တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီ နိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့ အရင်ညှိနှိုင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။ သူတို့နဲ့ သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိ မဲဆန္ဒနယ်မှ ပြည်သူတွေ အကျိုးအတွက် လုပ်ပေးဖို့ တာဝန်ရှိတယ်လေ။ ဒီတော့ မိမိပြည်သူကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့အတွက် ကိုယ်စားလှယ်တွေလုပ်ပေးရမယ်ဆိုရင် တခြားရွေးချယ်ခြင်း မခံရပေမယ့် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကလဲ ဝင်ရောက် ဆောက်ရွက် ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေပေးခဲ့တဲ့ မဲတပြားမက ရခဲ့တော့ မဲပေးခဲ့တဲ့ ပြည်သူတွေ အတွက်လဲ ဆောင်ရွက်ပေးရမှာပဲ။ ဒီလိုနဲ့ ညှိနှိုင်းလို့ မရတော့ဘူးဆိုမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ပြုလုပ်သင့်တယ်။ ဆန္ဒပြတယ်ဆိုတာက နောက်ဆုံးအဆင့်လေ။ အစိုးရသိအောင် နိုင်ငံတကာသိအောင် ဆန္ဒပြကြရတာ။ ခုတော့ အဲ့ဒါကို အရင်လုပ်နေကြလို့ ဘယ်ဖြစ်မလဲ။ အရင်ဆုံး ကိုယ်စားလှယ်တွေကိုပဲ အလုပ်ပေးလိုက်ဖို့ လိုမယ်လို့ ထင်တယ်။ ဒီမိုကရေစီရပြီဆိုပြီး ထစ်ကနဲရှိ ဆန္ဒပြနေကြရင် တိုင်းပြည် မတည်ငြိမ်တာပဲရှိမှာပေါ့။

နောက် မီးမလာလို့ ဆန္ဒပြတဲ့ကိစ္စလေး ကျွန်တော် ဆက်ပြောချင်တယ်ပါတယ်။ ခုကိစ္စကို မှားတယ်လို့ ပြောလို့ မရသလို မှန်တယ်လို့ ပြောလို့မရသေးဘူးဗျ။ ဘာလို့လဲသိလား အချိန်မကျသေးလို့လေ။ ခုလောလောဆယ် တာဝါတိုင်တွေ မိုင်းခွဲခံရတယ်၊ ဒီကြားထဲ ခုတလော မိုးမကျသေးတော့ ရေအားလျှပ်စစ်ကလဲ ထုတ်လှုပ်နိုင်စွမ်းကျဆင်းနေတယ်။ ဒီအချိန်မှာမှ မီးမရလို့ဆိုပြီး ဆန္ဒပြတော့ အစိုးရအလွန် မဟုတ်ပဲ ပြည်သူအလွန်ဖြစ်သွားတော့တယ်။ နောက်ပြီး ရုပ်ပျက် ဆင်းပျက် ဖမ်းတာဆီးတာ တားတာ လူစုခွဲတာမျိုး မလုပ်တော့ အစိုးရရဲ့ Image တက်လာတာပဲ အဖတ်တင်တာပေါ့ဗျာ။ တကယ်တမ်း မီးလာဖို့ ဆန္ဒပြမယ်ဆိုရင် မိုးကျလာမှ တာဝါတိုင်တွေ ကောင်းနေမှ ဆန္ဒပြသင့်တာပါ။ အစိုးရဖက်က အကြောင်းပြချက်ပေးလို့ မရဘဲ မီးပျက်နေမှသာ ဆန္ဒပြမယ်ဆိုရင် ဒီထက်ကောင်းတဲ့ ရလာဒ်ဖြစ်လာမှာ အသေအချာပဲ။ အခုတော့ ရလဒ်က ထင်သလောက် မကောင်းလာပဲ လူထုဆန္ဒပြုမှုတွေကို အရေးတယူလုပ်ပြီး သတင်းစာ ရှင်းလင်းပွဲတွေ လုပ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က နာမည်ပိုရလာနေပါတယ်။

ဒါကို မသိပဲ စကားကျွံမိတဲ့ မန္ဒလေးက လျှပ်စစ်အင်ဂျင်နီယာ မမနဲ့ အိမ်မှာပဲ ချွေတာရေးလုပ်ပြီး ဖယောင်းတိုင်ထွန်းခိုင်းတဲ့ အထူးစပယ်ရှယ် သမ္မတရဲ့ အကြံပေးကြီးကိုလဲ အံသြမိတာ အမှန်ပဲ။ အလကားနေရင်း ဗီလိန်လုပ်ချင်နေကြသကိုး။  အေးပေါ့လေ  ဗီလိန်ပါမှလဲ ဇာတ်လမ်းက ကောင်းမှာပေါ့။ ဇာတ်လိုက်သေတဲ့ ဇာတ်ကားတွေလဲ ကြည့်ဖူးကြမယ် ထင်တယ်။ အကျိုးအမြတ်မရပဲ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးများဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ အလကားဖြစ်သွားကြမှာကို ကျွန်တော် အလွန်နှမြောလှတယ်။ နောက်တစ်ခုက ဒီလိုလုပ်တာက နိုင်ငံရေး အမြတ်ထုတ်ချင်ကြတဲ့ ပြည်ပမှ နိုင်ငံရေးသမားတွေလဲ ပျော်နေကြမယ်ထင်တယ်။ အွန်လိုင်းက ဖွမီဒီယာတွေကလဲ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေကြပြီ။ အစိုးရနဲ့ ပြည်သူ အပြန်အလှန်ယုံကြည်မှု ရှိကြမှသာ အဲ့လူတွေ တိုးမပေါက်မှာပါ။

နောက်ပြီးတော့ ဖမ်းတဲ့ ဆီးတဲ့ ကိစ္စလေး ဆက်ပြောကြရအောင်ဗျာ။ ခု မန္တလေးမှာ အယောက်၅၀လောက် ခေါ်ယူ စစ်ဆေးနေတယ်လို့ အသံကြားတယ်။ လူထုဒေါ်အမာ သားတောင်ပါသွားတယ်ဆိုလားပဲ။ ဒါပေမယ့် တစ်ခု သိရမှာက လူထုဒေါ်အမာသားကို ကိုယ်ပိုင်ကားနဲ့ လိုက်လာခွင့်ပေးတယ်ဆိုကတည်းက ပြန်လွှတ်ဖို့ပေါ့ ဟုတ်ဘူးလား။ အရင်လို ခေတ်မဟုတ်တော့တဲ့ အတွက် သိပ်လဲ စိုးရိမ်လွန်နေကြဖို့ မလိုပါဘူး။ သို့သော် လုပ်ထုံးလုပ်နည်းအရ ခေါ်ယူစစ်ဆေးသင့်တာလေးတွေကို ခေါ်ယူစစ်ဆေးတယ်လို့ပဲ မြင်ပါတယ်။ အကြမ်းပတမ်း မလုပ်တာလေးကို ကျေးဇူးတင်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်နိုင်ငံမှာမဆို ဆန္ဒပြမှုတွေ ကြီးထွားလာရင် လုံခြုံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြေရှင်းကြတယ်ဆိုတာလဲ သတိပြုသင့်တယ် ထင်တယ်။ ခေါ်ယူမေးပိုင်ခွင့်လဲ ရှိတယ်။ ဒါကြောင့်ပဲ ကျွန်တော်ပြောတာပေါ့ အခုဆန္ဒပြနေကြတာဟာ မြန်မာပြည်မှာ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ဖြစ်ထွန်းနေပြီဆိုပြီး မီးမောင်းထိုးပြသလို ဖြစ်နေတယ်လေ။ ဒီတော့ ဒါကို ဦးဆောင်နေတဲ့ အစိုးရပဲ နိုင်ငံတကာလောကမှာ နာမည်တက်လာတာပေါ့။ မလုပ်ပေးနိုင်တာကို နိုင်ငံတကာက ဖြေရှင်းချက်တောင်းလဲ မိုးနည်းနေလို့ တာဝါတိုင် ပျက်လို့ စသည်ဖြင့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ပေးလို့ရနေတော့ သူတို့ အတွက် ဘာမှ အကြပ်ရိုက်စရာ အကြောင်းကို မရှိဘူး။ နောက် စစ်တပ်ရတဲ့ အကျိုးအမြတ်တစ်ခုရှိသေးတယ်။ အရင်က တခုခုဆို လက်နှက်အားကိုးနဲ့ ဝင်ရောက် ဖြေရှင်းနေကျ ဖြစ်တဲ့ စစ်တပ်ကသာ ခုကိစ္စကို လက်ရှောင်လိုက်မယ်ဆိုရင် နိုင်ငံရေး ကိစ္စတွေမှာ စစ်တပ်ဝင် မပတ်သတ်တော့ပါဘူးဆိုတဲ့ အကြောင်းပြချက် ပေးလို့ရလာပြီ။ အချုပ်အချာအာဏာထိပါးလာမယ့် နိုင်ငံ့လုံခြုံရေး ထိခိုက်လာမယ့် ကိစ္စမဟုတ်ရင် ဝင်မပါတော့ပါဘူးဆိုပြီး စစ်တပ်က မျက်နှာကောင်း ရသွားလိမ့်မယ်။

ဒီတော့ ဘယ်သူက ပိုပြီး အကျိုးအမြတ်ပိုများမလဲ ဆိုတာကို စာဖတ်သူအနေနဲ့ တွေးမိပြီထင်ပါတယ်။ ဒီ ဆန္ဒပြဖို့တွေက မည်သူမှ တိုက်တွန်းတာ မဟုတ်ဘူးလို့တော့ ပြောကြတာပဲ။ တကယ်တမ်း နောက်လိုက်တွေကို ဘယ်သူမှ တိုက်တွန်းတာ မဟုတ်ပေမယ့် စတင်ဦးဆောင်သူတွေကို အကြံပေးတိုက်တွန်းကြတဲ့ သူတွေရှိမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ကျွန်တော် သူတို့ကို ပြောချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ ဝေးကွာနေတာကြာပြီဆိုတော့ ဘယ်လို ဆန္ဒပြရမယ်လဲ ဘယ်အချိန် ဆန္ဒပြရမလဲ ဆိုတာ မသိဖြစ်နေမှာစိုးလို့ ကျွန်တော့် ယူဆချက် ထင်မြင်ချက်တွေကို ချရေးမိတာပါ။ နောက်ပြီး ဒီက နိုင်ငံရေးသမားတွေဆိုတာကလဲ တရားဝင် ခုမှ နိုင်ငံရေး လုပ်ခွင့်ရှိလာတာဆိုတော့ ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်ရှိနေတာကို  လုပ်ပေးနိုင်တာတွေကို မေ့မှာစိုးလို့ သတိပေးလိုက်တာပါ။ ကြာလာရင် လူထုတွေ ဆန္ဒ မဖြည့်ပေးလို့ဆိုပြီး ပေါက်ကွဲထွက်လာနိုင်ပြီး တိုင်းပြည် မတည်မငြိမ်ဖြစ်ရင် ကျွန်တော်တို့တွေပဲ ထပ်နစ်နာနိုင်လို့ ပြုပြင်ပြောင်းလဲရေး ထပ်ပြီးနှောင့်နေးလာမှာ ဖြစ်တဲ့အတွက် မလိုလားအပ်တာတွေ မဖြစ်အောင် ထိန်းသိမ်းပေးကြဖို့လဲ ကျွန်တော် ဒီ POST ကနေပဲ တောင်းဆိုလိုက်ပါရစေ။ နိုင်ငံအကျိုးကို တကယ်လိုလားတယ်ဆိုရင် ဆန္ဒပြမှုတွေကို အတတ်နိုင်ဆုံး လျော့ပြီး အစိုးရကို အချိန်ပေးလိုက်ပါ။ ကျွန်တော်တို့ စောင့်ကြည့်ကြရအောင် ဗျာ။

YaWai (ပိုင်စိုးသူ)

 

 

About yawai

ya wai has written 5 post in this Website..

daily user