ပုဂ္ဂလိကဘဏ်များ စက်တင်ဘာ နောက်ဆုံးဖွင့်မည်

introJune 18, 20101min480

စီးပွားရေး လုပ်ငန်းရှင်ကြီး ၄ ဦး
ထူထောင်ခွင့် ရထားသည့် ပုဂ္ဂလိက ဘဏ်များကို လာမည့် စက်တင်ဘာလ နောက်ဆုံးထား၍
စတင်ဖွင့်လှစ် ကြမည် ဖြစ်ကြောင်း နေပြည်တော်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ရွေးကောက်ပွဲ အပြီးကာလတွင် နိုင်ငံရေးအရ အပြောင်းအလဲတချို့ ရှိလာမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကာလမတိုင်မီ
ပုဂ္ဂလိက ဘဏ်များဖွင့်လှစ်ခြင်းကို အပြီးဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဗဟိုဘဏ်ကနေ ပုဂ္ဂလိက ဘဏ်ဖွင့်ဖို့ ရထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ လောလောဆယ်
စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ဖွင့်မယ့်ဘဏ်အတွက်
ကုမ္ပဏီ မှတ်ပုံတင်တာ လုပ်ရမယ်။ ကုမ္ပဏီမှတ်ပုံတင်တာက ၁ လခွဲကြာမယ် ဆိုတော့
ရွေးကောက်ပွဲမတိုင်ခင် လာမယ့် ဩဂုတ်လ အတွင်းမှာ ဘဏ်တွေ အပြိုင်ဆိုင်
ပေါ်လာမယ်” ဟု အဆိုပါ ဘဏ် အရာရှိက ရှင်းပြသည်။

ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ မက်စ်မြန်မာ
ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ စက်မှု ၁ ဝန်ကြီးဦးအောင်သောင်း၏သား IGE
ကုမ္ပဏီပိုင်ရှင် ဦးနေအောင်နှင့် ဧဒင် ကုမ္ပဏီပိုင်ရှင်
ဦးချစ်ခိုင်တို့ကို မေလကုန်ပိုင်း ကတည်းက ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်
လိုင်စင်များ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချထား ပေးခဲ့သည်။

၁၉၉ဝ ပြည့်နှစ်တွင် တရားဝင်ပြဋ္ဌာန်းထားခဲ့သော Financial Institution of Myanmar
Law အရ ငွေကြေး ဆိုင်ရာ လုပ်ငန်းများ (ပုဂ္ဂလိကဘဏ်များ) ထူထောင်ရာတွင်
ရင်းနှီးမြှုပ်နှံမှုဘဏ်ဆိုလျှင် အနည်းဆုံး မတည်ရင်းနှီးငွေ ကျပ်သန်း ၆၀
နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ဆိုပါက ကျပ်သန်း ၃ဝ တရားဝင်
သတ်မှတ်ထားကြောင်း သိရသည်။

အသစ် ထူထောင်ကြမည့် ဘဏ်များအနေဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များအဖြစ်သာ ထူထောင်ကြမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရှိရသည်။

“ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ အားလုံးက ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေပဲ” ဟု အစိုးရပိုင်
မြန်မာ့ စီးပွားရေး ဘဏ်ရုံးချုပ်မှ အရာရှိ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျပ်သန်း ထောင်ချီချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင် အများအပြားရှိနေပြီး
စစ်အစိုးရနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိသူများကိုသာ ပုဂ္ဂလိက
ဘဏ်ထူထောင်ခွင့် ပြုခြင်းက မရိုးသားသော လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြည်တွင်း
စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

“ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ငွေပမာဏရှိတဲ့ သူတိုင်း ဘဏ်ထူထောင်ခွင့် ရတာမဟုတ်တော့ တကယ့်ကို မတရားဘူး။ စစ်အစိုးရနဲ့
တိုက်ရိုက်ထိတွေ့ ဆက်ဆံနေတဲ့သူ၊ စစ်ဗိုလ်ချုပ်တွေအကျိုး သယ်ပိုးပေးနိုင်တဲ့ သူတွေပဲ ဘဏ်ထူထောင်ခွင့် ရတာလေ။ ဒါက
တကယ့်ဈေးကွက် စီးပွားရေးစနစ် မဟုတ်ဘူး။ Monopoly လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးပါ”
ဟု ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက မှတ်ချက်ပြုသည်။

ထူထောင်ခွင့် ရရှိထားသော ပုဂ္ဂလိကဘဏ်များကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ခွဲခြား ဆက်ဆံမှုများရှိပြီး
မတည် ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်လိုလျှင် အလွယ်တကူ ချထားပေးခြင်း မရှိဘဲ ဘဏ်ခွဲများဖွင့်လှစ်လိုပါကလည်း
အချိန် အတော်ကြာအောင် စောင့်ဆိုင်းရကြောင်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။

သို့ရာတွင် စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး၏ လူယုံဟု
လူသိများသော ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်သည်
ကျပ် ဘီလီယံ ၅ဝ အထိ မတည် ရင်းနှီးမြှုပ်နှံခွင့်ရရှိထားပြီး
ဘဏ်ခွဲများလည်း အခက် အခဲမရှိ ဖွင့်လှစ်နိုင်ကြောင်း ပြည်တွင်းဘဏ်
လုပ်ငန်းရှင်ကြီး တဦးက ပြောသည်။

“ပုဂ္ဂလိက ဘဏ်တွေထဲမှာကို ခွဲခြားဆက်ဆံ ခံရတာတွေ အများကြီးရှိတယ်။ အဓိက ကတော့ ဗိုလ်ချုပ်ကြီးတွေကို
မပေါင်းနိုင်ရင်၊မပေးနိုင်ရင်တော့ ဘာစီးပွားရေးပဲ လုပ်ခွင့်ရရ၊ တွင်ကျယ်
အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ဘဏ်ခွဲများတိုးချဲ့ခွင့်ရရန်
၅ နှစ်နီးပါး ကြာ စောင့်ဆိုင်းခဲ့ရသော ဘဏ်လုပ်ငန်းရှင်တဦးက ရှင်းပြသည်။

ထို့အပြင် သမဝါယမဘဏ်ခေါ် CB ဘဏ်သည်လည်း ကျပ်ငွေဘီလီယံ ၂ဝ အထိ မတည်ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသည်ဟု သိရှိ ရသည်။

ပြည်တွင်း စီးပွားရေး တိုးတက်ရန်မှာ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့်ပြုရုံမျှနှင့်
တိုးတက်လာမည် မဟုတ်ဘဲ ဘဏ်လုပ်ငန်းနှင့် ငွေကြေးပေါ်လစီများ အကြီးအကျယ်
ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက
ပြောသည်။

“ငွေလဲနှုန်း၊ ငွေကြေးပေါ်လစီ၊ ဘဏ်လုပ်ငန်းပေါ်လစီတွေကို နိုင်ငံတကာ စံချိန်စံနှုန်းမီအောင် အဆင့်မြှင့်ရမယ်။
စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းအောင်လုပ်ဖို့ အရမ်းလိုအပ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်း စီးပွားရေးလောကတွင် အသစ်ဖွင့်လှစ်ခွင့် ရရှိသော ဘဏ်လေးခုအပါအဝင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၁၈ ခု ရှိလာမည်ဖြစ်ကြောင်း သိရသည်။

Copied from ayeyarwaddy.com