လူ့အလို နတ်မလိုက်နိုင်

Mr. MarGaMay 22, 20121min18013

အခုတလော ဦးမာဃတို့ မန္တလေးမှာ မီးတွေ ပျက်နေတယ်။

မန္တလေးတင် မကပါဘူး တစ်နိုင်ငံလုံးနီးပါး ပျက်နေတာပါပဲလေ။

အဲဒါကို ရန်ကုန်က လူထုတွေက စ ပြီးတော့ ဖယောင်းတိုင်လေးတွေကိုင်ပြီး ဆန္ဒပြကြတယ်။

အဲဒီမှာ မီးပြန်လာပေးတယ်ဆိုလားပဲ (ဦးမာဃ မှတ်မိသလောက် ပြောတာပါ )

အဲဒီဆန္ဒပြပွဲအပြီး သိပ်မကြာခင်မှာ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေကို ကြေညာချက်ထုတ်ပေးတယ်။

အဲဒီ ကြေညာချက်အရ ဦးမာဃ သိလိုက်တာက မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို အဓိက အားထားနေရgတယ်။

အခု နွေရာသီဆိုတော့ ဆည်တွေမှာ ရေကုန်ပြီ။

ရေမရှိတော့ ဘာနဲ့ပေးမလဲ။

သူတို့လဲ အတတ်နိုင်ဆုံး အများဆုံး ပေးနိုင်တဲ့နှုန်းနဲ့ ပေးနေတယ်။

အဲ မကြာပါဘူးဗျာ ရှမ်းပြည်က မဟာဓာတ်အားလိုင်းတိုင်တွေ မိုင်းခွဲခံရပြန်ပါရော။

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဦးမာဃတို့ မန္တလေးကလဲ ရန်ကုန်ကို အားကျပြီး စီတန်းလမ်းလျှောက်ပွဲလုပ်တယ်။

ရည်ရွယ်ချက်က ၂၄ နာရီ မီးရရှိရေးတဲ့။

အဲဒီမှာ ဦးမာဃ အတွေးလေး ဝင်လာတယ်။

၂၄ နာရီ မီးရဖို့က အခုအချိန်မှာတော့ လုံးဝ မဖြစ်နိုင်တာ သေချာတယ်။

အဲဒါကို မိုးရာသီမှာ ရအောင်လုပ်ပေးဖို့လဲ စီစဉ်ထားတယ်။

ဒါကို ဘာလို့ ဆန္ဒပြနေရတာလဲ။

ဦးမာဃတို့နေတာ မြန်မာနိုင်ငံပါ။

အရင် မကြာသေးတဲ့နှစ်တွေတုန်းက မီးဘယ်လိုပေးလဲဆိုတာ မမေ့ကြလောက်သေးပါဘူး။

အခု ဒီဘက်ပိုင်းနှစ်တွေမှာ အများဆုံး ပေးနိုင်သလောက် ပေးနေတာပဲ

ဒီပမာဏဟာ တိုးလာဖို့ပဲရှိပါတယ်။လျော့မသွားနိုင်ပါဘူး။

အခုမှ ပြည်သူု့အသံကို အလေးထားပြီး လုပ်ဆောင်ပေးနေတဲ့အစိုးရကို နေ့ချင်းညချင်း စင်္ကာပူလို အမေရိကန်လို လုပ်ပေးပါလို့တော့ ဘယ်ပြောလို့ရမလဲ။

အချိန်တော့ စောင့်ရမယ်လေ။

ဒီတော့ လျှပ်စစ်မီးအတွက် ဝန်ကြီးဌာနကို မနိုင်ဝန် မထမ်းခိုင်းဘဲနဲ့ နှစ်ဦးနှစ်ဖက် ညှိလိုက်ရင် ကောင်းမယ်လို့ထင်တယ်။

 

ဦးမာဃရဲ့ အမြင်လေးပါ။

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

13 comments

  • ရွာစားကျော်

    May 22, 2012 at 7:35 pm

    ကျနော်က သဲတော-ဝမ်းတွင်းဇာတိ..။ စက်ယက္ကန်းတွေနဲ့ ပုဆိုးအထည်လုပ်ငန်း အဓိက လုပ်တဲ့နယ်ကပါ..။
    လျှပ်စစ်မီးအကြောင်းတော့ ငယ်ငယ်လေးကတည်းက ကောင်းကောင်းကြီး ထိတွေ့ခံစားခဲ့ဖူးတာပါ..။
    စက်ယက္ကန်းစင်တွေက လျှပ်စစ်မီးလာမှ လည်ပတ်နိုင်တာပါ..
    ကျနော်ငယ်ငယ်လေးကတည်းက လျှပ်စစ်မီးဆိုတာ…
    လာချင်မှလည်းလာပါတယ်..။ ခဏလေးပဲလည်းလာပါတယ်..။ ရက်ခြားမှလည်းလာပါတယ်..။ နွေမှာလည်း မီးဖြတ်/ပြတ်ပါတယ်။ မိုးမှာလည်း လာချင်မှ လာပါတယ်..။ ဆောင်းမှာလည်း လွှတ်ချင်မှ လွှတ်ပါတယ်..။
    လူကြီး အကူးအပြောင်းမှာလည်း မီးဖြတ်/ပြတ်ပါတယ်။ ငွေတောင်းပီး မကြာ မီးဖြတ်/ပြတ်ပါတယ်။ ယက္ကန်းစင် တစင် ဘယ်လောက်ဆိုပြီး ပေးမှ ခဏလာတတ်ပါတယ်။….။ ….။

    ဒါတွေ ပြောရင် ဒေါတွေ ပါတယ်ဗျာ…

  • may flowers

    May 22, 2012 at 8:07 pm

    အင်း..ဦးမာဃ ပြောတော့လဲ ဟုတ်သလိုလို။

  • pazflor

    May 23, 2012 at 3:34 am

    ကျနော်ကတော့ လုပ်သင့်တယ်လို ့ထင်ပါတယ်ဗျ။
    မီးမပေးနိုင်မှန်းတော့ သိပါတယ်။
    ဒီလိုမျိုးလုပ်ပြတော့မှ ဘဲ အုပ်ချုပ်သူ လူတန်းစားတွေ တကယ် အလုပ်မလုပ်ဆိုတာ သိတော့မှာပေါ့။
    ယူထားတဲ့ရာထူးနဲ ့ထိုက်တန်မှူ ့မရှိရင်တော့ဆင်းပေးသင့်တယ်လို ့ထင်ပါတယ်ခင်ဗျ။
    ကျနော်အမြင် ပြောရရင် ဒီလို အခြေအနေမျိုးမှာ လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကိုတောင်းပန်သင့်တယ်လို ့ထင်ပါတယ်။
    အနာဂတ်အတွက်လည်း စီမံချက်တွေ ကောင်းကောင်းချမှတ်ပြီး အချိန်အတိုင်းအတာ တစ်ခုမှ ဒီကိစ္စ ကို အဆင်ပြေအောင်မလုပ်ပေးနိုင်ရင်တော့ နှူတ်ထွက်သင့်တယ်လို ့ထင်ပါတယ်။
    (ဝင်ပွားကြည့်တာပါ :P)

  • ရွှေအိမ်စည်

    May 23, 2012 at 9:01 am

    မြန်မာနိုင်ငံဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ သယံဇာတနဲ့ ပထဝီ အနေအထားကောင်းမွန်တယ် ဆိုပေမယ့် ဒါတွေကို အမြော်အမြင်ရှိရှိ ရေရှည်ထိန်းသိမ်း သုံးစွဲနိုင်ဖို့ လူသာ ပဓါန ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းပြီး လူမှန်နေရာမှန်သာ ရှိနေမယ်ဆိုရင် ပရဟိတ အားသန်တဲ့ နိုင်ငံသားတွေ ဖြစ်ကြတာအလျောက် အချိန်တိုအတွင်းမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

    လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းနေစဉ် အခြားတဘက်ကလည်း လျှပ်စစ်ဓါတ်အား ခြိုးခြံ ချွေတာရေးကို အရှိန်မြှင့်ပြီး လူထုပညာပေးရေး လုပ်နေရပါမယ်။ သတင်းစာမှာ တိုက်တွန်းနှိုးဆော်ရုံနဲ့ မလုံလောက်ပါဘူး။ လူအများ အလွယ်တကူ သိရှိနိုင်စေမယ့် လူထုလှုပ်ရှားမှု (Awareness campaign) တွေကို အားပေးနိုင်ရပါမယ်။ အဓိကအကျဆုံးကတော့ တိုက်တွန်းနှိုးဆော်သူ အစိုးရအပေါ် လူထုက လက်ခံ ယုံကြည်အောင် သက်သေပြနိုင်ဖို့သာ ဖြစ်ပါတယ်။ လူထုထောက်ခံမှု မရှိဘဲ လူထုကို တိုင်းရေးပြည်ရာ ကိစ္စတွေမှာ ပါဝင်လာအောင် မလုပ်နိုင်ပါဘူး။

    လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးအတွက် မလိုအပ်တဲ့ VIP နေရာတချို့မှာ မီးသုံးစွဲမှုကို လျှော့ချဖို့ စီမံသင့်ပါတယ်။ အဲဒီလိုပဲ တနိုင်ငံလုံး အစိုးရဌာနတွေမှာ လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို စံနမူနာပြ လုပ်ဆောင်ပေးသင့်ပါတယ်။ အရပ်ဘက် ပြည်သူတွေနဲ့ ဝန်ဆောင်မှု စီးပွားရေးကဏ္ဍဘက်မှာ ဖြစ်နိုင်သလောက် လျှပ်စစ်ဓါတ် ခြိုးခြံချွေတာရေးကို နှိုးဆော် တိုက်တွန်းပေးသင့်ပါတယ်။

    ကြားဘူးတာလေးပါ====အိန္ဒိယ မှာ လျှပ်စစ်မီး ချွေတာရင် ဝန်ကြီးတွေအိမ်ပါ မီးပိတ်ထားတယ်တဲ့
    မော်တော်ယာဉ် မသုံးစွဲ ရနေ့ဆိုရင်လဲ ဝန်ကြီးတွေ ကိုယ်တိုင်စက်ဘီး
    စီးပြီးရုံးတက်ကြတယ်တဲ့

    လူ ့အလိုကတော့..နတ်မလိုက်နိုင်သလို…..အစိုးရတွေ ဝန်ကြီးတွေဘက်ကလည်း..အမှန်တိုင်းဝန်ခံသင့်တယ်..။

    • marblecommet

      May 24, 2012 at 10:01 pm

      ကအိမ်စည် အခုမှ ပေါ်လာပါလား
      ငါ ကမ်းကြီးပါအေ….

  • မှော်ဆရာ

    May 23, 2012 at 11:50 am

    မှန်တာပြောရင် ပြည်တွင်းမှာ မလုံလောက်မှန်းသိရက်သားနဲ့
    လုံလောက်ပါတယ် ၊ ပိုလျှံပါတယ်ပြောပြီး နိုင်ငံခြားကို ရောင်းစားလို့ဗျ…
    တိုင်းပြည်တိုးတက်ဖို့ ရောင်းစားရပါတယ် .. ပြည်သူများ သည်းညည်းခံကြပါဆိုရင် တမျိုးပေါ့
    စွမ်းအင် အရင်းအမြစ်တွေ ဖင်ခုထိုင် .. ဒါပေမယ့် မှောင်ထဲမှာ ဒုက္ခမျိုးစုံခံ … ဒါပေမယ့် ရောင်းစားလို့ ရတဲ့ အကျိုးအမြတ်ကြတော့ ပြည်သူတွေ ထိထိရောက်ရောက် မခံစားရတာလဲ အခြေခံအကြောင်းတစ်ခုပါ …

  • jujuma

    May 23, 2012 at 12:10 pm

    ခု အနေအထားကတော့ ဦမာဃ ပြောသလိုဖြစ်နေတာပေါ့ ..
    သို့သော်ငြားလည်း တရားမျှတတဲ့ တိုင်း ပြည်ဆို ရင် တစ်တိုင်းပြည်လုံးအနေအထားနဲ့ တရားမျှတစွာဆောင်ရွက်သင့်တာပေါ့ … နေပြည်တော် လိုနေရာမျိုးမှာ ထိန်ထိန်သာနေတဲ့မီးးး…
    ပေးချင်တဲ့နေရာမှာ ထိန်နေတဲ့မီး အဲဒါတွေကရော ဘယ်လိုင်းကများသွယ်ထားတာပါလိမ့် ..
    တရားသဘောနဲ့ မတရားပြောတာမဟုတ်ပါဘူး ..မျှတစွာကြည့်တတ်ဖို့ပြောတာပါ ..
    တကယ်လဲ ခုချိန်မှာ အခက်တွေ့နေတယ်ဆိုပေမယ့် …..
    သူတို့လုပ်ခဲ့တဲ့ မကောင်းမှုက သူတို့ကို တန်ပြန် ဒုက္ခရောက်စေတဲ့ သဘောပဲပေါ့ ဗျာ ….
    ခံရတာကတော့ ပြည်သူတွေပဲပေါ့ …

  • ahnyartamar

    May 23, 2012 at 1:11 pm

    ဒီတော့ လျှပ်စစ်မီးအတွက် ဝန်ကြီးဌာနကို မနိုင်ဝန် မထမ်းခိုင်းဘဲနဲ့ နှစ်ဦးနှစ်ဖက် ညှိလိုက်ရင် ကောင်းမယ်လို့ထင်တယ်။

    ဒာဲဒီလိုဆိုလဲ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ပြောခဲ့တဲ့စကားတွေ (မြစ်ဆုံကိစ္စတုံးက) ပြန်နားထောင်ပြီးမှ ညှိလို့ရမယ်ထင်တယ်။ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဘာတွေပြောခဲ့လဲဆိုတာတော့ မရေးတော့ပါဘူး၊ လူတိုင်းသိပြီးသားတွေမို့ပါ။

  • Thel Nu Aye

    May 23, 2012 at 2:23 pm

    လက်မတချောင်းထောင်သွားပါ၏။

  • bluerose

    May 30, 2012 at 3:47 pm

    အခုဆန္ဒပြနေတာကလည်း
    ချက်ချင်းမီးပြန်လာပေးဖို့ကိုမဟုတ်ပါဘူး
    မြန်မာနိုင်ငံမှာလျှပ်စစ်စွမ်းအားတွေပိုလျှံနေလို့
    သူများနိုင်ငံကိုရောင်းစားရတယ်လို့ပြောခဲ့တဲ့
    စကားတွေအတွက်ပါ
    တကယ်ဆိုကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့လိုအပ်ချက်ကို
    အပြည့်အဝဖြည့်ဆည်းပေးနိုင်မှသူများနိုင်ငံကိုရောင်းသင့်တာရောင်း
    ပေးသင့်တာပေးလှုသင့်တာလှုရမှာပေါ့
    အိမ်တအိမ်မှာတောင်အစားအသောက်ကိုပိုလျှံမှသူစိမ်းကိုကျွေးတာထုံးစံရှိတယ်လေ
    နိုင်ငံတနိုင်ငံအနေနဲ့ဆိုရင်တော့အများကြီးစဉ်းစားတွေးတောပြီးမှ
    လုပ်တာကောင်းမယ်ထင်ပါတယ်

  • etone

    May 30, 2012 at 4:14 pm

    အွန် …. ဒီမှာလည်း တယောက် .. သွပ်ပြား ပို့စ်ခေါင်းစဉ်ကြီးနဲ့ တူနေပြန်ပြီ …
    တော်တော်နောက်တယ် …. 😆

  • kotun winlatt

    May 30, 2012 at 4:46 pm

    လက်မလေးထောင်ပြီး အားပေးသွားတယ်ခင်ဗျာ….
    ဂွတ်ထ..ဂွတ်ထ….

  • မိုးတိမ်

    May 30, 2012 at 8:17 pm

    နေပြည်တော်မှာ မလိုအပ်တဲ့ ထိန်ထိန်ညီးနေတဲ့မီးတွေကိုပိတ်၊
    လိုအပ်တဲ့နေရာတွေကို မီးပေးစေချင်ပါတယ်။
    အတိုင်းအတာ တစ်ခုထိတော့ ပြေလည်သွားထင်ပါ၏။
    စေတနာနဲ့ဝင်ပြောရရင် နိုင်ငံ့ သမ္မတကြီးလဲ မနိုင်ဝန်ကြောင့် ခါးချိနေလောက်ပါပြီ။
    ပွင့်လင်းမြင်သာတဲ့ အစိုးရကြောင့် ခုလောက်ဆန္ဒဖော်ထုတ်ခွင့်ရတာကိုပဲ ကျေးဇူးတင်နေပါပြီ။
    သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေဗျာ။

Leave a Reply