ပုဂ္ဂလိကဆီဆိုင်တချို့ ထိန်းရောင်းနေရ

klnJune 18, 20101min501

ဆီပွဲစားတချို့ ပုဂ္ဂလိကဓါတ်ဆီဆိုင်တွေမှာ ခေါက်တုံ့ခေါက်ပြန် လာဝယ်နေကြလို့ အရောင်းဆိုင်တချို့ ဓါတ်ဆီကို ထိန်းပြီးရောင်းပေးနေရကြောင်း ပုဂ္ဂလိကဆီဆိုင်တချို့ထံက သိရပါတယ်။ ပုဂ္ဂလိကဆီဆိုင်တွေက ရောင်းတဲ့ဓါတ်ဆီ တစ်ဂါလန်ဈေးနှုန်းက အပြင်ဈေးထက် နည်းနေတာဖြစ်ပါတယ်။ ပွဲစားကဓါတ်ဆီတစ်ဂါလန် ကျပ် ၂၅၀ဝနဲ့ ဆိုင်တွေကဝယ်ပြီးစုတယ်။ ဓါတ်ဆီဂါလန် ငါးဆယ်၊ တစ်ရာဝယ်စုပြီးတာနဲ့ အပြင်မှာ ဓါတ်ဆီတစ်ဂါလန် ကျပ် ၂၇၀၀၊ ၂၈၀ဝ နဲ့ပြန်ရောင်းပါတယ်။ ပွဲစားက ဓါတ်ဆီဝယ်စုနေတာကြောင့် အမှန်တကယ်ဝယ်သုံးမယ့် ကားပိုင်ရှင်တွေအတွက် ဆီလုံလုံလောက်လောက် မရောင်းပေးနိုင်မှာကို စိုးရိမ်တယ်လို့ ကောင်းဇော်ဟိန်းကုမ္ပဏီ ဆီအရောင်းဆိုင်မန်နေဂျာ ဦးကျော်ဇင်နို်င်က ပြောပါတယ်။ သူက “တကယ်ဝယ်သုံးတဲ့သူက ဓါတ်ဆီခြောက်ဂါလန်အထိပဲ ဝယ်ကြတာများပါတယ်၊ ပွဲစားတွေက တစ်ခါလာဝယ်ရင် ၁ဝ ဂါလန်ကျော်နဲ့ နှစ်ခေါက်သုံးခေါက် လာဝယ်နေတော့ ဆီပွဲစားရဲ့ကားဆိုတာ သိသာလာတယ်” လို့ တွေ့ကြုံရတာပြောတယ်။ ဓါတ်ဆီသီးသန့်ရောင်းတဲ့ ပုဂ္ဂလိကဆီဆိုင်တချို့မှာ ဆီပွဲစားကြောင့် ဓါတ်ဆီထိန်းရောင်းနေရပေမယ့် ဒီဇယ်သီးသန့်ပုဂ္ဂလိက အရောင်းဆိုင်တွေမှာတော့ ဆီပွဲစားနဲ့ မကြုံရလို့ ထိန်းမရောင်းရပါဘူးလို့ နယူးဒေး (New Day) ဆီအရောင်းဆိုင်မန်နေဂျာ ဦးသူရကျော်က ပြောပါတယ်။ သူက “ဆိုင်ကရောင်းတဲ့ ဒီဇယ်ဈေးက အပြင်ဈေးနဲ့ အတူတူပဲ၊ ဓါတ်ဆီလို ဈေးမကွာတော့ ပွဲစားတွေ ဒီဇယ်ဝယ်မစုကြဘူး၊ တကယ်သုံးတဲ့ကားတွေပဲ လာဝယ်ကြတယ်” လို့ တွေ့ကြုံရတာပြောတယ်။ လက်ရှိပုဂ္ဂလိက ဆီဆိုင်ရော အပြင်မှာပါ ဒီဇယ်တစ်ဂါလန်ဈေးက ကျပ် ၂၈၀ဝ နဲ့ ၂၉၀ဝ ဖြစ်ပါတယ်။ ဒီဇယ်သီးသန့်ရောင်းတဲ့ ပုဂ္ဂလိကဆိုင်တွေက ဒီဇယ်ရောင်းအားကောင်းဖို့ကိုပဲ အဓိကထားရောင်းကြတယ်။ တစ်ရက်ရောင်းအားအနည်းဆုံး ဒီဇယ်ဂါလန် ၁၇၀ဝ ကနေ ၂၀၀ဝ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိက ဆီဆိုင်တချို့က နောက်ပိုင်းမှာ ဝန်ဆောင်မှုတွေ ထပ်တိုးဖို့နဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်တွေလုပ်ဖို့ စီစဉ်နေကြကြောင်း သိရသည်။