မီးပြိုင်ပွဲ

သူရႆဝါMay 23, 20121min1137

ဤပြိုင်ပွဲကြီး အစပြုပုံ အစုံစုံမှာ ဖော်ပြ လတ္တံ့သော အကြောင်းအမှုတို့ ပေါင်းစုကာ ပေါ်ပေါက် လာရခြင်းပင် ဖြစ်တော့သည်။ တစ်ခုသော တစ်ခုသော နေပူ ခြင်ကိုက် ပူအိုက် ချွေးထွက် မီးပျက်သော အခါ သမယတွင် နာမည်ကျော် အနုပညာရှင် အတတ်ပညာရှင် စာပေ ပညာရှင် စသည့် အနုပညာ နယ်ပယ် အသီးသီးမှ ဩဇာ တိက္ကမ ကြီးမားလှသော ပညာရှင် အသီးသီး စုစည်း၍ တိုင်ပင် ဆွေးနွေး နှီးနှော ဖလှယ် ကြရာမှ ယခု ရေးသား စီရင် အပ်သော အလွန် အင်မတန် အကြိတ်အနယ် ရှိလှသည့် အနုပညာ စွမ်းပကား ပြိုင်ပွဲကြီး စတင် ကျင်းပရန် အကြံရ ခဲ့ခြင်းပင် ဖြစ်လေ၏။

၎င်းတို့ ပေါင်းစု ညီညာ ဆွေးနွေး ရှာသည့် အကြောင်းအရပ်မှာ ယခု အချိန်အခါ သမယ သည်ကား ဒီမိုကရေစီ ခေါ်ဆိုသည့် လူ့အခွင့်အရေး အခြေပြု လူမှုလောက အစိုးရ စနစ်ကြီး ထွန်းကားသည့် အချိန် ဖြစ်သည့် အလျောက် လက်ရှိ ပြည်သူ လူထုကြား ဖြစ်ပေါ် နေသော အကြောင်းအရာကို ထင်ဟပ် နိုင်သည့် အနုပညာ လက်ရာ စိတ်ကူး များကို ခေါင်းစဉ် တစ်ခုတပ်၍ စာပေ ဖက်ကလည်း စာပေ အလျောက်၊ တေးသံရှင် တေးရေးသူ များကလည်း ၎င်းတို့ ကျွမ်းကျင် ပိုင်နိုင်မှု အလျောက်၊ ရုပ်ရှင် ဗီဒီယို အနုပညာရှင် များကလည်း သူတို့၏ စွမ်းပကား ရှိသလောက် ထုတ်ဖော် ရေးသား စပ်ဆို ရိုက်ကူး ပြသ နိုင်ကြမည့် နယ်ပယ်ပေါင်းစုံ ဘက်ပေါင်းစုံ အစုံစုံ အဖြာဖြာ စုံစီနဖာ ပါဝင်မည့် အနုပညာ ပြိုင်ပွဲကြီး တစ်ခုကို ကြီးကျယ် ခမ်းနားစွာ ကျင်းပ နိုင်ရေးပင် ဖြစ်လေသည်။

သို့ဖြင့် နယ်ပယ် ကဏ္ဍ အသီးသီးမှ အကြီးအကဲ အနုပညာရှင် တို့သည် ခေတ်ကို အထင်ဟပ် နိုင်ဆုံးနှင့် ပြည်သူ့ အသံကို အနီးစပ်ဆုံး ကိုယ်စား ပြုနိုင်မည့် ဂျန်နရယ် ခေါင်းစဉ် တစ်ခုကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ရွေးချယ် ကြရာ အံ့ဩ စရာ ကောင်းလောက်အောင် တိုက်ဆိုင်စွာ “မီးပြိုင်ပွဲ” ဟူသည့် ခေါင်းစဉ်ကို ရရှိလေသော ဟူ၏။ ထိုပြိုင်ပွဲ အကြောင်းနှင့် ခေါင်းစဉ်ကို သတင်း  ရရှိ ကြကုန်သော ပြည်သူ ပရိသတ် အပေါင်းနှင့် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် အနုပညာရှင် အပေါင်း တို့မှာ သောင်းသောင်းဖြဖြ စိတ်ဝင်တစား အားပေး ယှဉ်ပြိုင် ကြရန် စိတ်အား ထက်သန် လျက်သာ ရှိနေကြသည် ဖြစ်လေ၏။ ပြိုင်ပွဲ သတ်မှတ် ကာလမှာ တစ်လတိတိ ကြာမြင့်မည် ဖြစ်ပြီး ထိုတစ်လ အတောအတွင်း “မီး” နှင့် ပတ်သက် ဆက်နွယ်သည့် အနုပညာ လက်ရာ ပေါင်းစုံကို ပြည်သူ အပေါင်း သိရှိ အားပေးနိုင်အောင် ယှဉ်ပြိုင် ဖော်ကျူး ရမည် ဟူသော စည်းကမ်းချက် ထွက်လေ၏။

ယှဉ်ပြိုင် ကြသူ အားလုံးနှင့် ပရိသတ် အပေါင်း တို့မှာ မည်သူကများ မည်သို့ မည်ပုံ စတင် ယှဉ်ပြိုင် လာမည်နည်း ဟူ၍ စိတ်ဝင်တစား စောင့်ကြည့် နေဆဲ အချိန် ဖြစ်လေသည်။ ပြိုင်ပွဲ စတင်ပြီး နှစ်နာရီ အကြာတွင်ပင် နာမည်ကျော် စာပေ ပညာရှင်ကြီး တစ်ဦးမှာ စကားပုံ တစ်ခုကို ဖော်ထုတ်၍ ပြိုင်ပွဲ ဝင်လေ၏။ ယခင့် ယခင်က ရှှိနှင့်ပြီးသော “အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်” ဟူသော စကားပုံကို ခေတ်ကို ထင်ဟပ်အောင် နဘေ ကာရံ မပျောက်ပျက် စေဘဲ သံတူကြောင်းကွဲ စကားပုံ အသစ် တစ်ခုဖြင့် ပြန်လည် ပြင်ဆင်လျက် ပြိုင်ပွဲဝင်သည် ဖြစ်လေရာ ၎င်းစကားပုံ အခေါ်မှာကား “အပျက်ပျက်နှင့် ဖယောင်းဈေ းတက်” ဟူ၍ ဖြစ်လေ၏။ ထိုအခါ နောက်ထပ် စာပေ ပညာရှင် တစ်ဦး ကလည်း ယခင် ဆိုရိုး စကား ရှိနှင့်ပြီး ဖြစ်သော “ချီးမွမ်း ခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်” ဆိုသည်အား မူရင်း စကားလုံးများ အနည်းငယ် ပြောင်းလဲကာ “မီးခွက် ခုနစ်ရက် မီးစက် ခုနစ်ရက်” ဟူ၍ ပြင်ဆင် ရေးသား ပြိုင်ပွဲ ဝင်သွား လေ၏။ စစချင်းပင် အကြိတ် အနယ် သူနိုင် ကိုယ်နိုင် အပြိုင်ကြဲ၍ နေကြသော “မီးပြိုင်ပွဲ” ကြီးကို လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အုတ်အုတ် ကျက်ကျက် အားပေး ကြသည် ဖြစ်လေ၏။

ရုပ်ရှင် ဗီဒီယို ဒါရိုက်တာ တစ်ဦးကလည်း ယခင်က အလွန် အောင်မြင် ခဲ့သော “ပုဂံမှာ သာတဲ့လ” ဇာတ်ကားကို နာမည်နှင့် ဇာတ်လမ်း ဇာတ်ကွက်များ ပြောင်းလဲ၍ “ရန်ကုန်မှာ မလာတဲ့မီး” ဟူသော ခေါင်းစဉ်ဖြင့် ပြောင်းလဲ ရိုက်ကူး၍ ရုံတင် ပြသရာ ကမ္ဘာကျော် Avatar ဇာတ်ကား၏ ဝင်ငွေကိုပင် ကျော်တက်၍ ကမ္ဘာ့စံချိန် ကျိုးလောက်အောင် ပရိသတ်များ မှောင်ထဲမည်းမည်း ဝက်ဝက်ကွဲ အားပေးကြသည် ဖြစ်လေ၏။ နောက်ထပ် ရုပ်ရှင် ဒါရိုက်တာ တစ်ဦး ကလည်း ပရိသတ်များ သိရှိပြီး ဖြစ်သော “ဒီမိုးမှောင်တုန်း မောင်ပုန်းပါရစေ” ဟူသော သီချင်း စာသား တစ်ခုကို ပြုပြင် ပြောင်းလဲ မှည့်ခေါ်၍ “ဒီမီးလာတုန်း ငါပြုံးပါရစေ ခင်” ဟူသော နာမည်နှင့် အလွမ်း အဆွေး ဘဝသရုပ်ဖော် ဇာတ်လမ်းတွဲ တစ်ကား ရိုက်ကူး ပြသရာ တရုတ် နိုင်ငံမှပင် ၎င်းတို့ နိုင်ငံတွင် ဇာတ်လမ်းတွဲ ပြသရန် ပြန်လည် ဝယ်ယူရသည့် အဖြစ်ကို ရောက် လေ၏။

ထိုသို့ စာပေနှင့် ရုပ်ရှင် အားပြိုင် နေကြသော်လည်း ဂီတ ပညာရှင်များ ဖက်မှ ငြိမ်သက် နေသည့် အတွက် ပရိသတ်များ မျှော်လင့် တောင့်တ နေကြဆဲ အခါ သမယတွင် နာမည်ကျော် ပြည်သူ့ အကျိုးပြု သီချင်း တစ်ပုဒ် ဖြစ်သည့် “မီးဘေးရှောင် မလောင်ခင်တား” သီချင်းကို သီဆိုခဲ့သည့် တေးသံရှင်ကြီး တစ်ဦး၏ သီချင်း စာသားနှင့် ခေါင်းစဉ် များကို ပြောင်းလဲ၍ မြန်မာသံ အဆိုတော် တစ်ဦးက “မီးအဝေးခွာ မလာရင်ပျက်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသား စပ်ဆို ပြိုင်ပွဲ ဝင်လေမှ ပရိသတ်များ ဘဝင်ကျ လေ၏။ ထိုသီချင်းပါ စာသား အချို့ဖြစ်သော “မီးအဝေးခွာလို့ မလာရင် ပျက်ရတာ၊ မလာတဲ့ ဒီမီးကို မျှော်လင့်ချက် ထားရင် မှားကြတော့မှာ” ဟူသည့် စာသား များမှာ လွန်စွာမှ “ပေါက်” သည်ဖြစ်၍ ဖုန်း Ringtone အဖြစ်ပင် ခေတ်စား သွားလေ၏။ ထိုသို့ မြန်မာသံက အမောက်ထောင် ပြသည့်အခါ ခေတ်ပေါ် သီချင်းသမား များကလည်း မနေသာ အဖြေရှာ၍ ခပ်မြန်မြန် ပြိုင်ပွဲဝင် ရလေ၏။

နတ်ဒိုး Remix သီချင်း များနှင့် ပရိသတ် ကြိုက်ကြသော ဂီတ ပညာရှင် သားစိုးကို အလွန်တရာ အားကျ နှစ်သက်သော တက်သစ်စ DJ တစ်ဦး ကလည်း သားစိုး၏ “ရောလို့ မွှေလို့ မဝလို့” နာမည်ကို “ပျက်လို့ မလာလို့ မရလို့” ဟူသော နာမည် အဖြစ် လည်းကောင်း၊ “ရောချင်ရော မရောချင်နေ” နာမည်ကို “ပျက်ချင်ပျက် မပျက်ချင်နေ” ဟူသော နာမည် အဖြစ် လည်းကောင်း ဆင့်ပွါး ပြောင်းလဲ၍ DJ Remix အယ်လ်ဘမ် နှစ်ချပ် ဆက်တိုက် ထုတ်လုပ် လိုက်ရာ အလွန်တရာမှ ခေတ်ကို ထင်ဟပ် နိုင်လှသည် ဖြစ်သဖြင့် ထိုခေတ် ထိုအခါက နာမည်ကျော်သော နိုက်ကလပ် များတွင် နေ့မနား ညမနား မတရား ဖွင့်ရသည် ဆိုပြန်၏။ မြန်မာသံနှင့် ခေတ်ပေါ် ဂီတ တို့၏ ပြိုင်ဆိုင်မှုမှာ ပြင်းထန် လှသည် ဖြစ်ချေရာ ထို DJ Remix ခွေ ခေတ်စားပြီး သိပ်မကြာခင် မယ်ဒလင်လေး ဒေါင်ဒင် ဒေါင်ဒင်ဖြင့် သီဆိုသော သီချင်းခွေ ထွက်လာ ပြန်လေ၏။

မြန်မာသံ အဆိုတော် တွံတေးစိုးအောင် အလား ထင်မှတ်မှား ရသည့် တက်သစ်စ မြန်မာသံ အဆိုရှင်လေး တွံတေးမိုးမှောင် မှာ အဆိုပါ တွံတေးစိုးအောင်၏ “ဦးနဲ့သမီး” သီချင်းကို “သ” တစ်လုံး ဖြုတ်ကာ “ဦးနဲ့မီး” ဟူသော မြန်မာသံ တေးသီချင်း တစ်ပုဒ် စပ်ဆို ပြလေရာ အလွန်တရာမှ လူကြိုက်များ လှသော ဟူ၏။ သီချင်းပါ စာသား အချို့မှာ “မီးရယ် မီးရယ် မီးမလာတဲ့ ရက်ကလေးများမှာ ဦးတော့ သိပ်သိပ် လွမ်းတယ်၊ ကြိတ်ငိုရတယ် မလာသော မီးရယ်” စသည်ဖြင့် ဖြစ်လေရာ လွန်စွာမှ ခေတ်ကာလကို ထင်ဟပ်နိုင်သော တေးသီချင်း တစ်ပုဒ် အဖြစ် နာမည် ကျော်ကြား လူကြိုက်များ ခဲ့သည်သာ ဖြစ်လေ၏။ ထိုသို့ ပြိုင်ဆိုင်မှု ပြင်းထန် နေကြချိန်တွင် စာပေ ဖက်မှလည်း ပြန်လည် လှုပ်ရှား လာပြန် လေ၏။

အလွန်တရာ နာမည်ကြီး လူကြိုက်များ ခဲ့သော “ဒေါက် ဒေါက် ဒေါက် အချစ်လား ဝင်ခဲ့လေကွယ်” ဟူသော ဝတ္ထုအား စာရေးဆရာ တစ်ဦးက ခေါင်းစဉ် ပြန်ပြောင်း၍ ထုတ်ဝေသော “ဖျတ် ဖျတ် ဖျတ် .. မီးလား လာတော့လေကွယ်” ဟူသော လုံးချင်း ဝတ္ထုမှာ နေ့ချင်းညချင်း ဘက်ဆဲလား ဝတ္ထု အဖြစ်သို့ ရောက်ရှိ လာလေ၏။ သို့သော် ၎င်းစာအုပ်မှာ တော့ပ်တင်း(န်) လစ်(ထ်)တွင် နှစ်ရက်မျှပင် မကြာလိုက်။ နောက်ထပ် စာရေးဆရာ တစ်ဦးက “အချစ်လား သူဖျား နေတယ်” ဟူသော ဝတ္ထု ခေါင်းစဉ်ကို အခြေခံ၍ “မီးလား သူပျက်နေတယ်” ဟူသော လုံးချင်း ဝတ္ထုရှည် ကြီးကို ထုတ်ဝေ သမှု ပြုတော့လေရာ ရောင်းအား အကောင်းဆုံး စာရင်းတွင် နှစ်ပေါင်းများစွာ ရပ်တည် နိုင်သည် သာမက ဟောလီးဝုဒ်မှ ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်း များမှပင် ရုပ်ရှင်အဖြစ် ရိုက်ကူးရန် ဒေါ်လာ သန်းပေါင်းများစွာ ပေး၍ ဝယ်ရသည့် အဖြစ်ကို ရောက်ရှိ၍ သွားလေ၏။

ထိုသို့ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲ၍ နေကြချိန်တွင် အတန်ငယ် ငြိမ်သက် နေသော စာပေ အနုပညာရှင်များ ကလည်း ဒီအတိုင်းတော့ အရှုံးမပေး နိုင်ဘူး ဟူသည့် သဘောဖြင့် ထပ်မံ၍ အားသွန် ရေးသား စပ်ဆို ကြလေ၏။ မြန်မာ့ ရိုးရာ စကားထာ တစ်ခုဖြစ်သည့် “တစ်နှစ် တစ်ခါ ပေါ်လို့လာ ငါသာ မင်းလောင်း ထီးဖြူဆောင်း” ဟူသော စကားထာကို စာရေးဆရာ တစ်ဦးက “ဆယ့်ငါးမိနစ် တစ်ခါ လင်းလို့လာ ငါသာမီးချောင်း အပ်ချလောင်း” ဟူ၍ ဤသို့ ဤနှယ် ရေးသား စပ်ဆိုခြင်း ပြုပြန်၏။ ထိုသို့ စကားထာ ဖွက်သူကို အရှုံးမပေး ချင်သော အွန်လိုင်းမှ အမည်မသိ စာဆိုရှင် တစ်ဦး ကလည်း ဆရာကြီး မင်းသုဝဏ်၏ နာမည်ကျော် ကဗျာ ဖြစ်သည့် “သူမှာတမ်း” ကဗျာမှ “ခရီးမတ်တပ် လမ်းခုလပ်တွင် ကိုယ်လွတ် ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ” ဟူသော ကဗျာအား “ကိုယ့်မှာတမ်း” ဟူ၍ ဆင်တူရိုးမှား ခေါင်းစဉ်ထား၍ “တောမှာ မီးစက် မြို့မီးခွက်နှင့် မဂ္ဂါဝပ်များစွာ ပိုလျှံပါ၍ ရောင်းစားခဲ့ကြောင်း ပြောပါလေ” ဟူသော ကဗျာကို စပ်ဆို လေတော့ရာ လွန်စွာမှ အုတ်အော်သောင်းနင်း ဖြစ်ကြသည် ဟူပြန်၏။

ထိုအချိန်အခါ သိပ်မကြာခင် မှာပင် ဂီတ သမားများ ဖက်မှလည်း တစ်စခန်း ထ၍ လာပြန်၏။ နာမည်ကျော် ဂီတ ပညာရှင် တစ်ဦးက ယခုခေတ် အခါတွင် လူအများကြား ရေပန်းစား ခဲ့သော သီချင်းနှစ်ပုဒ် ရှိလေရာ တစ်ပုဒ်မှာ “နောက်ထပ် လာချင် လာပါ၊ မထူးဆန်းတော့ပါ၊ နှလုံးသားထဲမှာ ဒီဒဏ်ရာ တွေဟာ၊ ဝဋ်ရှိလို့သာ ခံစားခဲ့ရတာ၊ ဘယ်သူ့ကို မှလည်း အပြစ်မတင် ရက်တော့ပါ” ဟူသော စာသားများ ပါဝင်သော သီချင်းနှင့် “သူလာလာ မလာလာလာ ကိုယ်က စောင့်ရမှာ၊ သူလာလာ မလာလာလာ ကိုယ်က စောင့်ရမှာ” ဟူသော စာသား ပါဝင်သည့် သီချင်း နှစ်ပုဒ် တို့မှာ ခေတ်ကို ထင်ဟပ်သည့် ယခု ပြိုင်နေကြသော မီးနှင့် ပတ်သက်သည့် အကြောင်းကို သင်္ကေတ ဝါဒဖြင့် သွယ်ဝိုက် ဖွဲ့ဆို ထားသော သီချင်းနှစ်ပုဒ် ဖြစ်သဖြင့် ပြိုင်ပွဲဝင် စာရင်းထဲ ထည့်သင့်သည်ဟု အကြံပြု လာချေသည် ဖြစ်လေရာ ထည့်သင့်သည် မထည့်သင့်ဘူး ဟူသော အသံများ ညံစီ၍ နေလေသော ဟူပေ၏။

သိပ်မကြာခင် မှာပင် မိန်းကလေး အဆိုရှင် တစ်ဦး၏ နာမည်ကျော်ကြား လူကြိုက်များ ခဲ့သော သီချင်းတစ်ပုဒ်မှ စာသားများကို အနည်းငယ် ပြုပြင်ကာ နောက်ထပ် အမျိုးသမီး အဆိုရှင် တစ်ဦးက ပါဝင် ယှဉ်ပြိုင် ပြန်လေ၏။ အဆိုပါ သီချင်း စာသားမှာ “ချွေးထွက် လွန်းတဲ့ မီးပျက်တဲ့ ညလေးမှာ အိမ်ရှေ့မီးလေး အမှတ်မထင် လင်းလာခဲ့တယ်၊ ထူးထူး ခြားခြား မီးလာပလား မေးစဉ်မှာ၊ ဖျတ်ခနဲ ပဲကွယ် ပြန်ပျက်ခဲ့တယ်၊ မထင်မှတ်ပဲ ပျက်တဲ့ ကိုရွှေမီးရယ် .. အရုဏ် မိုးသောက် ချိန်တောင် မင်းရောက် မလာခဲ့၊ ကိုရွှေမီးလေးရယ် မင်းကိုပဲ အပြစ်တင် တော့မယ်” ဟူ၍ ဖြစ်လေရာ ထိထိမိမိ စပ်ဆို ဖော်ကျူး နိုင်သည့် ခေတ်ကို ထင်ဟပ် ပြိုင်ပွဲဝင် သီချင်း တစ်ပုဒ် ဖြစ်သည်ဟု မှတ်သား ကြရ ပြန်လေ၏။

ထိုသို့ စာပေ၊ ရုပ်ရှင်၊ ဂီတ သုံးမျိုး သုံးဖလှယ်မှာ တစ်လ ပေးထားသည့် အချိန်အတွင်း အပြန်အလှန် ပြိုင်ကြ ဆိုင်ကြ ရင်းဖြင့်ပင် သတ်မှတ် ထားသော တစ်လတင်းတင်း ပြည့်သည့် နေ့သို့ ရောက်လေသည် ဖြစ်၏။ ထိုအခါ ပြိုင်ပွဲကို ဦးစီး ကျင်းပ ပေးသူ အနုပညာ နယ်ပယ်စုံ အလွှာစုံမှ အကဲဖြတ် အမှတ်ပေး လူကြီးများက ဆုပေးပွဲ ကျင်းပရန် အခါ သမယကို သတ်မှတ် ပေးကြရာ ပြိုင်ပွဲ ပြီးသည်၏ နောက်တစ်ပတ် ကြာသော နေ့တွင် အဆိုပါ ခေတ်ကို ထင်ဟပ် “မီးပြိုင်ပွဲ” ကြီးတွင် ဆုရရှိ သူများ၏ ဆုပေးပွဲကို ကျင်းပမည်ဟု သဘောတူ ပန္နက်ရိုက် မိကြသည် ဖြစ်လေ၏။ ဆုပေးပွဲနေ့ ရောက်သော အခါတွင် မမျှော်လင့်သော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်၍ လာလေ၏။ အဘယ်နည်း ဟူမူ မန္တလေး တိုင်းမှ ကွက်စိပ်ဟော ဆရာဝ ဆိုသူက စာပေ၊ ရုပ်ရှင်၊ ဂီတ သုံးဦးသားတို့ အကြိတ်အနယ် ယှဉ်ပြိုင် သွားကြသည်ကို ကြည့်ရင်းဖြင့် သူ့အနေဖြင့် ခေတ်ကို ထင်ဟပ် “ကွက်စိပ်” တစ်ပုဒ်စာမျှ ဟောပြောချင်စိတ် ပေါ်ပေါက်၍ လာလေရာ ဆုပေးပွဲ မတိုင်မီ ရှေ့တွင် သူ၏ ကွက်စိပ် ဟောပြောမှုအား အစီအစဉ် တစ်ခု အနေဖြင့် ထည့်သွင်း ပေးပါရန် ဆု ရွေးချယ်ရေး အဖွဲ့အား မေတ္တာ ရပ်ခံ လာသည် ဖြစ်လေ၏။ တာဝန်ရှိသည့် ဆုရွေးချယ်ရေး အဖွဲ့ကလည်း ဆရာဝ အဖြေင့် ခေတ်ကို ထင်ဟပ်၍ ဘယ်လိုများ ကွက်စိပ် ဟောမည်နည်းဟု စိတ်ဝင်တစား ရှိလှသည် ဖြစ်ရာ ဆုပေးပွဲ နေ့တွင် ဆရာဝ၏ ကွက်စိပ် ဟောပြောမှုအား ဆုပေးသည့် အစီအစဉ် မတိုင်ခင် ထည့်သွင်း ခွင့်ပြု လိုက်လေ၏။

သို့နှင့် ဆုပေးသည့်နေ့ ရောက်လာ လေရာ ပြိုင်ပွဲဝင် အနုပညာရှင်များ အားလုံးရော၊ နိုင်ငံတစ်ဝှမ်းမှ လူသူ ပရိသတ် အားလုံးပါ ဆုရွေးချယ် ပေးအပ်သည့် အခမ်းအနား ကျင်းပရာ “လဟာပြင်” အားကစားကွင်း ကြီးသို့ စုရုံး ရောက်ရှိ၍ လာကြ လေ၏။ ကြိုတင် စီစဉ် ထားသည့် အတိုင်း မန္တလေးမှ ကွက်စိပ်ဟော ဆရာဝ၏ ခေတ်ကို ထင်ဟပ် မော်ဒန် ကွက်စိပ် ဖြစ်သည့် “မီးနဲ့ရေ ဘာကိုရွေးမလဲ” ဟူသော ကွက်စိပ် ဟောပြောခြင်းကို ရှုစား ကြရသည် ဖြစ်လေ၏။ ပညာ ပြည့်ဝသော ကွက်စိပ်ဟော ဆရာတစ်ဦး ဖြစ်သည်နှင့် အညီ ကာရံနိုင်နိုင် နဘေပိုင်ပိုင်ဖြင့် လူ့သဘော ဇာတ်ကြောင်းတွင် တရား ဓမ္မ အငွေ့အသက် ရောယှက်ကာ ကာရံနဘေ ရွှန်းရွှန်းဝေအောင် ဟောပြော တော့သည် ဖြစ်လေရာ ပရိသတ်များ နှစ်ထောင်း အားရ သဘောတကျ ဖြစ်ရ လေသော ဟူ၏။ ဆရာဝ ဟောပြော သမျှ၏ အကျဉ်းချုပ်မှာ

“လူစိတ်တွင် အန္တရာယ် ကြီးမားသော အစဉ်အမြဲ လောင်မြိုက် နေသည့် မီးကြီး သုံးမျိုး ရှိကြောင်း၊
လောဘမီး၊ ဒေါသမီး၊ မောဟမီး ဟူသည့် မီးသုံးမျိုး ဖြစ်ကြောင်း၊
လူ့စိတ်ကို အေးချမ်း စေသည့် မီးတစ်မျိုး ရှိပြီး ၎င်းမှာ လျှပ်စစ်မီး ဖြစ်ကြောင်း၊
အဘယ်ကြောင့် ဟူမူ .. ၎င်း လျှပ်စစ်မီးမှာ ဘယ်သော အခါမှ လာသည် မရှိဘဲ အစဉ်အမြဲ ပျက်နေ သောကြောင့် လောင်မြိုက်ခြင်း မရှိဘဲ ငြိမ်သက် အေးချမ်းလျက် ရှိကြောင်း၊
ထို့ကြောင့် လောကီ လူသားတို့ အနေဖြင့် လျှပ်စစ်မီး ကဲ့သို့ စိတ်မျိုးဖြင့် တရားကျင့်ကြံ အားထုတ်၍ လောဘမီး၊ ဒေါသမီး၊ မောဟမီး တို့ကို ဖယ်ခွာ သင့်ကြောင်း” စသည်ဖြင့် ဖြစ်လေရာ ပရိသတ် ကြီးမှာ အလွန်တရာ ကြိုက်နှစ်သက် လှသည် ဖြစ်သဖြင့် ကွက်စိပ်ဟော ဆရာဝအား ပန်းကုံးများ တက်၍ စွပ်ကြသည် ဖြစ်လေ၏။

ဆရာဝက ထပ်မံ၍ ဟောပြော လေပေရာ “ခေတ်ကို ထင်ဟပ် မော်ဒန် ကွက်စိပ် ဖြစ်သည့် အားလျော်စွာ ရှေးခေတ်နှင့် ယခုခေတ်ကို နှိုင်းဆ ချိန်ထိုး၍ ဟောပြော မှသာ သင့်တော်မည် ဖြစ်ကြောင်း၊ ရှေးယခင် မြတ်စွာဘုရား လက်ထက်တော် အခါက ရွာစေ လိုသော နေရာတွင် ရွာ၍ မရွာစေလိုသော နေရာတွင် မရွာသည့် ပေါက္ခရဝဿမိုး ဆိုတာ ရှိကြောင်း၊ ယခုခေတ် အခါတွင်မူ လူတို့၏ အကျင့် သီလများ ပျောက်ကွယ်သည် ဖြစ်၍ ထိုသို့သော ထူးဆန်း အံ့ဩ ဖွယ်ရာ မိုးများ မရွာတော့ဘဲ မိုးမှသည် မီးအဖြစ် ပြောင်းလဲ၍ လာကြောင်း၊ ယခုခေတ် အခါတွင် ရှိသည်မှာ လာစေချင်သော နေရာတွင် လာ၍ မလာစေချင်သော နေရာတွင် မလာသော မီးကို “ပေါက်ကရ ဖလက်ပြမီး” ဟု ခေါ်တွင် ကြောင်း၊ အဓိပ္ပါယ်မှာ မိမိ၏ စကားထဲတွင်ပင် ပါပြီးဖြစ်၍ အကျယ်တဝင့် ထပ်မံ မရှင်းပြ လိုတော့ကြောင်း” စသည်ဖြင့် တစ်နာရီခန့် ဟောပြောပြီး ၎င်း၏ ဟောပြောမှုကို ရုပ်သိမ်း လေ၏။

ထို့နောက် ဆုပေးပွဲကို ဆက်လက် ကျင်းပလေရာ အကဲဖြတ် လူကြီး များက တစ်လ အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ အဖက်ဖက်မှ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြ သည်မှာ အလွန်တရာ အားရ ကျေနပ်ဖွယ် ကောင်း၍ အားလုံးမှာ ခေတ်ကို ထိထိမိမိ ထင်ဟပ် နိုင်သည်ချည်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးမှာ ဆုနှင့် ထိုက်တန် သဖြင့် အားလုံးကို ပထမဆု သတ်မှတ်ပြီး ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားရာ ပရိသတ် အပေါင်း၏ လက်ခုပ် ဩဘာသံမှာ ဘဝဂ်သို့တိုင် ညံလေ၏။ ထို့နောက် ဆုပေးပွဲ ဆက်လက် ကျင်းပရာ ယခု ပြိုင်ပွဲကို အဓိက ကူညီ ပံ့ပိုးသော “ဖယောင်းတိုင် မြို့တော်” မှ ဖယောင်း လုပ်ငန်းရှင် နှစ်ဦး ဖြစ်သည့် မောင်ဝါဝါနှင့် အဘဥက္ကာ တို့မှ နေ၍ “ဝါဝါ ဖယောင်းတိုင်” နှင့် “ကာကာ ဖယောင်းတိုင်” ဒါဇင်ပေါင်း (၆၈) သောင်း (ကာလ တန်ဖိုး ကျပ်သိန်း (၃၀၀၀) တန်) တို့ကို ဆုလက်ဆောင် အဖြစ် ပေးအပ် ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကာ ပြိုင်ပွဲဝင် ဂီတ၊ စာပေ၊ ရုပ်ရှင် အနုပညာရှင် တို့မှာ ဖယောင်းတိုင်ထုပ် ကလေးများ ကိုယ်စီ ပိုက်၍ အိမ်သို့ ခပ်သုတ်သုတ် ပြန်သွားကြ ရှာလေတော့သည် ဟူပေ၏။

ဤတွင် ဖော်ပြ ခဲ့သော တစ်ခေတ် တစ်ခါက လျှမ်းလျှမ်းတောက် ကျော်ကြား ခဲ့သည့် “ခေတ်ကို ထင်ဟပ် မီးပြိုင်ပွဲကြီး” အကြောင်း အရာ ပြီးဆုံးပါလေ သတည်း။

(မှတ်ချက်။ တောမှာမီးခွက်၊ မြို့မီးစက် အစချီ ကဗျာအား သူငယ်ချင်း ဥက္ကာကိုကို ထံမှ ဖတ်ရပါသည်၊ ပြန်လည် သုံးစွဲ ချင်၍ မေးမြန်းရာ သူလည်း ဘယ်သူ ရေးမှန်း မသိကြောင်း၊ အွန်လိုင်းမှ တစ်ယောက်ယောက် ဖြစ်ကြောင်း ပြောသဖြင့် ယခု စာမူထဲတွင် “အမည်မသိ အွန်လိုင်း စာဆို” ဟူ၍သာ နာမည် တပ်လိုက်ရ ပါသည်၊ ထိုကဗျာကို ရေးသား ခဲ့သော မူရင်း ကဗျာရှင်အား ဤနေရာမှ နေ၍ သုံးစွဲခွင့် ပြုပါကြောင်း တောင်းပန် ပါသည် ခင်ဗျာ)

သူရဿဝါ
၂၂ – မေ – ၂၀၁၂

7 comments

  • windtalker

    May 23, 2012 at 9:11 am

    အူးဗိုက်ရဲ့ မီးဒုက္ခကို သိလား…..
    တွန်းလှည်းလေးဆွဲပြီး ရေရှာထွက်ရ…..
    မိန်းမက ခိုင်းလွန်းတော့ခါ လှုပ်ရှား…..
    မီးပျက်လို့အရမ်းစိတ်ညစ်တယ် အူးဗိုက် ….. khin mg

    • ဗိုက်ကလေး

      May 23, 2012 at 10:01 am

      မီးပျက်တော့ ကောင်းတာပေါ့
      ခြင်ထောင်ထာင် တံခါးပိတ် စောစောအိပ်..ဂျိတ်

      • မှော်ဆရာ

        May 23, 2012 at 11:12 am

        ဂျိတ် ဆိုတာ ဘာတုန်းဗျ …

        • ဗိုက်ကလေး

          May 23, 2012 at 11:26 am

          အင်္က ျီချွတ်ပြီး တန်းပေါ် လှမ်းချိတ်တဲ့အသံဗျ
          အရမ်းပူတော့ ချွတ်အိပ်ရတယ်.
          အဲဂလို..အဲဂလို..ကမှော်ရီးကလဲ ဂျွတ်

        • မှော်ဆရာ

          May 23, 2012 at 11:32 am

          မသိပါဘူး ကျွန်တော် က ဟိုအသံလားလို့
          (တခါးပိတ်သံ)

      • ရွာစားကျော်

        May 23, 2012 at 12:03 pm

        စောစော အိပ်တော့ စောစော ဂျိတ်
        စောစော ဂျိတ်တော့ အင်း.. လူဦးရေတွေ တိုးတာပေါ့

  • မှော်ဆရာ

    May 23, 2012 at 11:24 am

    အရေးအသား သရော်စာ ကောင်းလွန်းလို့ တစ်ဝက်ရောက်မှ ဘယ်သူမှန်းလှမ်းကြည့်ရတယ် …
    ကျော်သလောက် တော်ပါပေတယ်ဗျာ…
    ဖေ့ဘုတ်ပေါ်ကို တင်ပြီး ရှဲ လိုက်ပါပြီနော် ….

Leave a Reply