ငလျင်လှုပ်မည်ကို ဖားပြုတ်တွေက ကြိုတင်သိနိုင်

etoneJune 18, 20101min861

သိပ္ပံပညာရှင်များ အနေနှင့် ငလျင်ကြီးများ လှုပ်ခတ်မည်ကို ကြိုတင်ခန့်မှန်းနိုင်မည့် နည်းလမ်းသစ်အဖြစ် ဖားပြုတ်များအား အသုံးပြုနိုင်ခြင်း ရှိမရှိကို လေ့လာနေကြောင်း သိရသည်။
(၂၀၀၉)ခုနှစ်က အီတလီတွင် လှုပ်ခတ်သွားသော ငလျင်ကြီးနှင့် ဖားပြုတ်များ၏
အလေ့အထ ပြောင်းလဲမှုကြား ဆက်စပ်နေမှု ရှိမရှိကို ပညာရှင်များက
အဖြေရှာနေဆဲဖြစ်သည်။ ထိုစဉ်က လာအကွီလာမြို့တွင် လှုပ်ရှားသွားသည့်
ငလျင်ကြီးမတိုင်မီ မြို့အနီးပတ်ဝန်းကျင်ရှိ ဖားပြုတ်တစ်ကောင်မှ
မတွေ့ရတော့ခြင်းက သိပ္ပံပညာရှင်များအနေနှင့် ဖားပြုတ်များသည် ငလျင်ဘေးကို
ကြိုတင်ခန့်မှန်းနိုင်သည့် သဘာဝလွန် အာရုံတစ်မျိုး ရှိနေနိုင်ကြောင်း
ယူဆလာစေခဲ့သည်။

ဗြိတိန်ထုတ် Zoologyဂျာနယ်က ငလျင်လှုပ်ခတ်သွားရာ မြို့အနီး (၇၄)ကီလိုမီတာ ပတ်လည်မျှ အကွာအတွင်း ဖားပြုတ်များ သိသာထင်ရှားစွာ
လျော့ကျသွားပြီးမှ ငလျင်ကြီး လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဗြိတိန်နို်ငငံ မီလ်တန်ကီးနက်စ်ရှိ Openတက္ကသိုလ်မှာ ဇီဝဗေဒ ပညာရှင်
ဒေါက်တာရေချယ်လ်ဂရန့်က သူမသည် ငလျင်မလှုပ်မီ ရက်ပိုင်းအလိုက ထိုဒေသအနီးတွင်
ဖားပြုတ်များကို သုတေသနပြု လေ့လာနေခဲ့ကြောင်း၊ ငလျင်မတိုင်မီ
ဖားပြုတ်ကောင်ရေ သိသာစွာ လျော့နည်းသွားပြီး ငလျင်လှုပ်ခတ်သည့်
ဧပြီလ(၆)ရက်နေ့ မတိုင်မီတစ်ရက်တွင် ဖားပြုတ်များကို လုံးဝမတွေ့ရတော့ကြောင်း
မှတ်တမ်းတင်ခဲ့သည်။ ပြင်းအားအဆင့် (၆.၃)ရှိသော ငလျင်ကြီးသည် ရောမမြို့တော်
အရှေ့မြောက်ပိုင်း ကီလိုမီတာ(၉၀)အကွာရှိ လာအကွီလာမြို့အနီး ဗဟိုပြု
လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် လူပေါင်း(၃၀၀)မျှ သေကြေခဲ့ရသည်။
ဒေါက်တာရေချယ်လ်၏ မှတ်တမ်းတွင် ငလျင်ကြီးမတိုင်မီ (၅)ရက်ကတည်းက လာအကွီလာ
ပတ်ဝန်းကျင်ရှိ ဖားပြုတ်ကောင်ရေ (၉၆)ရာခိုင်နှုန်းမှာ ထူးဆန်းစွာ
ပျောက်ဆုံးသွားကြောင်းပါရှိခဲ့သည်။ ငလျင်လှုပ်မည့်နေ့ မနက်ပိုင်းတွင်
ဖားပြုတ်တစ်ကောင်မျှ မရှိတော့သည့်အပြင် ထိုမတိုင်မီကတည်းက ဖားပြုတ်များ
သားပေါက်ခြင်း မရှိတော့ကြောင်းလည်း ဒေါက်တာရေချယ်လ်ကဆိုသည်။
“တိရစာ္ဆန်တွေမှာ စွမ်းရည်ထူးတွေ ရှိတတ်တယ်လို့ ခန့်မှန်းချက်တွေ အရင်ကတည်းက
ရှိခဲ့တာပါ။ ဒါပေမယ့် ခုလိုမျိုး ငလျင်နဲ့ ပတ်သက်ပြီး ဆက်စပ်နေတဲ့
မှတ်တမ်းတစ်ခု ရှိလာတာတော့ ပထမဆုံးပါပဲ”ဟု ဒေါက်တာရေချယ်လ်က
ပြောကြားခဲ့သည်။ သို့သော်လည်း သုတေသီများအနေနှင့် ဖားပြုတ်များသည်
ငလျင်လှုပ်ခတ်ခြင်းအပေါ် မည်သို့မည်ပုံ ခံစားသိရှိနေကြောင်း အဖြေရှာမရ
ဖြစ်နေဆဲဟုလည်း သတင်းရရှိသည်။

One comment

  • Shwemannmay

    June 19, 2010 at 2:44 am

    အော်ပာုတ်တယ် တရုတ်ငလျင်တုန်းကလည်း ငလျင်မလှုပ်ခင် ၁ပါတ်လောက်က ဖားတွေအုပ်လိုက်ကြီးနေရာရွှေ ့ကြတာတဲ့ သတင်းတစ်ပုဒ်မှာဖတ်ဖူးတယ်။

Leave a Reply