ကဗျာဆိုလည်း ရေးတတ်တယ်
စာ (ဝတ္ထု) တွေကိုလည်း ရေးတတ်သေးတယ်
ဒါဖြင့် ကျွန်တော်ဟာ စာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်လား ….
မဟုတ်ပါဘူး ….

ကွန်ပျူတာ ခလုတ်တွေပေါ်မှာ ကျင်လည်တယ်
ဟိုကလိ ဒီကလိ လျှောက်ပြီး ကလိတယ်
အကောင့်လား …
ဆောက်တတ်တယ်၊ ဆောက်ခဲ့တယ်
အများကြီးပဲ (သူများတောင် ပေးလိုက်ရတဲ့အထိ) …..
ဘလော့ဂ်လား ဖရီးလား
ရတယ်၊ လုပ်တတ်တယ် (ကြည့်ကောင်းရုံပေါ့)
ဒါဖြင့် မင်းက နည်းပညာဘက်မှာ ကျွမ်းကျင်တာလား
မဟုတ်ပါဘူး …

အင်တာနက် စာမျက်နှာတွေပေါ်မှာ
ရွှတ်နောက်နောက် စတိုင်နဲ့ နေတတ်တယ် ..
အပြင်မှာတော့ ခပ်တည်တည်ပဲ
ဒီလို မျက်နှာထားနဲ့ဆို
မင်း ရုပ်ရှင်မင်းသား လုပ်မလား … မေး ..
နိုး .. မလုပ်ချင်ပါဘူး …

ဟုတ်ကဲ့ … မိုးပေါ်ထိလည်း တက်ခဲ့တယ်
မြေအောက်လည်း လျှိုးပြီး ဝင်ခဲ့ဖူးတယ်
ဒါဖြင့် မင်းက တန်ခိုးရှင်လား ..
မဟုတ်ပါဘူး ..
ကျွန်တော် စိတ်ကူးယဉ်ခဲ့တာပါ ..
တကယ့် လက်တွေ့မှာတော့
အင်း … ဒုံရင်းက ဒုံရင်းပါပဲ …

ငုပ်မိ သဲတိုင်၊ တက်နိုင် ဖျားရောက်
ကျွန်တော် အပေါ်ဆုံးထိ
မရောက်ခဲ့ဖူးဘူး
အောက်ဆုံးထိလည်း မရောက်ခဲ့ဖူးဘူး
အလယ်က ဟိုမရောက်ဒီမရောက် လူသားတစ်ယောက် …

အဖေကတော့ ပြောခဲ့ဖူးတယ်
ထူးမှ ……. တဲ့
ကျွန်တော် မထူးခဲ့ပါဘူး
သေမထူး နေမထူးလည်း မဟုတ်ပြန်ဘူး
ထူးတာတော့ မသိ
ချွန်တောတော့ သိတယ်
အဲဒါ .. ခဲတံ …… ပဲ …

မိုးပေါ်က လမင်းကို ကြည့်ရင်း
လွမ်းဆွေးတဲ့ ဓာတ်ခံနဲ့
ခံစားတတ်တယ် …
ဒီအချိန်မှာ ကျွန်တော် ကဗျာဆရာ ဖြစ်ချင်တယ် …

ဗုဒ္ဓဝင်စာပေတွေ ဖတ်ဖြစ်တယ်
ဘုရားလောင်းရဲ့ စိတ်ဓာတ်ကို မြင်တယ်
ပြီးတော့ အပါယ်ကိုလည်း ကြောက်သွားတယ်
စက်ဝိုင်းကြီးထဲ လှည့်ပတ်နေကြတဲ့
သတ္တဝါတွေကိုလည်း သနားသွားတယ်
ဒီအချိန်မှာ ကျွန်တော် ဘုရားဆုကို ပန်မိတယ် …

ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေကို ဖတ်တယ်
ဆရာကြီး မင်းသိင်္ခရဲ့ စာတွေကိုလည်း ဖတ်တယ်
ဒီအချိန်မှာ ကျွန်တော်ဟာ
သူတို့ဇာတ်ကောင် ဖြစ်ချင်သလို
သူတို့လို စာရေးဆရာတစ်ယောက်လည်း ဖြစ်ချင်မိတယ် …

သမိုင်းစာမျက်နှာတွေကို လှန်မိတယ်
ဖိနှိပ်မှုကို မုန်းတီးတယ်
လွတ်လပ်ခွင့်ကို မြတ်နိုးတယ်
ဒီအချိန်မှာ ကျွန်တော်ဟာ
တိုင်းပြည်အတွက် အသက်နဲ့ ကာကွယ်ပေးချင်တယ် …

အခု … မိုးလေးက မသည်းမမဲ ရွာလာတယ်
အအေးဓာတ်လေးက အခန်းထဲ ဝင်လာတယ်
ခံတွင်းကလည်း ချဉ်လာတယ် ..
ဒီအချိန်မှာ စိတ်ကူးယဉ်လိုက်ပြန်တယ်
ဘေးနားမှာ ကော်ဖီပူပူလေး တစ်ခွက်ရယ်
စီးကရက်လေး တစ်လိပ်ရယ် …
ချစ်သူ ခပ်ချောချောလေးရယ်သာ …
ရှိလိုက်မယ်ဆိုရင်ဖြင့် ……………………….. ။

ဟိုမရောက် ဒီမရောက် ခပ်ညံ့ညံ့ကောင်
အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။