယ်

သူဟာ ဂျူဗင်းတပ်စ် အသင်းမှာ စွဲသဲမြဲမြဲ ကစားခဲ့တဲ့ ကစားသမားတယောက်လည်း ဖြစ်ပြီး ယခုအခါ အသက် ၃ရနှစ် အရွယ် ရှိပြီး ဇွန်လ ၃ဝရက်

နေ့ကနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

 

သူ့အကြောင်း

သူဟာ တချိန်က ဘောလုံးဘုရင် ပီလီ ရွေးချယ်တဲ့ ဘောလုံးသမိုင်းမှာ ပေါ်ထွန်းထူးတဲ့ အကောင်းဆုံး ကစားသမား ၁၀၀(၁၂၅ယောက်) စာရင်း

ဝင် တစ်ဦးဖြစ်ပြီး UEFA Golden Jubilee Poll အရလည်း ကောင်းဆုံး စာရင်းဝင် တယောက်ဖြစ်ခဲ့ပါတယ်။ရွှေရောင်ကာလတွေအဖြစ် သက္ကရာဇ်

၂၀၀ဝ ပြည့် ခုနှစ်တုန်းက ကမာ္ဘ့ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား အဖြစ်ရပ်တည်နိုင်ခဲ့သူပါ။

သူဟာ အီတလီပြည် မှာ ဂုဏ်ပြုပေးအပ်တဲ့ ဆု၃ဆု ရရှိဖူးပါတယ်။ ကာလကြာရှည် ထိပ်တန်းအဆင့်မှာ ကစားနိုင်ခဲ့တဲ့ သူ့ခြေစွမ်း ကြောင့် ရခဲ့တဲ့

Golden Food ဆု အပြင် သူ့ လှူအတန်း တွေနဲ့ လူကြီးလူကောင်းပီသမှုအတွက် ကျန် ၂ဆု ကိုရရှိခဲ့တာပါ

 

 

သူဟာ “trequartista” လို့ခေါ်တဲ့ နောက်ချန် တိုက်စစ်မှူး နေရာ မှာ ကစားပြီး ကွင်းလယ်နဲ့ တိုက်စစ်သမားတွေကြား ပေါင်းကူးပေးသူအဖြစ်

ပုံမှန်ကစားလေ့ရှိပါတယ်။

 

ဝေဖန် အကဲဖြတ်သူတွေကတော့ သူ့ ကစားပုံဟာ တီထွင်ဖန်တီးမှု တိုက်စစ် ဟန် လို့ သတ်မှတ်ကြပြီး သူကိုယ်တိုင်ရော အဆုံးသတ်သမား

တွေအတွက်ပါ ဂိုးတွေအများကြီး ဖန်တီး ပေးတတ်သူ အဖြစ်ရှုမြင်ကြပါတယ်။ သူ့ရဲ့ ဖရီးကစ်နဲ့ ပယ်နယ်တီ သွင်းယူပုံဟာလည်း

အဆင့်မြင့်တယ်လို့ သတ်မှတ် ခံရပါတယ်။

သူဟာ “Del Piero Zone”(“Gol alla Del Piero”) ဆိုပြီးတောင် နာမည် ခေါ်တွင်ရတဲ့အထိ ထင်ရှားတဲ့ ကစား ဟန် ရှိပါတယ်။

အဲ့သည့် နေရာကတော့ ဂိုးဧရိယာ အပြင် ဘယ်ဘက်ယွန်းယွန်း ကနေပြီး တိကျ ဝေ့ဝိုက်တဲ့ အဝေးကန်ချက်တွေနဲ့ ဂိုး အပေါ်ထောင့်ကို

ဂိုးသွင်းယူတတ်ခြင်းပါပဲ။

သူဟာ ၂၀၀၈ခုနှစ် ဧပြီလ ၆ရက်နေ့ကတည်းက ဂျူဗင်းတပ်စ် အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။

အဲ့သည့်နောက်လည်း ဂိုးတွေ ဆက်လက် သွင်းယူနေဆဲဖြစ်ပါတယ်။

၂၀၁ဝခုနှစ်၊ မေလမှာတော့ သူဟာ ချန်ပီယံလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး စာရင်းမှာ နံပါတ် ၈ နေရာ ရပ်တည်ခဲ့ပြီး အီတလီလက်ရွေးဆင်

အသင်းအတွက်တော့ ဂိုးသွင်းအများဆုံး နံပါတ် ၄ နေရာမှာ နာမည်ကျော် ရော်ဘက်တို ဘက်ဂီယို နဲ့ အတူတူ ပူးတွဲရပ်တည်နေပါတယ်။

 

 

ငယ်ဘဝ

လျှပ်စစ်အင်ဂျင်နီယာ တယောက်နဲ့ အိမ်အကူ အမျိုးသမီး တစ်ယောက်တို့ရဲ့ သား အဖြစ်မွေးဖွားလာခဲ့တဲ့ ဒယ်လ်ပီယာရို ဟာ

သူ့ငယ်ဘဝ မှာ အိမ်နောက်ဖေးမှာ နက်စ်လို နဲ့ ပီယာပါအိုလို လို့ ခေါ်တဲ့ သူငယ်ချင်း၂ယောက်နဲ့ အတူတူ ဘောလုံးကန်နေလေ့

ရှိပါတယ်။ ဒီ၃ယောက် စလုံးဟာ နောင်တချိန်မှာ ပရိုဖက်ရှင်နယ်လ် ဘောလုံးသမား တွေဖြစ်ဖို့ စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ကြပြီး

နောက်ဆုံးမှာ ဒယ်လ်ပီယာရို တစ်ယောက်ပဲ ဒါကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

သူ့မှာ အစ်ကို တစ်ဦးရှိသေးပြီး စတိဖာနို လို့ ခေါ်ပါတယ်။ သူဟာ ဆမ်ဒိုးရီးယားအသင်းမှာ ဒဏ်ရာကြောင့် အနားမယူခင်

အချိန်အထိ ပရို ကစားခဲ့တဲ့ ကစားသမား လည်း ဖြစ်ပါတယ်။

 

သူတို့မိသားစုဟာ ဆန် ဗန်ဒီမီယာနို ရဲ့ တောမြို့ငယ်လေးမှာ နေထိုင်ခဲ့ကြပြီး အရွယ်ရောက်သည်အထိ နိုင်ငံရပ်ခြား ကို အလည်အပတ်သွားဖို့

ငွေကြေး မရှိသည်အထိ ဆင်းရဲချို့တဲ့ ခဲ့ပါတယ်။ တခါက ဒယ်လ်ပီယာရိုဟာ ပြင်ပကမာ္ဘကို လှည့်ပတ်ကြည့်ရှုနိုင်ဖို့ လော်ရီကား မောင်းသမား

အနေနဲ့ အသက်မွေးဖို့ထိတောင် စဉ်းစားခဲ့ဖူးပါတယ်။

အသက် ရနှစ်အရွယ် ဒယ်လ်ပီယာရိုဟာဆန် ဗန်ဒီမီယာနို က ဌာနေလူငယ်အသင်းမှာ ဘောလုံး ကစားတော့ ဂိုးသမားနေရာ က ဖြစ်ပါတယ်။

ဒီနေရာကို ရွေးချယ်ရတဲ့ အကြောင်းကတော့ ပွဲများများကစားရဖို့ ဖြစ်ပြီး သူ့မိခင်ကလည်း အပင်ပန်းသက်သာပြီး ဒဏ်ရာအနာတရ ဖြစ်မှု

နည်းတဲ့ သည်နေရာမှာ ကစားတာပဲ ပိုကောင်းတယ် ထင်ခဲ့ပါတယ်။ ဒါကို ပြောင်းလဲပေးခဲ့သူက သူ့အစ်ကို စတီဖာနို ပဲ ဖြစ်ပါတယ်။

” အဲလက်စ် က တိုက်စစ်မှာ ပိုကောင်းတာ အမေမမြင်ဘူးလား ” လို့ ပြောဆိုပြီးတော့ပေါ့။ သည်လိုနဲ့ ဒယ်လ်ပီယာရိုဟာ နေရာပြောင်းကစားခဲ့ပါတယ်။

၁၉၈၈ခုနှစ်တုန်းက ဖြစ်ပါတယ် ဆန် ဗန်ဒီမီယာနို အတွက် ကစားပေးနေတုန်း ဘောလုံးကင်းထောက်တွေ သူ့ကို သတိပြုမိခဲ့တာပါ။

သူဟာ အသက် ၁၃နှစ်သားမှာ ပါဒိုဗာ လူငယ် အသင်း အတွက် ကစားပေးဖို့ အိမ်ကနေ ထွက်ခွာလာခဲ့ပါတယ်။

 

 

 ဂျူဗီ သို့

 

၁၉၉၃ ခုနှစ်မှာတော့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ ကြုံလာပါတော့တယ်။ ဟုတ်ပါတယ်။ အီတာလျှံဘီလူးကြီး ဂျူဗင်းတပ်စ် အသင်းကို

ပြောင်းရွှေ့ခွင့် ရခဲ့ခြင်းပါပဲ။ ဒါဟာ ခမ်းနားကြီးကျယ်လွန်းပြီး သူတခါမှ မရောက်ဖူးတဲ့ ဧရာမနေရာကြီး တခုဖြစ်နေလို့ပါ။

အဆိုပါနှစ် စက်တင်ဘာ လ မှာပဲ သူ့ရဲ့ စီးရီးအေ ပွဲဦးထွက် အဖြစ် ဖော့ဂျီယာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ ဂျူဗင်တပ်စ် အတွက်

ပထမဆုံးဂိုးကိုတော့ အဲ့သည့်ပွဲအပြီး နောက်တပွဲဖြစ်တဲ့ ရက်ဂျီးနား အသင်းနဲ့ပွဲမှာ အရံခုံပေါ်က ထလာပြီး သွင်းယူနိုင်ခဲ့တာပါ။

နောက်ထပ် တပွဲဖြစ်တဲ့ ပါးမားအသင်းနဲ့ ပွဲမှာတော့ ၁ပွဲတည်း ၃ဂိုး ဟတ်ထရစ် သွင်းယူပြီး စတင်မှုကောင်းကို ပြသနိုင်ခဲ့ပါတယ်။

သူပြောင်းရွှေ့လာပြီး ပထမဆုံးသောနှစ်မှာပဲ တူရင် အခြေစိုက် ဂျူဗင်းတပ်စ် အသင်းဟာ ၈နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဒိုင်း ကို သိမ်းယူ

နိုင်ခဲ့တာပါ။ အဲ့သည့်အချိန်ကစလို့ ဒယ်လ်ပီယာရိုဟာ ဂျူဗင်းတပ်စ်နဲ့အတူ အမှတ်ပေးဒိုင်း ကို ၈ကြိမ်တိတိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

(၁၉၉၅၊ ၁၉၉၇၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၅၊ ၂၀၀၆ နဲ့ ယခု ၂၀၁၂ ခုနှစ်တွေမှာပါ။)

ချန်ပီယံ လိဂ် ကိုတော့ ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ကမာ္ဘ့တိုက်ကြီးများ ဖလား လည်း အဆိုပါနှစ်မှာပဲ ရရှိခဲ့တာပါ။

သူဖြတ်သန်းခဲ့တဲ့ ကာလအတွင်းမှာ ၁၉၉၇-၉၈ ဘောလုံးရာသီဟာ အတောက်ပဆုံး လို့ ဆိုနိုင်ပါတယ်။ စီးရီးအေ မှာ ၂၁ဂိုး သွင်းပြီး

ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁ဝဂိုး ရရှိခဲ့ပါတယ်။ အေအက်စ် မိုနာကိုအသင်းကို ဆီမီးဖိုင်နယ်လ်မှာ သွင်းယူခဲ့တဲ့ ဖရီးကစ် ကတော့ အလှပဆုံး

ဖြစ်ခဲ့ပါတယ်။ဖိုင်နယ်မှာလည်း သူကတော့ ဂိုး ၁ဂိုး သွင်းယူခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှစွာပဲ ဂျာမန်ကလပ် ဘိုရပ်ရှားဒေါ့မွန်

အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

၁၉၉၈-၁၉၉၉ ဘောလုံးရာသီ အစပိုင်းမှာ တော့ သူဟာ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ အသင်းဟာလည်း မသမာမှုအချို့ ပြုလုပ်ခဲ့သလား

ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ ကြုံရတဲ့ ကာလဖြစ်ပါတယ်။ အောက်တိုဘာလမှာကစားခဲ့တဲ့ အူဒီးနိစ့် အသင်းနဲ့ ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ

ရရှိခဲ့ပါတယ်။ဒါဟာ အဆိုပါနှစ်အတွင်း သူ့ကို ကွင်းပြင်ထုတ်ထားခဲ့တဲ့ ကိစ္စ ဖြစ်ခဲ့ပြီး အသင်းဟာလည်း အမှတ်ပေးဇယားမှာ အဆင့်-၆

အနေနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

 

သီးသန့်ဖြစ်တည်မှု

 

 

သည်ကာလ အတွင်းမှာ သူ့ရဲ့ ဘောလုံးလောကမှာ ရုပ်ခြည်း ပေါ်ထွန်းလာမှုဟာ အတော်လေး လူပြောများစရာ ဖြစ်ခဲ့ပြီး ပရိတ်သတ်တွေက

“Il Pinturicchio” လို့တောင် နာမည်ပြောင် ပေးခြင်း ခံခဲ့ရပါတယ်။ ဒါဟာ တချိန်က ဖိယက် လုပ်ငန်းစု ဥက္ကဌဟောင်း ဂျီယန်နီ အဂ္ဂနယ်လီ

က သူ့ပေါ်ထွန်းမှု ကို အယ်လ် ပင်တူရီချီယို ဆိုတဲ့ ရီနေဆန်း ခေတ် အနုပညာရှင် ပေါ်ထွန်းမှု လိုမျိုးလို့ တင်စားရာမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ပဉ္စလက် ဆန်ဆန် ပေါ်ထွန်းမှု အတွက် နောက်ထပ် နာမည်ပြောင် အနေနဲ့”Il Fenomeno Vero” လို့ ပရိတ်သတ်တွေက ချစ်စနိုး

ခေါ်ဆိုကြပါသေးတယ်။ အဓိပ္ပါယ်ကတော့ “The Real Phenomenon” ပါတဲ့ ။ အဲ့သ်ည့ အချိန်က ပြိုင်ဘက် အင်တာမီလန် အသင်းက

တိုက်စစ်မှူး နာမည်ကျော် ဘရာဇီးသား ရော်နယ်လ်ဒို ကို သူ့ ပရိတ်သတ်တွေက ဖြစ်ရပ်မှန် “Il Fenomeno” လို့ တင်စား ခေါ်ဝေါ်တာကို

တုန့်ပြန်တဲ့ အနေနဲ့ သည်လို နာမည်ပေးခြင်း ဖြစ်ပါတယ်။

ဘောလုံးသမားတယောက် အနေနဲ့ သူ့ရဲ့ အထူးချွန်ဆုံး အချက် ကတော့ တိုက်စစ်မှာ နေရာစုံ ကစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

သူရဲ့ အဓိက ကစားလေ့ရှိတဲ့ နေရာကတော့ နောက်ချန်တိုက်စစ်မှူး အဖြစ် နဲ့ပါ။ တခါတရံမှာလည်း ကစားကွက်ပုံဖော်သူ အနေနဲ့ လည်း

ကစားတတ်ပါသေးတယ်။ မာဆယ်လို လစ်ပီ ဟာ ဂျူဗင်းတပ်စ် နည်းပြ အဖြစ် ပြန်လည် တာဝန်ယူတဲ့ ကာလတွေမှာ ဖြစ်ပါတယ်။ သူဟာ

ဂျီယန်လူကာ ဗီယာလီ နဲ့ ဖာဘရီဇို ရာဗင်နယ်လီ တို့ပါဝင်တဲ့ ၃မြှောင့် တိုက်စစ်မှာ ပါဝင်ခဲ့ဖူးပါတယ်။

 

 

အဲ့သည့်နောက်မှာတော့ သူဟာ

ကွင်းလယ် ဗိုလ်ချုပ် ဇီဒန်းနဲ့ အဆုံးသတ်သမား အင်ဇာဂီ တို့ကြားက ချိတ်ဆက်ပေးသူ အဖြစ် လည်း ကစားခဲ့ပါသေးတယ်။

 

 

၂၀၀၁ ခုနှစ အရောက်မှာတော့ ဇီဒန်း အစားထိုး ပေဗယ်လ် နျက်ဗက် နဲ့ ရှေ့တန်းလူ ဒေးဗစ် ထရာဇီဂေး တို့ ကြား မှာ ကစားခဲ့တာပါ။

 

 

၂၀၀၄ခုနှစ်ယူရိုပြိုင်ပွဲ အပြီးမှာ ဖြစ်ပါတယ်။ နည်းပြကြီး မာဆယ်လို လစ်ပီ ကို ဖေဘီယို ကာပယ်လို နဲ့ အစားထိုး ခဲ့တဲ့နောက် ဒယ်လ်ပီယာရို

ရဲ့ အရည်အသွေးတွေကို သိပ်မယုံကြည်ခဲ့တဲ့နည်းပြသစ်ဟာ အသစ် ခေါ်ယူ စာချုပ်ချုပ်ထားတဲ့ ဇလတန် အီဗရာဟီမိုဗစ်ချ် ကို ပိုမို

အသုံးပြုခဲ့ပြီး သူ့ကိုတော့ အရံခုံပေါ် ပို့ထား တတ်ပါတယ်။ ဒါဟာ ပရိတ်သတ် အတော်များများကို စိတ်ပျက်စေခဲ့တဲ့ ဆုံးဖြတ်ချက်လည်း

ဖြစ်ခဲ့ပါရဲ့.။ သူကတော့ သူပါဝင်ချိန်မှာ ၁၄ဂိုး သွင်းပြရင်း သူ့အလုပ်သူ အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ တိုက်စစ်မြှားဦး ကို ပံ့ပိုး ပေးနိုင်မှု

မှာလည်း ကျေပြွန်ခဲ့ပြီး အသင်းဖော် ထရာဇီဂေး အတွက် မီလန် နောက်ခံလူတွေ ခေါင်းပေါ်ကနေ ကျော်ချပေးရင်း အကွက်ဆင်ပေးမှုဟာ

အတော်လှပသေသပ်ခဲ့တယ် လို့ ဆိုကြပါတယ်။

ကျွမ်းကျင်သူတွေဟာ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာ ဒယ်လ်ပီယာရိုဟာ အကောင်းဆုံး အရည်အသွေးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီလို့

ဆိုကြပါတယ်။ သူဟာ ပြိုင်ပွဲစုံ ဂိုး၂ဝ သွင်းနိုင်ခဲ့လို့ပါပဲ။

သူနဲ့ ကာပယ်လို ကြားက ဆက်ဆံရေးကတော့ တည်ငြိမ်တယ် မရှိခဲ့ပါဘူး။ သူ့ကို အရံအနေနဲ့ ရုတ်ချည်း အပြောင်းအလဲ လိုအပ်တဲ့

အခြေအနေမျိုးတွေမှာသာ ထည့်သုံးတတ်တဲ့နည်းပြ နဲ့ပါတ်သတ်ပြီးတော့ ကာပယ်လိုသာ ဆက်နေမယ်ဆိုရင် ကျနော် ဂျူဗင်းတပ်စ်က

ထွက်မယ် လို့ ထုတ်ပြောတဲ့အထိ အက်ကြောင်းထင်ခဲ့ပါတယ်။

 

မိုင်တိုင်များ

 

၂၀၀၆ ဇန်နဝါရီ ၁ဝရက်နေ့မှာ ကိုပါအီတာလီယာ ပွဲ ဟက်ထရစ် ၃ဂိုး နဲ့ အတူ ဂျူဗင်းတပ်စ် အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး

ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဂိုးအရေအတွက် စုစုပေါင်း ၁၈၅ ဂိုးနဲ့ဖြစ်ပါတယ်။

ဒယ်လ်ပီယာရို ဟာ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီ နောက်ဆုံးမိနစ် လူစားဝင် သွင်းဂိုး နဲ့အတူ

ဂျို့စ် အယ်တာဖီနီ တင်ထားတဲ့ တရာသီလုံး လူစားဝင်ရင်း ၆ဂိုးသွင်းတဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။

အဆိုပါ နှစ်မှာပဲ ဂျူဗင်းတပ်စ်အသင်းဟာ ကျော်ကြားလှတဲ့ လုပ်ပွဲအရှုပ်တော်ပုံ ဂယက်ကြောင့် ချန်ပီယံ ဆုဖလား ၂လုံး ပယ်ဖျက်ခြင်း

ခံခဲ့ရပြီး စီးရီးဘီ ကို ဆင်းကစား ဖို့ ဆုံးဖြတ်ခြင်း ခံရပါတယ်။

ဇလာတန် အီဗရာဟီမိုမစ်ချ် ဖေဘီယို ကန်နာဗာရိုး နဲ့ လီလီယံ သူရမ်တို့ ဟာ အသင်းကို စွန့်ခွာခဲ့ပေမယ့် သူကတော့ စီးရီးဘီ

ဆင်းကန်ဖို့ သစ္စာရှိရှိ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

စီးရီဘီမှာ ကျင်လည်ရမယ့် ၂၀၀၆-၂၀၀ရ ဘောလုံး ရာသီအတွက်တော့ ဂျူဗင်းတပ်စ် အသင်း ဥရောပ ပွဲ ဝင်ခွင့် အတွက် တခုတည်းသော

မျှော်လင့်ချက်ဟာ ပြည်တွင်း ရှုံးထွက်ဖလား ကိုပါအီတာလီယာ ရရှိဖို့ သာ ဖြစ်ပါတယ်။

ဒယ်လ်ပီယာရို ဟာ သူစွမ်းသလောက် ကြိုးစား ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ နာပိုလီ အသင်းကို

အရေးနိမ့်ခဲ့ပြီး ကိုပါ ဖလား ကို လက်လွှတ်လိုက်ရပါတယ်။

အဲ့သည့်နောက်မှာတော့ ဂျူဗင်တပ်စ် အသင်းဟာ စီးရီးအေ ကို ပြန်လည် ရောက်ရှိလာပြီး နောက် သူဟာ အုပ်ချုပ်ရေး အဖွဲ့သစ် တွေနဲ့

ကာလအတန်ကြာစာချုပ် သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့ရပါသေးတယ်။ သို့သော် သူ့ရဲ့ ပထမဆုံး ကလေး တိုဘီယက်စ် မွေးဖွားတဲ့ သတင်းနဲ့အတူ

သူဟာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

 

၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ သူဟာ ဂျူဗင်းတပ်စ် အတွက် ပြိုင်ပွဲစုံ ကစားခဲ့တဲ့ ပွဲအရေအတွက် စံချိန်ဟောင်း ၅၅၂ ပွဲကို ကျော်လွန်ပြည့်မြောက်ခဲ့ပြီး

ရာသီအကုန်မှာ ၂၁ဂိုး ရခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ တိုက်စစ်မြှားဦး ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ် ထရာဇီဂေး(၂ဝဂိုး) နဲ့ မာကို ဘော်ရယ်လီယို

(၁၉ဂိုး) တို့ထက် သာလွန်တဲ့ အရေအတွက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ဝနှစ်က သူ့ပုံစံကောင်းကို ပြန်လည်ရရှိခြင်း လို့ ဆိုနိုင်ပါတယ်။

အဆိုပါနှစ်မှာပဲ သူဟာ fair-play award တခုဖြစ်တဲ့ Scirea Award ကို ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဩဂုတ်လ သူဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အသက် ၄ဝ အထိ ဆက်ကစားဖို့ ဆုံးဖြတ်ထားတယ် လို့

ထုတ်ပြောလာပါတယ်။

ဥရောပ ဘောလုံးဇာတ်ခုံပေါ်ပြန် တက်လှမ်းလာနိုင်တဲ့ ဂျူဗင်းတပ်စ်ဟာ သူတို့လိုပဲ ချန်ပီယံဟောင်း နာမည်ကျော် ရီးရဲယ်မက်ဒရစ် အသင်းနဲ့

တစ်အုပ်စုတဲ မဲခွဲခံခဲ့ရပါတယ်။ ဇင်းနစ်အသင်းကို အနိုင် ရခဲ့တဲ့ပွဲမှာ အလွန်လှပတဲ့ ဖရီးကစ် ဂိုး တစ်ဂိုး ကန်သွင်းယူခဲ့ပြီး

တူရင်မှာ ရီးရဲယ် ကို ဧည့်ခံခဲ့တော့လည်း အလားတူ ထပ်လုပ်ပြနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ အနိုင်မရရှိခဲ့ပါဘူး။

 

သည်လိုနဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ရောက်တဲ့အခါ စပိန်အသင်းက တလှည့်ပြန်ဧည့်ခံ ကစားရဖို့ ရှိလာပါတယ်။

သူဟာ ပွဲကစားချိန် ၅မိနစ် သာရှိသေးချိန်မှာ ဂိုး ဧရိယာ ထောင့်မှနေပြီး ဖရီးကစ် ကန်သလို ကန်ချက်ပြင်းပြင်းနဲ့ အဝေးထောင့်ကို ကန်သွင်းယူ

ခဲ့ပါတယ်။ နာမည်ကျော် ဂိုးသမား အိုင်ကာ ကားဆီးလက် ဘယ်လိုမှ မတတ်နိုင်ခဲ့တဲ့ ကန်ချက်လည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း စပြီး

မိနစ် အနည်းငယ် အတွင်းမှာ အမော်ရီ က ၁ဂိုးထပ်သွင်းလို့ သူတို့အသင်း အိမ်ရှင်တွေကို ဝ-၁ နဲ့ တီးနိုင်ခဲ့ပါတယ်။

ဒါဟာ သမိုင်းဝင်တဲ့ ပွဲတပွဲဖြစ်ခဲ့ပြီး ရီးရဲယ်ကို သူတို့ အိမ်ကွင်းမှာ မတီးနိုင်ခဲ့တာ ၁၉၆၂ခုနှစ်ကတည်းကပါ။ ဒီသမိုင်းဝင်တဲ့ပွဲမှာ သူဟာ

အခရာကျခဲ့ပြီးသူလူစား အလဲခံရတဲ့ အချိန်မှာလည်း ၂ဖက် ပရိတ်သတ်တွေက မတ်တပ်ရပ် လက်ခုပ်တီးပြီး အားပေးခဲ့ကြသလို

နှစ်ဖက် နည်းပြတွေရဲ့ ချီးကျူးမှု ကို ခံယူခဲ့ရပါတယ်။

၂၀၀၉ခုနှစ် ရာသီရဲ့ ချန်ပီယံလိဂ် ကတော့ သူတို့ အဆုံးသတ်မကောင်းခဲ့ပါဘူး။ ရှုံးထွက်အဆင့်မှာတင်ပဲ ယခုနှစ် ချန်ပီယံဖြစ်လာမယ့် ချယ်လ်ဆီး

အသင်းကို ၂ကြော့ပေါင်း ၂-၃ နဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။

 

၂၀၁ဝ မတ်လ မှာတော့သူဟာ ပြိုင်ပွဲစုံ ဂိုးသွင်းယူမှု ၃၀ဝ နဲ့ ၃၀၁ ဂိုးမြောက်ကို ပြည့်မီခဲ့ပါတယ်။ ဆီယေနာ နဲ့ ၃ရိုးစီ သရေကျတဲ့ ပွဲမှာ ၂ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ လမှာတော့ စီးရီးအေ သွင်းဂိုး ၁၇၉ ရိုး ပြည့်ခဲ့ပြီး ဂန္ဒဝင် ကစားသမားကြီး ဂျီယန်ပီရယ်ဂို ဘိုနာပါတီ တင်ထားတဲ့ ဂျူဗင်းတပ်စ် ကစားသမား အနေနဲ့ ထာဝရ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

 

၂၀၁ဝ မှ ၂၀၁၂ ( သို့ ) ရွှေအိုရောင် ကာလများ

 

၂၀၁၁ ဖေဖော်ဝါရီ မှာတော့ သူဟာ ဂျူဗင်းတပ်စ် အသင်းအတွက် ပွဲထွက် အများဆုံး ကစားခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး အထက်က ဆိုခဲ့တဲ့ ဘိုနာပါတီ ရဲ့ စံချိန်ကိုပဲ ချိုးခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ရဲ့ သက်တော်ရှည် ကစားသမား ဂျေးဗီးယား ဇနက်တီ နဲ့

ရိုးမား ကတ်ပီတိန် တော့တီ တို့ရဲ့နောက် စီးရီးအေ သမိုင်း တလျောက် တတိရ ပွဲထွက် အများဆုံး ကစားသမားအနေနဲ့ စာရင်းဝင်ခဲ့မှုပါ။

 

၂၀၁၁ မေလ ၂၄ရက်နေ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ခြေစမ်းကစားတဲ့ ချစ်ကြည်ရေးပွဲ မှာဖြစ်ပါတယ်။ မန်-ယူရဲ့ နာမည်ကျော် ဂယ်ရီနဗီးလ် နှုတ်ဆက်ပွဲမှာ ပါ..။ ဒယ်လ်ပီယာရို ဟာ ၆၅မိနစ်အထိ ပါဝင်ကစားခဲ့ပြီး သူလူစားလည်းတဲ့အခါမှာ

ယူနိုက်တက် ပရိတ်သတ်တွေ သူ့ကို ဦးညွှတ် အလေးအနက်ပြုခဲ့ပါတယ်။  တသင်းတည်းမှာ ကာလကြာရှည် တောက်လျောက် ကစားပေးခဲ့တဲ့ ဂန္ဒဝင် ကတ်ပီတိန် တယောက် အတွက် ဂုဏ်ပြုခဲတဲ့ တူညီတဲ့ အခြားအသင်းက ကတ်ပီတိန်တယောက် အပေါ်

လေးစားသမှုအပြည့်နဲ့ပါ။

 

 

 

သည်လို နဲ့ ၂၀၁၂ခုနှစ်မေလ ၁၃ ရက်နေ့ ကိုရောက်လာပါတော့တယ် ။ ဒယ်လ်ပီယာရိုဟာ သူ့ရဲ့  ဘဝ စီးရီးအေ နောက်ဆုံးပွဲစဉ် အနေနဲ့ ရာသိပိတ်ပွဲစဉ် အတ္တလန်တာ အသင်းနဲ့ပွဲမှာ ကစားခဲ့ပါတယ်။

၂-ဝ နဲ့ အနိုင်ရရှိပြီး ရှုံးပွဲမရှိ ရာသီသိမ်းကာ ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တဲ့ ဂျူဗင်းတပ်စ် အသင်း ကတ်ပီတိန်ဟာ သူကိုယ်တိုင် ၁ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး နဲ့ အလှပဆုံး ပွဲသိမ်း ခဲ့နိုင်တာပါ။

ပွဲချိန် ၅၉မိနစ် မှာ သူလူစား လဲခဲ့တော့ အဆိုပါ အခိုက်အတန့်လေးအား ကစားသမားတွေ အတွက်ရော အားပေးသူ ပရိတ်သတ်အတွက်ပါ အလွန် စိတ်ထိခိုက်ခံစားရတဲ့ ကာလလေး တစ်ခု ဖြစ်ခဲ့ပါတယ်။

 

သူ့ရဲ့ ဂျူဗီ ကစားသမား ဘဝ နောက်ဆုံ းပွဲစဉ်အဖြစ် ရှုံးထွက်ဖလား ကိုပါ- ကို ကစားခဲ့ပါတယ်။ သည်ပွဲမှာတော့ ကံအကြောင်းမလှစွာနဲ့ပဲ နာပိုလီ အသင်းကို ၂-ဝ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဂျူဗီ အသင်းတာဝန်ရှိသူတွေက သူဖြတ်သန်းခဲ့တဲ့ ၁၈နှစ်ကြာ အချိန်အတောအတွင် းအသင်းအတွက် သူပေးဆပ်ခဲ့တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁ဝ ကို

အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဒါကို လက်မခံ ခဲ့ပါဘူး ..။ ဂျူဗီအတွက် ကျောနံပါတ် ၁ဝ ဟာ ဆက်လက် ရှင်သန် နေရမယ် လို့ ဆိုပြီးတော့ပေါ့ ..။

 
လက်ရွေးစဉ် ကစားသမားဘဝ

 

 

လက်ရှိ အီတလီ လက်ရွေးစဉ် ဘောလုံးအသင်းအတွက် ထာဝရ ဂိုးသွင်းအများဆုံး အဆင့်မှာ ဒယ်လ်ပီယာရိုဟာ နံပါတ် ၄ နေရာမှာ ရှိပါတယ် ။ မအောင်မြင်ခဲ့တဲ့ ၁၉၉၆ ယူရိုပွဲက စတင် ပါဝင်ခဲ့တဲ့သူဟာ

၁၉၉၈ ကမာ္ဘ့ဖလားမှာ နာမည်ကျော် ရော်ဘတ်တို ဘက်ဂီယို နဲ့ ပွဲထွက်နေရာ လုခဲ့ရပါသေးတယ် ။ ယမန်နှစ်က ချန်ပီယံလိဂ် ကစားပွဲတွေက ရရှိတဲ့ ဒဏ်ရာတွေကြားမှ ပါ။

၂၀၀ဝပြည့်နှစ် ယူရိုပြိုင်ပွဲ ကတော့ သူ့အတွက် ခါးသီးနာကျင်တဲ့ အတိတ်တခု ဖြစ်မှာ မလွဲပါဘူး ..။ ဘာကြောင့်လဲဆို ၈၉မိနစ်ထိ ဦးဆောင်နိုင်ခဲ့ပြီးမှ လွတ်ကျခဲ့တဲ့ ချန်ပီယံ ဆုဖလား ဖြစ်တာကတကြောင်းနဲ့

နောက်တခုကတော့ ပွဲစဉ်အချိန်အတွင်း သေချာပေါက် ဂိုး ရရမယ့် အခွင့်အရေး၂ရပ်ကို သူကိုယ်တိုင် ဖြုန်းတီးခဲ့မိလို့ဖြစ်ပါတယ်။

၂၀၀၂ ကမာ္ဘ့ဖလား မှာသူ ပါဝင်ခဲ့ပြီး မက္ကစီကို အသင်းကို ချေပဂိုး သွင်းယူခဲ့ကာ အီတလီအသင်း နောက်တဆင့်တက်ဖို့ သူ စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်

အိမ်ရှင်တောင်ကိုရီးယားနဲ့ ရှုံးထွက်ပွဲစဉ်မှာတော့ ရွှေဂိုးပေးခဲ့ရပြီး လက်မြှောက်ခဲ့ရပြန်ပါတယ်။

နောက်ထပ် ယူရို ၂၀၀၄မှာလည်း အခြေအနေမကောင်းခဲ့တဲ့ အီတလီ လက်ရွေးစဉ်အသင်းဟာ ၂၀၀၈ခုနှစ် ကမာ္ဘ့ဖလားမှာတော့ ကမာ္ဘ့ချန်ပီယံ ဆုကို ၄ကြိမ်မြောက် ဆွတ်ခူး ရရှိခဲ့ပါတယ်။

အိမ်ရှင် ဂျာမနီ အသင်း ကို အချိန်ပိုမှာ သူ သွင်းယူခဲ့တဲ့ ဂိုး နဲ့အတူ အီတလီအသင်းဟာ အိမ်ရှင်တွေကို ၂-ဝ နဲ့ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်တက်ရောက်နိုင်ခဲ့ကာ ၂၀၀ဝပြည့်နှစ် က

ယူရို ရှုံးကြွေးရှင် ပြင်သစ် ကို ရှုံးကြွေးဆပ်ပြီး ကမာ္ဘ့ဖလားကို လက်ဝယ်ပိုင်ပိုင် သိမ်းယူနိုင်ခဲ့တာပါ။

 

 

 

ကမာ္ဘ့ဖလား အောင်ပွဲဆင်ဖို့ ဆိုတာ ကလေးဘဝကတည်းက အိပ်မက် ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။ သူဟာ ယူရို ၂၀၀၈ အပါအဝင်

အီတလီ လက်ရွေးဆင် အသင်းရဲ့ အဓိက ပြိုင်ပွဲကြီး ရရပ် ဆင်နွှဲခဲ့သူ ဖြစ်ပါတယ်။ သူဟာ လက်ရွေးစဉ် အသင်းမှာ အစဉ်အလာ ကြီးတဲ့

ကျောနံပါတ် ၁ဝ ကို ပုံမှန် ဝတ်ဆင်လေ့ ရှိသူ ဖြစ်ခဲ့ပြီး နောက်ပိုင်း နာမည်ကျော် ဖရန်ချက်စကို တော့တီ ပေါ်ထွန်းလာတဲ့နောက်မှာ

ကျော နံပါတ် ရ ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။ ၂၀၀ရ ဇူလိုင်မှာ တော့တီ တယောက် လက်ရွေးဆင် အသင်းကို ကျောခိုင်းသွားပြီး

နောက်ပိုင်းမှာ ကျောနံပါတ် ၁ဝ ဟာလစ်လပ် ခဲ့ပေမယ့် သူဟာ လက်ရှိ ကျောနံပါတ် ရ နဲ့ သာ ကျေနပ်နှစ်သိမ့်နေပြီး ကျောနံပတ် ၁ဝကို

စိတ်ဝင်စားမှု မရှိဘူး လို့ ငြင်းဆိုသွားခဲ့သူပါ။

 

ဒယ်လ်ပီယာရိုဟာ ယူရို ၂၀၀၆ ကနေ ယူရို ၂၀၀၈ကြား (ကြားက ကမာ္ဘ့ဖလားပွဲ ၁၉၉၈ ၂၀၀၂ ၂၀၀၆) အပါအဝင် အီတလီ လက်ရွေးစဉ်အသင်းရဲ့ အဓိက ပြိုင်ပွဲကြီး ရခု ကို ဆက်တိုက် ဆင်နွှဲခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။

ယူရို ၂၀၀၈ မှာ ချန်ပီယံဖြစ်လာမယ့် စပိန်အသင်းကို ရှုံးထွက်ပွဲစဉ်မှာ ပယ်နယ်လ်တီနဲ့ ရှုံးခဲ့တဲ့ ပွဲဟာ သူ့ရဲ့ နောက်ဆုံး အဓိကပြိုင်ပွဲ ပွဲစဉ်ဖြစ်လာပါတော့တယ်။

 

ကိုယ်ပိုင်ဘဝ
ဒယ်လ်ပီယာရို ဟာ ၁၉၉၉ခုနှစ်ကတည်းက အတူနေချစ်သူ ဆိုနီယာ အမိုရူဆို နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထက်ခဲ့ပြီး
သားသမီး ၃ဦး ထွန်းကားခဲ့ပါတယ်။
သူဟာ သူ့ရဲ့ ကျော်ကြားမှုနဲ့ ငွေကြေးတွေကို ကင်ဆာရောဂါ သုသေတနအတွက် ပံ့ပိုးခဲ့လို့ Associazione Italiana per la Ricerca sul Cancro “Believe in Research” ဆိုတဲ့ ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် ဆောင်းရာသီ အိုလံပစ် မီးရှူးတိုင် တူရင်မြို့ကို ဖြတ်သယ်တော့ သူဟာ မီးရှူးတိုင် သယ်ဆောင်သူ တစ်ယောက်ဖြစ်ခဲ့ပါသေးတယ်။
ဘောလုံးအားကစားအပြင် အခြားသော အားကစားနည်းတွေကို နှစ်ခြိုက်အားပေးလေ့ရှိပြီး အပြန်အလှန်အားဖြင့်
NBA ကြယ်ပွင့် စတိဗ် နက်ရှ် နဲ့ ဆိုင်ကယ်မောင်းသမား အယ်ဒီ မာ့စ်ခ် တို့ဟာ ဒယ်လ်ပီယာရိုပရိတ်သတ်တွေ ဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားဖူးပါတယ်။

 

 

အခြား အားကစားတွေနည်းတူပါ။ ဂီတဟာလည်း သူ့ဝါသနာတွေထဲက တခုဖြစ်ပါတယ်။

သူကိုယ်တိုင် တေးသီချင်း ခွေအချို့ ထုတ်ဝေခဲ့ဖူးသလို မာကိုမက်တာရာဇီ နဲ့ အတူလည်း ရိုးလင်းစတုန်းစ် အဖွဲ့ရဲ့ ဆင်မြင့်ထက်ကို တက်ခဲ့ဖူးပါ
သေးတယ်။

 

သူဟာ အိုအေစစ် ဝိုင်းက အဆိုကျော် နိုဝယ် ဂါလာဂျာ ရဲ့ သူငယ်ချင်းကောင်း နဲ့ ပရိတ်သတ် တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ပဲ အိုအေစစ်တီးဝိုင်းရဲ့”Lord Don’t Slow Me Down”

ဆိုတဲ့ သီချင်းဗီဒီယိုမှာ ပါဝင်သရုပ်ဆောင် ပေးခဲ့ဖူးပါသေးတယ်။

သူဟာ ဂိုးတွေ အတွက်သာမကဘဲ ဟာသဉာဏ်လည်း ရွှင်တဲ့လူ ဖြစ်ပါတယ်။ အီတလီ ဟာသရုပ်သံရှိုးတွေမှာ မကြာခန ဧည့် အစီအစဉ်တင်ဆက်သူ

အဖြစ် ပါဝင်လေ့ရှိပြီး သူနဲ့အတူ ရိုးမား မှ ဖရန်ချက်စကို တော့တီ၊ မီလန်နောက်ခံလူ အလက်ဇ္ဇန်ဒရို နက်စတာ၊ ဂျူဗီ အသင်းဖော်

ဂျီယန်လျူဂီ ဘူဖွန် တို့ တယောက်ကိုတယောက် နောက်ပြောင် ဟာသပြောဆိုတင်ဆက်ခဲ့တဲ့ La sai l’ultima di Totti ဆိုတဲ့ တီဗီရှိုးဟာ

ထင်ရှားပါတယ်။

တီဗီပေါ်မှာတော့ သူဟာ ဘောလုံးပွဲတွေ သက်သက် တင် မဟုတ်ဘဲ အစီအစဉ် တင်ဆက်သူ ကြော်ငြာ တတ်သူ အဖြစ် ကျော်ကြားပါတယ်။

သူဟာ Adidas, Uliveto ရေသန့် ၊ Fiat ကားကုမ္ပဏီ နဲ့ Suzuki တို့နဲ့ စာချုပ် ချုပ်ဆို ကြော်ငြာပေးလျက်ပါ။

သူဟာ EA Sports’ ရဲ့ နာမည်ကျော် Game တခုဖြစ်တဲ့ Fifa 2004 ဘောလုံး ဂီမ်း အခွေမှာ ခေတ်ပြိုင်တွေ ဖြစ်တဲ့ သီယာရီ အွန်နရီ၊

ရော်နယ်လ်ဒင်ဟို တို့နဲ့အတူ ကြော်ငြာ သရုပ်ဆောင် ခဲ့သလို ၊ အီတလီဗားရှင်း PES 2010 မှာလည်း လီယွန်နယ်မက်ဆီ နဲ့အတူ ပါဝင် ခဲ့ပါသေးတယ်။

 

 

မှတ်တမ်း တခုက ပြောပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ မှာပါ။ အသက် ၁၂နှစ်အရွယ် မိန်းကလေး တစ်ဦးဟာ ၁၅ရက်ကြာ ကိုမာ ဝေဒနာ ခံစား

နေရတာကနေ နိုးထ တဲ့အချိန်အခိုက်အတန့်လေးမှာပဲ သူ့ရဲ့ အနှစ်သက်ဆုံး စံပြ ပုဂ္ဂိုလ် ရဲ့ နာမည်ကို ရေရွတ်ခဲ့ပါသတဲ့။ ဟုတ်ကဲ့ ..Del Piero ပါတဲ့..။

 

 

ခုတော့ အားလုံး ပြီးဆုံးသွားပါပြီ.

သူဟာ ဘယ် စီးရီးအေ ဘောလုံးအသင်းတသင်းသင်းမှာမှ ဝင်ကစားလိမ့်မှာ မဟုတ်တော့ပါ…

အသက်၄ဝ အရွယ်ထိ ဘောလုံးကစားဦးမယ်လို့ ပြောထားတဲ့အတွက်

ကျန်တဲ့ ၂နှစ်စွန်းစွန်းကာလမှာ သူ့ကို ဘက်ခမ်း အွန်နရီတို့လို ရွှေအိုရောင် ကစားသမားတွေရှိရာ  မေဂျာလိဂ် မှာများ တွေ့ရမလား

အရှေ့အလည်ပိုင်း မှာပဲ အသင်းဖော်ဟောင် းကန်နာဗားရိုး နဲ့ တွေ့ရမလား .. ခုနောက်ပိုင်း ကြွယ်ဝမှု ဒီဂရီတိုးလာတဲ့

အာရှနဂါး တရုတ် အသင်းတသင်းသင်းဆီကိုပဲ အနယ်လ်ကာ တို့ လမ်းစဉ်ပဲလိုက်မလား … ဒါမှမဟုတ်

အသင်း အုပ်ချုပ်သူ အဖွဲ့ထဲ နည်းပြအဖွဲ့ထဲပဲ ဝင်မလား ..မသိရသေးပါဘူး ..။

သေချာတာကတော့ ..အားလုံးပြီးသွားပြီဖြစ်ပါတယ်။

 

Arrivederci !!!!

14 comments

  • Ch@vez

    May 23, 2012 at 10:20 pm

    ဒီပိုစ့်ကို ကျနော့်မိတ်ဆွေ အနုပညာသမားကြီး
    ဆြာကမ်းဂျီး အတွက် ရည်စူးပါရဲ့ဗျာ

    ခင်တဲ့

    • မှော်ဆရာ

      May 24, 2012 at 3:59 pm

      မောင်ဂီက ကမ်းကြီးကို ရည်းစူးပါသတဲ့
      ကမ်းကြီးရေ အမျှ အမျှ ….

  • ကိုရင်စည်သူ

    May 23, 2012 at 10:31 pm

    ခုမှ ဒယ်ပီယာရို အကြောင်း ပြည့်ပြည့်စုံစုံ သိရတော့တယ်.. ဆြာဂီ့ရေ..
    အောင်မြင်မှုနဲ့ ခြေစွမ်းကို တော်တော်ကြာကြာလေး ထိန်းနိုင်တဲ့
    ကစားသမားလို့ အသိအမှတ်ပြုမိတယ်ဗျာ..အခါသင့်လို့ အခွင့်သာရင်
    ကျနော် ကြိုက်တဲ့ လီဗာပူး အလယ်တန်းက ဂျာရတ်အကြောင်းလေး ရေးပေးရင်
    အရမ်းဝမ်းသာမိမှာပဲ… နယ်ပယ်စုံမှာ စေ့စေ့စပ်စပ်သိလှတဲ့ ကိုဂီ့ကို
    တဖြောင်းဖြောင်းနဲ့ အားပေးသွားပါတယ်ဂျာ…
    ကိုကမ်းကြီးရေ.. ဆရာ့ဂီ့ကို အထာရှိရှိလေး ဖြစ်သွားအောင်..
    ဒန်ဖိုက်တစ်လုံးလောက် ဆွဲခဲ့ဗျာ… ဟီး 😀 😀 😀

  • FattyCat

    May 23, 2012 at 10:48 pm

    ဒယ်ပီ်ရို
    အနှစ်သက်ဆုံး အီတလီအသင်းရဲ့ကစားသမား
    FIFA ကန်တိုင်း စွဲမြဲသုံးတဲ့ ဂျူဗင်တပ်
    ရင်ထဲမှာ အမြဲရှိနေမှာပါ
    ကမ္ဘာ့ဖလားမှာ အုပ်စုမတက်လို့ မျက်ရည်တောင်လည်ခဲ့သေးတယ်

    ကြောင်ဝတုတ်

  • ahnyartamar

    May 24, 2012 at 9:20 am

    ကျတော်က ကလပ်အသင်းဆိုရင် Liverpool fan ပါ။ ဒါပေမယ့် စီးရီးအေပွဲတွေကြည့်ခွင့်ရတိုင်း ဲJuventus (Old Lady) ပွဲဆိုမလွှတ်တမ်းအားပေးတယ်၊ အဲဒါ ဒယ်ပီယာရိုကြောင့်ပါ။ သူ့ကစားပာန်နဲ့ တိကျတဲ့ဂိုးကန်ချက်တွေကြောင့်ပါ။ National အသင်းဆိုရင်တော့ Italy fan ပါ အဲဒါလဲ ဒယ်ပီယာရိုကြောင့်ပါပဲ။ အခုတော့မြန်မာအသင်းကိုပဲပြောင်းအားပေးတော့မယ်….
    ဂီဂီရေ…အမြင်ချင်းတူမယ်ဆိုရင်ဖြင့် သူလိုလူနောက်တစ်ယောက်ကတော့ တော့တီ (Totti) ဖြစ်မယ်ထင်တယ်။

    • Inz@ghi

      September 2, 2012 at 7:14 pm

      နောက်ကျနေတဲ့ ကော့မန့်အတွက် တောင်းပန်ပါရဲ့ဗျာ ..
      ကျနော် .. ဖိလစ်ပို အင်ဇာဂီအကြောင်း ရေးမယ်ဗျာ ..

      သည်တပါတ်အတွင်းပေါ့…

      ခင်တဲ့
      ဂီ

  • marblecommet

    May 24, 2012 at 12:39 pm

    မြက်ခင်စိမ်းပေါ်က လူကြီးလူကောင်းတစ်ယောက်ကို
    ကျွန်တော်တို့ ထပ်မံ ဆုံးရှုံးလိုက်ရပြန်တာပေါ့……
    ပရော်ဖက်ရှင်နယ်လို့ တွင်တွင်ကျယ်ကျယ်ခေါ်တွင်နေကြတဲ့
    ယနေ့ခေတ်ဘောလုံးကမ္ဘာမှာ ဒယ်ပီယာရိုလို ကစားသမားတွေက
    ဘာနဲ့တူသလဲ ဆိုတော့………..
    အခုလို ဖလန်းဖလန်းထတဲ့ခေတ်မှာ (ဝမ်းဂိုး တူးကမ်း)ခေတ်မှာ
    တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆိုပိတောက်ဆိုတဲ့
    ချစ်လူစွမ်းကောင်းကြီး အချစ်ကွန်ဆာဗတစ်ကြီးလို့ ခေါ်ရမလိုလို
    ကွန်ဆာဗတစ်ကို မကြိုက်ပေမဲ့ သစ္စာမေတ္တာကြီးတဲ့လူကိုကျလေးစားတယ်ဗျ
    သူ့လို အရည်အချင်းရှိတဲ့ ကစားသမားက ဥရောပမှာ ကြိုက်တဲ့အဆင့်ကို
    ခုန်ကူးလို့ရပေမဲ့ သူဟာ တူရင်ကို အစွဲကြီးတယ်
    နာမည်ကျော်မော့ဂီနဲ့ လုပ်ပွဲအရှုပ်တော်ပုံကြောင့် တန်းဆင်းသွားခဲ့ရတာတောင်
    ကိုယ့်ဆြာက အသင်းနဲ့အတူ လိုက်ပါပြီး အိမ်နိမ့်စံဘဝမှာ နေပေးတယ်
    ……….
    တစ်ခါသားကဗျ……
    ဒဲပရို ဆို ကျနော့်သူငယ်ချင်းတွေက သေအောင်မုန်းတယ်
    ဒီကောင်တွေအခေါ်က ဒဲပရို ဆိုပဲ….
    ပီတူး ခလုတ်ကို ကိုင်ထားတဲ့
    ကျနော့်လက်ချောင်းလေးတွေ က ဒယ်ပီယာရိုဆိုတဲ့ အင်နီမေးရှင်းငနဲရုပ်ဆီ
    ရောက်သွားပြီ ဆိုတာနဲ့ ဒီကောင်တွေ ဆဲပြီသာမှတ်ပေတော့.
    မြားလေးကို လက်မလေးနဲ့ ဖွဖွလေး ပွတ်ချေကစားလိုက်တာနဲ့ သင်းတို့ကောင်တွေ
    လုလို့မရ လိုက်လို့မရ မတတ်သာ လူချ အနီကတ်အပြခံရ လူမချပြန်ရင်လည်း ဘီးကုတ်
    ခပ်လှမ်းလှမ်းကများ ကျနော် ရှုတ်လိုက်ပြီဆို တဂိုးပဲလေဗျာ ဟဲဟဲ….
    ကိုဂီ့ရေ့…..
    မြက်ခင်းစိမ်းပေါ်က ဗိသုကာကြီးတစ်ယောက်အကြောင်း အခုတ်တရ
    ရေးပေးတဲ့အတွက် ကျေးဇူးတင်လှပါရဲ့ဗျာ……
    နောက်ထပ် ကျွန်တော်တို့ ဆုံးရှုံးရမယ့် ဂုရုတွေလည်း ရှိနေပါသေးရဲ့ဗျာ….
    ကစားသမားတစ်ယောက်ရဲ့ နောက်ဆုံးအချိန် နှုတ်ဆက်ပွဲကို
    ကျနော်တို့ဘဝတွေမှာလည်း တစ်ခါ တစ်ခါ ဘယ်လိုအကြောင်းအရာနဲ့ချိန်ထိုး
    ခံစားပေးရမလဲ စဉ်းစားဖူးတယ်..
    တကယ်တော့ဗျာ….
    တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပါပြီ…………
    ခင်တဲ့…….
    ငကမ်း……

  • marblecommet

    May 24, 2012 at 12:44 pm

    ဒါနဲ့
    ဇဂါးဖြဲကားစပ်
    စည်သူရေ့
    ဒန်းဖိုက် ဘိုက်ဘရေးရှင်းက
    မကုန်သေးဘူးကွဲ
    ငှဲ ငှဲ……

  • Khin Latt

    May 25, 2012 at 8:06 pm

    Old Lady ဆိုတာ ဂျူဗင်းတပ်စ် ကို ညွန်းတာပေါ့လေ။ အခုမှ သိတယ်။ 😀

    ဘောလုံးသမားတိုင်း အသင်းတွေကို ဝင်လိုက် ထွက်လိုက် ရှိပေမဲ့ ၁၉နှစ် (၁၉၉၃ ကနေ ၂၀၁၂) – အနှစ် ၂ဝ နီးပါး အသင်းတစ်ခု ထဲမှာ စွဲကန်သူတော့ ရှားမယ်ထင်ရဲ့။
    ကမ္ဘာ့ဖလား မှာ အီတလီ ကို အားပေးပေမဲ့ သူ့ကို သိသာသာလောက်အောင် မမှတ်မိဘူး။
    နာမည် မမှတ်မိလွယ်တာ လဲ ပါမလားဘဲ။
    သူ့အကြောင်း စိတ်ရှည်လက်ရှည် စာဖွဲ့ပြသွားလို့ ဗဟုသုတတိုးစရာလေး အတွက် ကျေးဇူးပါ။

    ဘာဘဲဖြစ်ဖြစ်။
    လူတိုင်း နေရာတစ်ခုထဲ မှာ အရိုးထုတ်ဖို့တော့ မလွယ်ပါဘူး။
    ကိုယ်ကိုယ်တိုင်အပါအဝင်ပါဘဲ။
    ရေကြည်ရာ၊ မြက်နုရာ ပြောင်းရစမြဲပေါ့။
    တစ်ခါတစ်လေ နေရာတစ်ခုမှာ ကိုယ်ဘယ်လိုဘဲပျော်နေပျော်နေ ကိုယ့်ဘေးမှာကန့်သတ်ချက်တွေ၊
    တစ်ခြားမဖြစ်မနေ ဦးစားပေးတွေ များနေ တာမို့ မစွန့်ချင်လဲ စွန့်ရတာတွေလဲ ရှိလာရတာ သဘာဝပါဘဲ။

    မောင်ဂီ ရေ
    ကန်တင်း မှာ စကားလက်စုံကျခွင့်ခဲ့ ရတာ တကဲ့ ကို ကောင်းသော အိမ်မက် ကလေး ပါဘဲ။
    အဲဒီထဲ က မင်းပြောခဲ့ တယ် ဆိုတဲ့ စကား တွေကို ကြိုးစားပြီး ပြန်ခေါ်ကြည့်နေပါတယ်။
    မဟုတ်ရင်တော့ အရီး ထုံးစံ အတိုင်း ကိုယ်လိုရာကိုဘဲ …… 😉

    ဒါထက် အပြားကြီးပေါ်မှာ ဒီဇိုင်း တွေ နဲ့ လုံးနေပြီလား? 🙂

    ကျုပ်ကတော့ ဒီရက် မိုက်ခရိုဆော့ဖ်တ် ကို ကျိန်ဆဲနေတယ်။
    လိုချင်တဲ့ Software တစ်ခု က ပြူတင်းပေါက် (၇) ရဲ့ Home premium မှာ သွင်းလို့မရပါကွယ်။
    ဒါပေမဲ့ XP မှာ တော့ ရသတဲ့။
    ဒီတော့ အဲဒါကို ပြူတင်းပေါက် (၇) မှာ သွင်းချင်ရင် windows XP mode ကို သုံးလို့ ရသတဲ့။
    ဒါပေမဲ့ windows XP mode download ကို ပြူတင်းပေါက် (၇) ရဲ့ Professional or Enterprise editions မှာမှ ရပါသတဲ့။
    အဲဒါက Windows 7 Professional မှာ ရနေပြီးမှ ဘယ်သူက XP mode ကို အရူးလုပ်သုံးမှာလဲ။
    မပြောတော့ဘူး။ စိတ်လေတယ်။

    နောက်တစ်ချက် က အဲဒီ Software က XP ကို Base လုပ်ပြီးရေး
    နောက်ပိုင်း Windows 7 အတွက် ပြင်တော့ Professional ကို ဦးတည်ပြီး ပြင်တာဖြစ်နိုင်တယ်။
    ရိုက်စားတွေ။ 👿

  • pooch

    May 25, 2012 at 9:27 pm

    ဘောလုံး အကြောင်းက နားမလည်လို့ ဘာမှ မသိဘူး။ ဖတ်တော့ ဖတ်လိုက်ပါတယ်။
    ဒါနဲ့ ဒယ်ပီယာရိုရဲ့ အဖေက Mr Bean နဲ့ ဆင်သလားလို့ ဓာတ်ပုံထဲမှာ ကြည့်ရတာ :mrgreen:

    ပြောရရင် ကိုယ်သိတဲ့ ဘက်ခမ်းက ခုနှစ်တန်းနဲ့ ကျောင်းထွက်ပြီး သူ့ဝါသနာနောက်ကောက်ကောက်ပါအောင် လိုက်ခဲ့တာ ခုဆို မီလျံနာ ဖြစ်နေတာတော့ စိတ်ဝင်စားစရာကောင်းတယ်။ စာဆို တအုပ်မှတောင် မဖတ်တဲ့ သူ့မိန်းမ ဗစ်တိုးရီးယားလည်း လိုင်းစုံမှာ အောင်မြင်နေတာလည်း ဩချတယ်။

    တခါတခါပြောပါတယ် ။ လူ့ကံတွေက ဆန်းသလားလို့ပါ။ ကြိုးစားအားထုတ်မှုတွေကလည်း ရှိသေးတာကိုလေ။

  • blackchaw

    May 26, 2012 at 5:47 pm

    ဒယ်လ်ပီယာရို အကောင်းဆုံးပုံစံမှာ ရှိနေချိန်တုန်းက
    ကိုယ်တို့ ဘောလုံးကို သည်းသည်းမည်းမည်း ဖြစ်နေခဲ့ချိန်ပေါ့…။
    လာဇီယိုက ဗီယွန်ကြီးတို့ နက်ဗက်ကြီးတို့ အရမ်းကောင်းနေချိန်
    ရိုးမားကလည်း ဘာတစ်စ်တူတာ ကြီး ဖီအိုရမ်တီးနားကရောက်လာပြီး
    နာကာတာလေးတို့ တော့်တီကြီးတို့နဲ့ အရမ်းလန်းနေတဲ့ အချိန်တွေ ပြန်လွမ်းနေမိပါတယ်။
    အော် ဒီနေ့တော့ လွမ်းစရာတွေချည့် ကြုံနေရတာပါပဲလားဗျာ။
    ဒယ်လ်ပီယာရိုကြီးကိုလည်း လွမ်းလွမ်းနဲ့ နှုတ်ဆက်ရဦးမှာပေါ့။
    Arrivederci !!!!

  • GZ

    March 19, 2013 at 10:45 pm

    အော်. သူများစာတွေ ကို ကိုယ်ကိုတိုင်ရေးသေယောင်
    ကူးချသတဲ့လားကွယ်.

    ဒီရက်ပိုင်းကြားမိတာလေးမှတ်မှတ်ရရ လာဖြည့်ကြည့်တာပါ
    ဘာရယ်မဟုတ်. ဘာမှခံစားချက်လည်းမရှိပါ.
    🙂

    • kai

      March 20, 2013 at 3:43 am

      ဘယ်သူက..ဘယ်နားမှာလည်းဟင်င်င်…
      မှတ်တမ်းကျန်ရစ်အောင်တော့.. ထားပေးထားခဲ့ပေါ့..
      တော်ကြာ.. တော်တော့်တော်တော်ကြာ.. ကိုယ်ကူ့ဆီကခိုးပါတယ်ဖြစ်နေဦးမယ်.. :kwi:

    • ကြက်အူလှည့်

      June 15, 2013 at 1:40 am

      ခင်ဗျားကတော့လေ. ဖြစ်ရမယ်.
      ခုမှတွေ့တာပါ.

      အိပ်အုံးမယ်ဗျာ.
      ဂွတ်ည.

Leave a Reply