(၂၂ရက်နေ့၊ယနေ့ညရန်ကုန်တွင် ဆန္ဒပြမည်အပါအဝင်)မြန်မာပြည် လျပ်စစ်မီးသတင်းများ

အာဂMay 22, 20121min40119


လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်

Yangon Press International, 22May 2012 — ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။

“ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအဝင် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈ဝ နဲ့ ၁၀ဝ လောက်ရရင်စလှုပ်ရှားမယ်။ အင်အား ၁၀ဝ ကျော်ချင်လည်း ကျော်သွားနိုင်တယ်” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

အစီအစဉ်မှာ ယနေ့ညနေ ၆နာရီခွဲအချိန် ဆူးလေဘုရားရှေ့တွင်လူစုကြမည်ဖြစ်ပြီး ရ နာရီတွင်ဖယောင်း တိုင ်မီးထွန်းညှိ၍ အသံတိတ် ငြိမ်းချမ်းစွာဆန္ဒပြကြပြီး နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းပြီး လူစုခွဲကြမည် ဖြစ်သည်။

“အခုလှုပ်ရှားမှုက ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ ပါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့လုပ်တာ မဟုတ်ပါဘူး ဒါကိုလည်း အဖွဲ့ဝင်အားလုံး သဘောတူထားတယ် အဓိကက လူထုလိုအပ်ချက် အတွက်လုပ်တဲ့ လှုပ်ရှားမှုပဲ”ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေး၊ မုံရွာ စသည့် မြို့များတွင်လည်း လျှပ်စစ်မီး ရရှိရန်အတွက် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်လူထုသို့မေတ္တာ ရပ်ခံပန်ကြားခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပန်ကြားချက် တရပ်ဖေါ်ပြထားရာတွင်

“ မြန်မာနိုင်ငံမှာ ရေအား၊ကျော်မီးသွေးနှင့်စက်ရုံပေါင်း၍ နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၄ဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သုံးစွဲမှုပမာဏမှာ ၁၈၅ဝ မဂ္ဂါဝပ်ရှိသဖြင့် အများပြည်သူနှင့် စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအား ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပးနိုင်ခြင်းမရှိတော့၍ သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ရပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ယခုလ ၁၉ ရက်နေ့တွင် ရွှေလီ-မန်စံ ၂၃ဝ ကေဗွီဓာတ်အားလိုင်းဧ။်တိုင်အမှတ် (၇၃၊၂၀၆၊၂၀ရနှင့် ၂၀၈) တိုင်လေးတိုင်တို့မှာ မိုင်ခွဲအချိုးခံရသောကြောင့်ဓာတ်အားပမာဏ ၂၀ဝမဂ္ဂါဝပ် မှာလျော့နည်းဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျ ဓာတ်အား မျှပေးနေရသော အခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ချှေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည် ” ဟု ဖေါ်ပြပါရှိသည်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက “ မီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆိုတာ တွက်မရတာ ခက်တယ်၊ နာရီဝက်တခါ တနာရီတခါ လာလိုက်ပျက်လိုက် ဖြစ်နေတာက ခက်နေတာ” ဟု လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ ။

ဟံသာ (YPI )

ခေါ်ယူစစ်ဆေးခံရသည့် မန္တလေး ဆန္ဒပြသူများ ပြန်လွတ်ပြီ

ဧရာဝတီသတင်းဌာန. ၂၂ရက်နေ့ မေလ ၂၀၁၂ — မန္တလေးတိုင်း ရဲသတင်းအထူးတပ်ဖွဲ့ (SB) က ၂၄ နာရီ မီးရရှိရေး လှုပ်ရှားခဲ့သူ ၄ဝ ဦးခန့်ကို ယနေ့ နံနက်က ခေါ်ယူ စစ်ဆေး၍ ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီက သတင်းရရှိသည်။

လွတ်မြောက်လာသူတဦးဖြစ်သည့် ဆရာညီပုလေးက “အနှစ်ချုပ်ကတော့ ဒီလှုပ်ရှားမှုနောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆိုတာကို မေးတာပါ၊ ဒီလူတွေကို လျှပ်စစ်မီးပျက်တဲ့အကြောင်း ဝန်ကြီးက အသေးစိတ်ရှင်းပြချင်လို့ပါလို့ ဆိုတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လျှပ်စစ်မီးပုံမှန်ရှိရေး လှုပ်ရှားမှုအတွင်း ဆရာညီပုလေးမှာ ဓာတ်ပုံရိုက်ခြင်းကိုသာ ပြုလုပ်ခဲ့သူဖြစ်သည်။

NLD ပါတီဝင်တဦးဖြစ်သူ ဒေါ်ခင်သန်းမြင့်ကလည်း ခေါ်ယူစစ်ဆေးသူများက ပြည်သူများမည်သည့်အတွက် ဆန္ဒပြရသည်ကို မေးမြန်းစုံစမ်းခြင်းမရှိဘဲ နောက်ကွယ်မှ ဦးစီးသူများကိုသာ မေးမြန်းကြောင်းပြောသည်။

ယနေ့ညတွင်လည်း မီးပုံမှန်ရရှိရေး လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လျှပ်စစ်မီးပုံမှန်မပေး နိုင်သည်ကို ပြည်သူများအား ခိုင်လုံစွာ ရှင်းလင်းခြင်းမပြုသေးကြောင်း ဒေါ်ခင်သန်းမြင့်က ဆိုသည်။

မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်သန်းမြင့်၊ ဘကြီးအောင်၊ ကိုဝင်းဇော်ဦး၊ ကိုချစ်ရင်၊ ကိုမြင့်စိုး၊ ၈၈ မျိုးဆက်ကျောင်းသူ ဒေါ်အမာနီတို့ အပါအဝင် တခြားသူများကို SB က ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။

ဒေါ်အမာနီကို နံနက် ၈ နာရီခန့်တွင် SB နှစ်ဦးက နေအိမ်သို့လာရောက်၍ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုှနှင့်ပတ်သက်ပြီး မေးမြန်းရန်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အဆိုပါ သတင်းသမားက ဆိုသည်။

မန္တလေးတိုင်း NLD ပါတီမှ ကိုမျိုးနိုင်ကလည်း အဖမ်းခံရသူ အများစုတွင် NLD ပါတီဝင်များလည်းပါဝင်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာဖြစ်ကြောင်း ပြောသည်။

“တရုတ်ကောင်စစ်ဝန်ရုံးဘက်ကို သွားဆန္ဒပြလို့လည်း ခေါ်တာဖြစ်နိုင်သလို ကြိုတင်ခွင့်ပြုချက် မယူဘဲဆန္ဒပြလို့ ခေါ်ယူသတိပေးတာလည်း ဖြစ်နိုင်တယ်” ဟု ကိုမျိုးနိုင်က ဆိုသည်။

ခေါ်ဆောင်ခြင်း ခံရသူများအနက် NLD ပါတီဝင်များအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများလည်း ပါဝင်သည်။

True News သတင်းဂျာနယ်မှ သတင်းထောက် မင်းထက်ငြိမ်းချမ်းလည်း SB က ခေါ်ယူစစ်ဆေးသည့်အထဲ ပါဝင်သည်ဟု နောက်ဆုံးရသတင်းများအရ သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလ ၂ဝ ရက်နေ့ညမှ စတင်ကာ မီးပုံမှန် ရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးသို့ သွားရောက် ဆန္ဒပြခဲ့သည်။ ယမန်နေ့ညကလည်း ထပ်မံဆန္ဒပြကြသေးသည်။

အလားတူ မုံရွာမြို့တွင်လည်း ယမန်နေ့ညက လူ ၂၀၀ဝ ခန့် ဖယောင်းတိုင်များ ထွန်းညှိကာ မုံရွာမြို့ကြီး မီးလင်းပါစေဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြကြကြောင်း၊ နောက်ပိုင်းတွင်လည်း မီးမရမချင်း ဆန္ဒပြမည်ဟု သိရကြောင်း မုံရွာမြို့ခံတဦးကလည်း ပြောသည်။

ယခုအခါ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် နိုင်ငံတဝန်း ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားလာရာ ပြည်မြို့တွင်လည်း ယမန်နေ့က လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် သံချောင်းများခေါက်၍ လှုံ့ဆော်မှုများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် မေလ ၁ရ ရက်နေ့ညကလည်း ရန်ကုန်တိုင်း သုံးခွမြို့တွင် လူ ၁၀ဝ ခန့် ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ ပုံမှန် လျှပ်စစ်မီးရရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင်လည်း ယခုရက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမို များပြာလာကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။

အစိုးရကမူ ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်းဟူ၍ ကြေညာချက်တစောင်ကို ယနေ့ အစိုးရထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်တွင် နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းခြင်းကြောင့် အလှည့်ကျ မီးပေးနေရခြင်းကို နားလည်ပေးပါရန်၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးတွင် ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံထားသည်။

By featured, ရန်ပိုင်

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ်ရှိဟုဆို

The Voice Weekly , 21May 2012 —( မန္တလေး၊ မေ ၂၁)ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်သောကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှစ်ရုံ ပြီးစီးပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီရောက်တိုင်း၂၄နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနုဒုတိယဝန်ကြီးဦးအောင်သန်းဦးက ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီးလျှပ်စစ်နှင့်စက်မှုရေးရာဝန်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအဝင်မန္တလေး မြို့ခံများတက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ လာမည့် သုံးနှစ်အတွင်းနှင့် ကျောက်မီးသွေးစက်ရုံမှာ နောက် ၁ နှစ်အကြာတွင် တည်ဆောက်မှုပြီးစီးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

မန္ဘလေးမြို့တော်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြို့ခံအများအပြားမှာ မေလ ၂၁ (ယနေ့)တွင်ပါ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြလျက်ရှိသည်မန္တလေးမြို့တော်တွင် မြို့ခံများ စတင်ဆန္ဒပြခဲ့သည့် မေလ ၂ဝ ရက်နေ့တွင် ၇၈ လမ်းမှ ၂၆ လမ်းဆုံအထိ လျှပ်စစ်မီးများလင်းထိန်နေသည်ကို တွေ့ရပြီး မေလ ၂၁ ရက်(ယနေ့)တွင်မူ ၇၃ လမ်းမှ ၂၆x ၆၉ လမ်းအထိ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

ဒါကတော့ ပြည်သူချဉ်ဖက် ပြောရရင် ကိုရီးယားကင်ချီ(ကမ္ဘာကျော်ချဉ်ဖက်)http://www.myanmarexpress.net ဟာသလေးပါ။

သမ္မတကြီး မွေးနေ့ အထိန်းအမှတ် မန္တလေးတွင် ဖယောင်းတိုင်ထွန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပ
22:20 Myanmar Express Group 10 comments

ဒီကနေ့ မေလ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် သမ္မတကြီး ရဲ့ ၆ရ နှစ်မြောက်မွေးနေ့ အထိန်းအမှတ်အဖြစ် မန္တလေးမြို့တွင် ဖယောင်းတိုင်ထွန်းကာ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြိုင်ပွဲစည်းကမ်းအရ ပထမဆုံးပန်းဝင်ပြီး ဖယောင်းတိုင် မီးမငြိမ်းသူ တစ်ဦးကိုသာ ဆုပေးခဲ့တာဖြစ်ပါတယ်။

ပထမ ဆု ရရှိသွားသူ

ပြိုင်ပွဲဝင် အရေအတွက် များပြားခဲ့တာကြောင့် ဖယောင်းတိုင်တွေလည်း ရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပညာရှင်များကတော့ ဖယောင်တိုင်ကို မီးထွန်းပြီး လမ်းပေါ်မှာ လမ်းလျှောက်နေမယ့် အစား ဘုရားတွေမှာ ဆီမီးပူဇော်ရင် ဒီဘဝ သာမက နောင်ဘဝတွေပါ ထွန်းပြောင်လိမ့်မယ်လို့ သုံးသပ်လျှက် ရှိကြောင်း သိရပါတယ်။

Myanmar Express

ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင်

Yangon Media Group , 22May 2012 — ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ည ၁ဝ နာရီ အချိန်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃ဝ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် ၇၃ ၊ ၂၀၆ ၊ ၂၀ရ ၊ နှင့် ၂၀၈ တို့သည် အကြမ်းဖက် သောင်းကျန်း သူများ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်ဆီးသွား ခဲ့သဖြင့် ရွှေလီရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု မရှိခြင်းကြောင့် ဓာတ်အား စနစ်အတွင်း ၂၀ဝ မဂါဝပ်လျော့နည်းပြီး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်း သွားလျက်ရှိရာ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ လျှပ်စစ် ဓာတ် အားလုပ်ငန်းမှ တာဝန်ရှိသူများက နေ့ည အပူတပြင်း ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ် သို့ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ပြည်သူများတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ မေလ ၂ဝ နှင့် ၂၁ ရက်များက မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဗုံးဖောက်ခွဲခံရမှုကြောင့် တာဝါတိုင်အမှတ် ၇၃ သည် အောက်ခြေ ခြေထောက် ၁ ချောင်းမှာ ပြတ်ထွက်သွားပြီး ကျန်ခြေထောက် ၂ ချောင်မှာလည်း ပေါက်ထွက်သွားသည်။ တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀ရ သည် အောက်ခြေ ခြေထောက် ၄ ချောင်း ပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲပျက်ဆီးခဲ့သည်။ တာဝါတိုင် အမှတ် ၂၀၈ မှာမူ ထက်ဝက်ခန့် တိမ်းစောင်းသွားခဲ့သည်။

ရန်ကုန်မီဒီယာဂရုပ်

အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

The Voice Weekly , 22May 2012 —– လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁ဝ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁ဝ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄ဝ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နို်င်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆ဝ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅ဝ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄ဝ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း ထိုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေစဉ် အတောအတွင်းမှာပင် ရွှေလီ-မန်းစံ ၂၃ဝ ကေဗွီ ဓါတ်အားလိုင်း တိုင်အချို့မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် ၂၀ဝ မဂ္ဂါဝတ် လျော့နည်းသွားသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၁၀ဝ မဂ္ဂါဝတ်သာ ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်မှုကြောင့် နိုင်ငံပိုင် စက်ရုံများနှင့် မြစ်ရေပြင် စီမံကိန်းများ ၊စက်မှုဇုန်များကို လျှပ်စစ်ဓါတ်အား ဖြတ်တောက် ထားရပြီး အများပြည်သူများကို ဦးစားပေး၍ ဓါတ်အားဖြန့်ဝေ ပေးလျှက်ရှိပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀ဝ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀ဝ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန် ရှိပါသဖြင့် အလှည့်ကျ ဓါတ်အားပေးနေရသော အခြေအနေကို နားလည်ပေးပါရန် အထူး မေတ္တာရပ်ခံပါကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

19 comments

  • the best

    May 22, 2012 at 5:31 pm

    ရန်ကုန် က တခြားမြို ့တွေ ထက် ထူးအောင် ကျုပ် ကတော့ ဝါဆိုဖယောင်းတိုင် နဲ ့ဗျို ့။

    • R Ga

      May 22, 2012 at 5:43 pm

      ဒါဆိုကျွန်တော်လည်း…. ဖယောင်းတိုင်း ခပ်ကြီးကြီးတွေ ဝယ်ပြီအခုလာခဲ့မယ်ဗျာ။

  • kotun winlatt

    May 22, 2012 at 5:49 pm

    ဟုတ်..တစ်ဘက်တစ်တိုင်ကိုင်ဗျာ…
    ဝါဆိုဖယောင်းတိုင်ကို……
    အဲ့တာမှ ပိုထူးးးမှာလေ…..။

  • Thel Nu Aye

    May 22, 2012 at 6:01 pm

    သွားကြည့်အုံးမှ။
    ဝန်ကြီးကပြောတယ်လေ။ ဘယ်လိုမှမပေးနိုင်လို့ပါ။ မကြေနပ်လို့ပြည်သူတွေအပြစ်ပေးမယ် ဆိုလဲခံယူဖို့ အသင့်ပါဆိုပဲ။

    • kai

      May 23, 2012 at 12:08 am

      ဆန္ဒပြတဲ့သူကပြနေတဲ့အချိန်မှာ.. အစိုးရအဖွဲ့ထဲ.. လောဘီလုပ်ဖို့..ပွဲစား ကြားဝင်ရမယ်ထင်မိတယ်..။
      လျှပ်စစ်ကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးရမယ်ထင်တာပဲ..။အနည်းဆုံးတော့ ကျေးလက်တွေဖက်မှာပေါ့..။
      ဒီဇယ်နဲ့မောင်းတဲ့ ဂျင်နရေတာတွေနဲ့..လျှပ်စစ်ထုတ်တာထက်.. ဆိုလာ..လေ..ရေ..တွေကထုတ်တာမျိုး.. အတွက်.. အခွန်လျှော့ပြိး..ဒါမှမဟုတ်..အစိုးရကပါ..ငွေချေးပေးပြီး.. ပုဂ္ဂလ ိကလုပ်ဖို့.. တွန်းအားပေးရမှာလို့ထင်မိပါတယ်…

  • ဦးဦးပါလေရာ

    May 22, 2012 at 6:12 pm

    နဝတ-နအဖ လက်ထက်မှာ စက်တပ်ဆင်အားက ဘယ်လောက်၊ တကယ်ထွက်မှာကဘယ်လောက်ဆိုပြီး အသားယူကြေညာခဲ့တဲ့ ပရောဂျက်တခုစီကို နောက်ကြောင်းပြန်ခြေရာကောက်ပြီး စီစစ်သင့်တယ်။

    အဲဒီမှာ ဘာကြောင့် နိုင်ငံ့ပိုက်ဆံတွေကုန်ပြီး လျှပ်စစ်ထွက်မလာသလဲဆိုတာ အဖြေပေါ်မယ်။

    • kai

      May 22, 2012 at 11:55 pm

      လက်တွေ့ကျတဲ့.. ဖြေရှင်းနည်းတခုလို့ထင်မိတယ်..။
      မီဒီယာတွေအလုပ်ဖြစ်ပါတယ်..။
      သတင်းလိုက်ကြစေလိုကြောင်းနဲ့.. နောင်မဖြစ်အောင်..မခိုးရဲအောင်.. မလုပ်ရဲအောင်ဖြစ်ပါကြောင်း… :mrgreen:

      • etone

        May 23, 2012 at 9:49 am

        မီဒီယာတွေက ဒါမျိုးဆို လက်သွက်တယ် ..22ရက်နေ့ညကသတင်း ဒီနေ့ 23မနက်မှာ (၂၄မှထွက်မယ့်ဂျာနယ် ..) ဒီနေ့ အဲ့ဒီသတင်း မျက်နှာဖုံးနဲ့ .. ဆိုင်ပေါ်ရောက်နေပြီ … ။

  • ရွာစားကျော်

    May 22, 2012 at 6:43 pm

    လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောတယ်လို့ ဂျာနယ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးထားတယ်။

    ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ လိုက်လျောခဲ့သည်မှာ နှစ်ရက် ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ဦးဇော်တင်မိုးက ပြောတယ်လို့ဆိုပါတယ်။

    မန္တလေး ဆီဒိုးနားဟိုတယ်နှင့် Swan ဟိုတယ်ရှေ့တို့တွင် ယနေ့ မေလ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ လုံထိန်းတပ်ဖွဲ့ဝင်အင်အား ၅၀ဝ ခန့်ရှိကြောင်း ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖတ်ရပါတယ်ခင်ဗျာ..။

  • THE MOON

    May 22, 2012 at 7:32 pm

    ဆန္ဒဖော်ထုတ်သူများသည် ဆူးလေကားမှတ်တိုင်မှ ဆူးလေစေတီတော်အား လက်ယာရစ်ပတ်၍ မဟာဗနုလလမ်းအတိုင်း သွားရာတွင် ၃၁ လမ်းထပ်အရောက်တွင် လုြံံခုံရေးအရာရှိများက ဆန္ဒဖော်ထုတ်သူများအား ဖယောင်းတိုင်မီးငြိမ်းရန် တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် ဆန္ဒဖော်ထုတ်သူများက မပြုလုပ်နိုင်ကြောင်းနှင့် ဖယောင်းတိုင်မီးကို ဆူးလေစေတီတော်တွင် ထွန်းညိပူဇော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ယခုအခါ နောက်ထပ် အဖွဲ့ တစ်ဖွဲ့ ထပ်မံရောက်ရှိလာပြီး ယခင်ရောက်ရှိသူများနှင့် ပူးပေါင်းသွားကာ နှစ်ဖွဲ့ပေါင်းပါက ၅ဝ ခန့် ရှိကြောင်းနှင့် လာရောက်ကြည့်ရှုသူဦးရေမှာ ၎င်းင်းတို့ထက် ပိုမိုများပြားကြောင်း တွေ့ရသည်။EMG

    လင်းဇော်ထက် linnzawhtike@gmail.com မှကူးယူတင်ပြသည်

  • THE MOON

    May 22, 2012 at 7:33 pm

    လင်းဇော်ထက် linnzawhtike@gmail.com

    19:30 (0 minutes ago)

    to SOE, mrsorcerer
    ဆူးလေဘုရားတောင်ဘက်မုခ်ပေါက်ဝနှင့် အရှေ့ဘက်မုလ်ပေါက်ဝကို ရဲများကပိတ်ဆို့လိုက်ပြီဖြစ်သည်

  • windtalker

    May 22, 2012 at 8:40 pm

    ကိုကြောင်ကြီး အော်ခဲ့ဖူးတဲ့ မီးတုတ် မီးတုတ် ရှို ့ရှို ့ဆိုတာ
    အခု တစ်ကယ် ဖြစ်လာပြီပေါ့ဗျာ ။ လျှပ်စစ်စွမ်းအင်ဝန်ကြီးအနေနဲ ့၊ အားလုံးအဆင်ပြေ ကျေနပ်တဲ့ အထိ အမြန်ဆုံး ဖြေရှင်းပေးသင့်ပါပြီ ။

  • ရွာစားကျော်

    May 22, 2012 at 8:48 pm

    အဲဒီလိုပိတ်ထားတယ်ဆိုလဲ
    ဖေ့စ်ဘွတ်၊ ဂျီမေးလ် ရှိသမျှ အွန်လိုင်းက မိမိကိုယ်ပိုင် ပရိုဖိုင်ပုံတွေမှာ ဖယောင်းတိုင် ပုံများထားခြင်းဖြင့် ကမာ္ဘသို့တိုင် ကိုင်လှုပ်နိုင်ပါလိမ့်မည်….

    http://myanmargazette.net/124447/society-lifestyle/events-fundraise/comment-page-1#comment-203351

  • pan pan

    May 22, 2012 at 10:45 pm

    ၉နာရီလောက်မှာ ပီးသွားတယ်ကြားတာပဲ
    ဆူးလေကိစ္စလေ

  • ငြိမ်းချမ်းစွာ ပြီးဆုံးသွားလို ့ဝမ်းသာပါ၏။
    ပြည်သူအများ အမြန်ဆုံး လျှပ်စစ်မီးရော၊ရေပါ
    အလျှင်အမြန်ရကြပါစေ

    • pan pan

      May 23, 2012 at 5:31 am

      အဲဒါတော့မသိဘူး
      အဲဒီ(၂၂ရက်)ည၁၁နာရီပဲ မီးပျက်တာ
      ခုမနက်၅နာရီမှ လာတယ်

  • water-melon

    May 23, 2012 at 10:03 am

    မနေ့ညက မန်းလေးမှာ ဆန္ဒပြသေးတယ်
    မြတောင်ကျောင်းတိုက်နားမှ

  • ဗိုက်ကလေး

    May 23, 2012 at 10:07 am

    ဟိုနေရာမှာ မီး..
    ဒီနေရာမှာ မီး..
    ဟိုမှာ ပျက်လိုက်နဲ ့..
    ဒီမှာပျက်လိုက်နဲ ့..
    သုံးဆယ့်ကိုး ဗိုက်ပူဂျီးလို
    ဂျုန်းဂျုန်း ကျနေဘီး..ဂျုန်းဂျုန်းကျနေဘီး..

  • nozomi

    May 23, 2012 at 12:11 pm

    ူဆူးလေ မီးထွန်းပွဲ ပုံတွေ အင်တာနက်တင်ထားတာ သတင်းဆိုဒ်တစ်ခုမှာ အာဂေါင်နီ ပုံကြီးနဲ့ပါလား

Leave a Reply