မြန်မာလူထုကြီးမှာ လူထု ခေါင်းဆောင် ရှိတယ်။ ( မရှိဘူး ဆိုရင် လည်း မရှိကြောင်း ပြောနိုင်ပါတယ် )

လူထုခေါင်းဆောင် ဆိုတာ လူထုကို မှန်ကန် သင့်လျော်ရာကို ဦးဆောင်လမ်းပြပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုမူမှုကို ညွှန်ပြတဲ့သူဖြစ်တယ်။ လူထုအကြိုက် လူကြိုက်များတာ မဟုတ်လည်း လူထုကို မှန်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။

မီးတွေပျက်တယ်။ မီးမလာဘူး။ လာတဲ့အချိန်တောင် မှန်အောင်မလားဘူး။ အိပ်ရေးကပျက်။ ညကြီးထပြီး မီးပြောင်းရတယ်။ အင်ဗာတာ အားသွင်းရတယ်၊ ရေတင်ရတယ်၊ ရေချူရတယ်၊ မီးလာတုန်း ဖုန်းအားသွင်းဖို့ သတိထားရတယ်။ ညကြီးမင်းကြီး စိတ်တိုလိုက်တာဆိုတာ စိတ်ထဲ ရှိရှိသမျှ အပြင်းအထန်ဆုံးစကားလုံးတွေနဲ့ အတင်းမာဆုံးလေသံကို သုံးပြီး လျှပ်စစ်ဌာန ကိုဖုန်းဆက်ပြီး မင်းတို့ သောက်ရှက်နည်းနည်းမှ မရှိဘူးလား။ မီးမပေးနိုင်ရင် အခုချက်ချင်း အလုပ်ထွက်လိုက်ပါလား ဘာညာ ဆဲမယ် စိတ်ကူးပြီး စိတ်ကူးတွေကို ပြန်မျိုချမိတယ်။ ဟိုးတုန်းက အမြဲလိုလို လှမ်းဆဲပါတယ် မဆဲတဲ့အခါ လှမ်းကြပ်ပါတယ်။ ခဏနေရင် မီးပြန်ပေးပါ့မယ် ပြောရင် ခဏဆိုတာ ဘယ်လောက်တုန်း မေးမယ်။ အသေအချာတော့ မပြောနိုင်ဘူးဆိုရင် ကိုယ်လုပ်တဲ့အလုပ် သေချာမသိဘူးလားကစပြီး ကြပ်နည်းပေါင်းစုံ ရစ်နည်းပေါင်းစုံနဲ့ ဆက်မွှေပါမယ်။ အားရတော့မှ မင်းတို့ အချိုးပြင်ပါပြောရင် လျှပ်စစ်ရုံးက ဟုတ်ကဲ့ဖြစ်ဖြစ် ဘာမှ မပြောပဲဖြစ်ဖြစ် ဖုန်းချသွားမယ်။ နောက်တော့လည်း ကိုယ် သူတို့ကို ကြပ်နေလည်း ဘာမှကို မထူးဘူး ဆိုပြီး သနားတဲ့စိတ်နဲ့ အောက်ကလူတွေကို မပြောတော့ပါဘူး။ ရန်ကုန်ကို မီးဘယ်အပိုင်းကို ဖြတ်မယ် ဘယ်အပိုင်းကို မီးပေးမယ် ဆိုတာ ဆုံးဖြတ်တဲ့ ဌာနကို LCD လို့ခေါ်တယ် Load ဘာဆိုလည်း သူ့အပြည့်အစုံက။ အဲဒီ ဌာနအထိ လှမ်းပြီးကလော်တုတ်ဖူးပါတယ်။ အဲဒီက အင်ဂျင်နီယာ ဆိုတဲ့ကောင်မတွေက ပထမ ဗွီအိုင်ပီ မှတ်ပြီး ကောင်းကောင်းဖြေနေတယ် နောက်တော့ ရစ်ပါများလွန်းလာတော့ သူတို့သိလာပြီး ကိုယ့်ကိုပြန်စွာကြတယ်။ စွာလွန်းလို့ အော်ဟစ်ကြိမ်းမောင်းတော့ ဖုန်းကို ချပစ်ကြတယ်။ ပြောချင်တာက မီးမလာတာ ဘာမှကို လုပ်လို့မရဘူးဖြစ်နေတယ်။ အရင်က အမှားကြီးမှားတာတွေအတွက် အခုချက်ချင်း ပြင်လို့ကို မရသေးတာပါ။

လက်ရှိ ဒါတွေ ကိုကျော်လွှားနိုင်ဖို့ GEကတာဘိုင်တွေတို့ JP Power က ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့၊ အသစ်ထွက်မယ့် လုပ်ကွက်တွေက ဓါတ်ငွေ့နဲ့ တာဘိုင်လည်မှာတို့ပြောနေတာတွေရှိပါတယ်။ အဲဒီဟာတွေကို ဖိအားပေးပြီး တိတိကျကျ အကောင်အထည်ဖော်ဖို့ လွှတ်တော်တွင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတွေကို တရားဝင်မေးတာ ထောက်တာ လုပ်တာက ပိုပြီးထိရောက်မယ်ထင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ၂၀၁၀ တုန်းက ဖျာပုံဘက် ဒေါ်ငြိမ်းရွာဘက်ကနေ သွယ်တန်းလိုက်တဲ့ ဓါတ်ငွေ့ပိုက်လိုင်းကြီးကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ။ ဒီပိုက်လိုင်းအတွက် ကုန်ကျစားရိတ် အမေရိကန်ဒေါ်လာ ၇၅၀သန်းလောက်သုံးပြီး မီးမမှန်သေးတာ ဘာဖြစ်လို့လဲ။ အဲဒီအချက်တွေကို မီဒီယာတွေက ရေးသင့်၊ လွှတ်တော်ထဲမှာ နိုင်ငံရေးသမားတွေက မေးသင့်ပါတယ်။ လွှတ်တော်ရပ်ထားတုန်းဆိုရင်လည်း ဒီကိစ္စကို လူထုခေါင်းဆောင်က လူထုကိုယ်စား မီဒီယာပေါ်ကနေပြီး တရားဝင် ထင်မြင်ချက်၊ မှတ်ချက်ပေးသင့်ပါတယ်။

အခုလို ဖယောင်းတိုင်မီးထွန်းတာ ကောင်းပါတယ်။ နေ့တိုင်းတော့ ထွန်းမနေနဲ့ပေါ့ဗျာ။ တစ်ရက် နှစ်ရက်ထွန်းပြီး လူသိအောင်လုပ်ပြီးရင်တော့ ရပ်လိုက်ကြပါ။ နောက် ဒီကိစ္စကို မီးလာဖို့ ပြောနေတုန်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ရမယ် ဆိုတဲ့စာတန်းလေးတွေ ထထောင်တာကလည်း နည်းနည်း ဘောင်ချော်နေသလားလို့။ လုပ်ချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ သီးသန့် လူထုအစည်းအဝေပွဲကြီး ဆော်သြပြီး လုပ်လိုက်ကြပါ။ လူထုခေါင်းဆောင်က ဒီလိုပွဲကြီး လုပ်သင့်တယ်ထင်ရင် လုပ်လိုက်ပါ။ ဒါမှမဟုတ် လွှတ်တော်တွင်းကပဲပြောမယ် ဆိုရင်လည်း လူထုကို လွှတ်တော်တွင်းမှာ ပြင်ဖို့ကြိုးစားနေပြီ ဆိုတဲ့အကြောင်း ရှင်းပြပြီး ခေါင်းဆောင်မှုပေးတာကို လူထုက နာခံလိုက်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်များများက မချင့်မရဲဖြစ်နေကြတာကို အောက်က ရွှေကျား ဆိုသူက ဒီလိုရေးတာလည်းတွေ့ပါတယ်။

“ရေမလာ မီးမမှန် လို့ လမ်းမပေါ်ထွက်ဆန္ဒပြ လို့ တော့ နေ့ ချင်းညချင်း မီးတွေထိန် ပြီး ရေတွေ အလျံပယ်နေမယ်လို့  လူထုတစ်တွေ မမျှော်လင့်ကြပါနဲ့ ၊ လူထုတွေ မီးကြောင့်ရေကြောင့် ဘယ်လောက်အချိန်ကုန်နေ၊ အလုပ်ပျက်နေ၊ စိတ်ဆင်းရဲ နေတယ်ဆို တာ ဒီလို ဆန္ဒပြ မှသာလျင် အစိုးရက သိသွားမှာမဟုတ်ပါဘူး၊ ဦးသိန်းစိန် အစိုးရ က ဒီဆင်းရဲမှုတွေကို ကောင်းစွာ နားလည်သဘောပေါက် ပြီး သား ပါ၊

(သားရွှေအိုးထမ်းတာမြင်လို တဲ့ မျက်မမြင်လို တစ်ချိန်တည်းအကုန် ဖြစ်လာရမယ် လို့  မမျှော်လင့် ပါနဲ့ ၊)

တိုင်းပြည်ကြီးစုတ်ပြတ်လာတာ နှစ်ငါးဆယ်ကျော်ပြီ မို့  ဦးသိန်းစိန်နဲ့ အစိုးရကို လက်ညိုးထိုး ပြီး အပြစ်ပုံချ၊ နိုင်ငံရေးအမြတ်ထုတ်၊ လုပ်ဖို့ ကတော့ ဒီအချိန်ဟာ အချိန်ကောင်းပါပဲ ။ ဒါပေမဲ့ ဒါတွေဟာ အောက်တန်းစား နိုင်ငံရေးသမားတွေရဲ့ လုပ်ကွက်သာဖြစ်ပါတယ်၊ ရေရှည်မှာ ကိုယ့်ဖက် ပြန်လှည့်လာမှာပါ၊

သတင်းမှာ ဖတ်လိုက်တယ်။ မီးမမှန်တာ ရေ မလာတာ စနစ်မကောင်းလို့ ဒေါ်အောင်ဆန်းစုကြည် ကဆို တယ်။ ဒီနေရာမှာ ဘယ်စနစ်က ဘယ်လိုဆို မီးမှန်ပြီး ရေလာမယ်ဆိုတာ နဲနဲ ပိုပြီး အသေးစိတ် ပြောဖို့  လို ပါတယ်၊

ကောင်းပြီ၊ အခုအချိန်ကစပြီး မီးခိုး ရေခိုး အကြံအဖန်လုပ်တဲ့ ၀န်ကြီးတွေ။ အစိုးရ၀န်ထမ်းတွေ၊ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ လတ်ပေးလတ်ယူ ပြီးလုပ်နေကြတာတွေ ရပ်တန်းကရပ်ဖို့ လို ပါပြီ၊ ဥပဒေ အရ ပြတ်ပြတ်သားသား အရေးယူ ဖို့ အချိန်တန်နေပါပြီ၊ ဥပဒေကလည်း အားလုံးအပေါ် တစ်ပြေးညီ သက်ရောက်ဖို့ လို နေပါပြီ။ ”

နောက်တစ်ဦးကလည်း ဖေ့စ်ဘွတ်မှာ ရေးပြန်ပါတယ်
“ကောင်းပါပြီ..အခုလို ပြည်သူလူထု လျှပ်စစ်မီးလုံလောက်အောင်မရတဲ့ အပေါ်မှာ မကျေနပ်ကြောင်း ဆန္ဒ ထုတ်ဖော်လိုက်တဲ့ အတွက် ဒီနေ.အထိရလာတဲ့ ရလဒ်တွေ က ရော ဘယ်လို ရှိသလဲ..။ အစိုးရ ရဲ.အဆင့်ဆင့်သော တာဝန်ရှိသူများ က မန္တလေး ထိသွားပြီး ပြည်သူလူထု ကိုရှင်းပြကြတယ်..၊ လက်ရှိအခြေအနေ ကို တင်ပြတယ်..။ နောက်နေ. သတင်းစာ မှာလည်း “ ပြည်သူလူထုသို. မေတ္တာရပ်ခံ ပန်ကြားခြင်း” ဆိုတဲ့ ခေါင်းစဉ် နဲ. ရှင်းလင်း မေတ္တာရပ်ခံချက် ကို ထည့် ထားပါတယ်…။ လက်ရှိ လျှပ်စစ်ထုတ်ယူ နိုင်စွမ်းနဲ. ပေးဝေနေမှုအခြေအနေ ကို လဲ ရှင်းပြထားတာ တွေ.ရပါတယ်..။ ဒါဆိုရင်…ပြည်သူလူထု ရဲ.လျှပ်စစ်မီးမလုံလောက် တဲ့အပေါ် မှာ မကျေနပ် တာကို အစိုးရ အနေ နဲ. သိ တဲ့ သဘော ၊သိတဲ့အပေါ်မှာလဲ တတ်နိုင်သလောက် အရေးယူ ဆောင်ရွက်ပေးနေတဲ့ သဘော တွေ.ရပါတယ်..။ အဲဒီတော့ နောက်နေ.တွေ ဆက်ပြီး ဆန္ဒထုတ်ဖော် ဖို.လို သေးလို.လား…။ ကိုယ်သိစေချင် တဲ့သူ က ကိုယ်သိစေချင်တာ ကို သိသွား ပြီ ဆိုမှတော့ ဆက်ပြီးဆန္ဒထုတ်ဖော် ဖို. လိုပါ ဦးမလား…။ ကျနော့်အမြင်ပြောရရင်တော့ ဒီဆန္ဒထုတ်ဖော်မှု ကို ဒီမှာတင်ရပ်သင့်ပါပြီ..။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ ၀င်မလာခင် ရပ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တချို.ဆွေးနွေး ဖို.လိုတဲ့ အချက်တွေ ကို ဆွေးနွေး လို. ရမယ့် လမ်းကြောင်းတွေ ရှာပြီး ဆက် ဆွေးနွေးပေါ့..။ ပညာရှင်တွေ ရဲ. ထင်မြင်သုံးသပ်ချက်တွေ ကိုလဲ နားထောင် ရပါလိမ့်မယ်။ လူထုလူအုပ် ရဲ. Inertia သဘောကို လည်း ထည့်တွက်သင့်ပါတယ်။

လိုရင်းပြောရရင်တော့……ဒီမိုကရေစီ ကို တကယ်ချစ်မြတ်နိုးတယ် ဆိုရင်ဖြင့် ဒီမိုကရေစီ ကိုတလွဲမသုံး ဖို. လိုပါလိမ့်မယ် ။ ဒိမိုကရေစီ ခေတ်ကွ ဆိုပြီး ထစ်ကနဲ ရှိ ဆန္ဒပြမယ်…ဘာမကျေနပ်ဘူးလဲ သမ္မတ အထိ တက်တိုင်မယ်..တွေ ထင်တိုင်းလုပ်နေကြလို. ဖြစ်ပါ့မလား…စဉ်းစားကြပါ ခင်ဗျား…။ ”

ကိုယ်တိုင်လည်း ဒီကိစ္စမှာ လူထုခေါင်းဆောင်က ဒီမိုကရေစီ နည်လမ်းကျစွာ လူထုကို စည်းကမ်းရှိရှိ ပြုမူတုံ့ပြန်ဖို့ စိတ်ဓါတ်မြှော်မြင်မှု မြင့်မားဖို့ လူရှေ့ထွက်လာပြီး ပြောမယ်လို့ မျှော်လင့်ပါတယ်။

DVB သတင်းဌာနက တစ်ဦးကလည်း ဒီလို ထင်မြင်ချက်ပေးပါသေးတယ် “ချက်ခြင်းမရနှိုင်တာကို ဇွတ်တောင်းနေရင်လဲ ကျောက်ခဲရေညှစ်သလိုဖြစ်မယ်။ လိုတာထက်ပို လမ်းပေါ်ထွက်နေရင်လဲ လူထုအားကို တလွဲသုံးသလိုဖြစ်မယ်။”

သိတဲ့ ကလေးမလေး တစ်ယောက်ကတော့ ဒီကိစ္စကိုဖြင့် အားမပေးချင်ပါဘူးတဲ့။ အသက်ကြီးကြီး လူကြီးတစ်ယောက်ကတော့ အစိုးရက ပြောလိမ့်မယ် “မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်ဘူးလို့” တဲ့။

ကဲ အားလုံးသော မန်းဂေဖတ်သူ ရေးသူများကော ဘယ်လိုထင်ပါသလဲ၊ ဘယ်လိုမြင်ပါသလဲ။
ကိုယ်ရဲ့ လူထုခေါင်းဆောင် ကိုရော ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လို ပြုမူပြီး ဘယ်လို ဦးဆောင်စေချင်သလဲ။
ပွင့်လင်းစွာပြောနိုင်ပါသည်။ လူထုခေါင်းဆောင်ကို ဝေဖန်ပိုင်ခွင့် ရှိ၏ မရှိ၏ တော့ သေချာမသိပါ။ တော်ကြာ ဘုန်းကြီးခေါင်းသွားခေါက်မိသလိုဖြစ်နေမှာစိုးလို့ ကြိပြီး ဆောဒီး နော်။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism