ယုံလိုက်ရမလား

manawphyulayMay 25, 20121min15914

ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း
လှမ်းအဝင်မှာ
ပြောင်းလဲခြင်းတွေ စနေပြီတဲ့
လူအများ ပြောတဲ့စကား
ယုံလိုက်ရမလား…
ဘတ်စ်ကားစီးရင်း စဉ်းစား
ကားလမ်းကြောကလည်း ပိတ်လိုက်တာ
ဟိုနားဒီနား စီးတာတောင်
နှစ်ညအိပ်သုံးရက် အဝေးခရီးသွားနေသလို
ရောက်တဲ့ခရီး ဝမ်းသာအားရ ဆင်းနေစဉ်
အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ
ဟိုက်…
ငါတို့ရပ်ကွက် မီးပျက်နေပါလား….
ဒါကြောင့် ပြောင်းလဲခြင်းသဘောတရားပေလား….
ဘတ်စ်ကားခရီးစဉ်ကအစ
i Pay card နဲ့ ပြောင်းလဲကျင့်သုံးလာ
i Pay Card နဲ့ စီးပြန်တော့ စက်ပျက်နေသတဲ့
စပယ့်ယာအသံ ကြားယောင်ပြန်
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ်
စကားများများကိုလည်း
မနက်ဖြန်မှ ပြောတော့မယ်…..

၂၄.၅.၂၀၁၂ ည ၉ နာရီ ၃ဝ မိနစ်တွင် ဖယောင်းတိုင်ထွန်းပြီး မနောဖြူလေး ခံစားရေးဖွဲ့သည်။

14 comments

  • mocho

    May 25, 2012 at 12:54 pm

    ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း
    လှမ်းအဝင်မှာ
    ပြောင်းလဲခြင်းတွေ စနေပြီတဲ့

    မယုံဘူး လို့ ပြောရင် လွန်မယ် ထင်လား။

    မနှစ်က ဒီလို အချိန် ရန်ကုန်ပြန်လည် တော့ စလုံးပြန် ဖို့ လေဆိပ် ဆင်းမဲ့ ည မှာ ဥပဒေ နဲ့ပြီးတဲ့ ၊ စာဖက် ဝါသနာတူတဲ့၊ အတွေးအမြင် တူတဲ့ မောင် အလတ်ကောင် က” ငါတို့ နိုင် ငံမှာ ပြောင်းလဲခြင်းတွေ စနေပြီတဲ့” အမက သဘော မတူတော့အငြင်းအခုန် ဖြစ်ကြတယ်။
    အမက ပြောလိုက် တယ် မနက်လေဆိပ် ဆင်းတဲ့ အချိန် ဖယောင်းတိုင် ထွန်းပြီး အလှ မပြင်ရရင်၊ လေဆိပ်မှာ ပိုက်ဆံ တပြားမှ မထွက် ရရင် သဘောတူမယ်လို့။
    မနက်ကျတော့ သူ ရှုံး သွားတယ်။

  • ahnyartamar

    May 25, 2012 at 1:35 pm

    လျှောက်တော့လျှောက်နေတာပါပဲ၊ ဒါပေမယ့်တက်ညီလက်ညီမရှိသေးတော့ခရီးမတွင်ဘူးဖြစ်နေတယ်။ တာဝန်ရှိသူတွေ ပြည်သူတွေဘဝကို ဒီထက်ပိုပြီး ထဲထဲဝင်ဝင် ပိုသိဖို့လိုနေသေးတယ်လို့ထင်တယ်။

  • Mon Kit

    May 25, 2012 at 2:03 pm

    “””ရောက်တဲ့ခရီး ဝမ်းသာအားရ ဆင်းနေစဉ်
    အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ
    ဟိုက်…
    ငါတို့ရပ်ကွက် မီးပျက်နေပါလား….”””

    ထပ်တူ… ထပ်တူ… မနောဖြူလေးရေ….

  • Shwe Tike Soe

    May 25, 2012 at 2:42 pm

    ယုံလိုက်ရမလားတဲ့
    ယုံလိုက်ပါ…
    မီးကို ၂၄ နာရီ ပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့ ယုံလိုက်ပါ….. 😛
    အခြေခံလူတန်းစားတွေ လူနေမှုမြှင့်တင်ပေးနေပါတယ်တဲ့ ယုံလိုက်ပါ …. 😛
    မြန်မာကို စင်္ကပူလို ဖြစ်အောင်လုပ်မယ်တဲ့…. ယုံလိုက်ပါ.. 😛
    အင်တာနက်ကော်နက်ရှင်တွေ ကောင်းတော့မယ်တဲ့ ယုံလိုက်ပါ… 😛
    မမမနော မင်္ဂဆောင်တော့မယ်တဲ့ ယုံလိုက်ပါ….. ဟီးဟီးဟီး 😛

  • Khin Kha

    May 25, 2012 at 3:39 pm

    ယုံချင်ပါသော်လည်း ယုံရခက်နေလို့
    ယုံဘို့အတွက် ကြိုးစားလျှက်။

  • water-melon

    May 25, 2012 at 4:20 pm

    အမမနောက
    ဝါဆိုဖယောင်းတိုင်ထွန်းတာလား
    အဟိ

  • ဗိုက်ကလေး

    May 25, 2012 at 4:25 pm

    ဂျီးဒေါ်မနော
    ဖယောင်းတိုင်ထွန်းပြီး ရွာထဲမှာ တစ်ဂိုဒေါ် ဆန္ဒလာပြတာလား
    နောက်ကို မီးစက်ထွန်းပြီး ခံစားရေးဖွဲ ့ပါဦး

  • kotun winlatt

    May 25, 2012 at 4:42 pm

    ဖယောင်တိုင်ထွန်းပီးရေးတဲ့ကဗျာလေးကို
    ကွန်နက်ရှင် မှိန်တိန်တိန်လေးကြားကနေ
    မရမက လာဖတ်သွားပါတယ်ခင်ဗျာ…

  • htet way

    May 25, 2012 at 6:37 pm

    မနောဖြူလေးရေ
    စနစ်တွေ ပြောင်းတော့မှာပါ ရောင်နီ သမ်းနေပါပြီ
    အားပေးသွားတယ်နော်

    • manawphyulay

      May 26, 2012 at 12:37 pm

      အမှောင်ကမ္ဘာထဲမှ
      လှမ်းလာမည့်
      ရောင်နီ သစ်ကို မျှော်လင့်လျှက်…..

  • ဖြစ်မှဖြစ်ရလေ. နတ်ပိုက်ဆံရယ်။ဘယ်လောက်မှ မကြာသေးဘူး စက်ပျက်တယ်ပေါ့။
    မမမနောဖြူလေးရေ အားပေးသွားပါ၏

  • ကြောင်ကြီး

    May 29, 2012 at 9:44 am

    ဖြေးဖြေးလျောက်
    အပြေးသေးပေါက်
    မဝေးတဝေးရောက်
    တွေးငေးဂေါက်..။

  • krystal lin

    May 29, 2012 at 11:59 am

    ဖယောင်းတိုင်လုပ်ငန်း လုပ်ကြည့်ရင် ကောင်းမယ်ထင်တယ်နော်။ စီးပွားရေးဈေးကွက်တိုးတက်အောင် လုပ်ဖို့က ရှေ့လျှောက် ဒါပဲ လုပ်တာကောင်းတယ်။

  • eipu

    May 29, 2012 at 2:00 pm

    ဝိုးတဝါး မီးရောင်အောက် ခလုတ်မတိုက်မိဖို့ မှန်းမျှော်လျှောက်ရင်းနဲ့ …………..

Leave a Reply