ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် သိမြင်ရှောင်ကြဉ်

introJune 18, 20101min660

ကမ္ဘာပေါ်တွင် ဆေးလိပ် သောက်သုံးသူ ဦးရေ သန်း တစ်ထောင်ကျော်ခန့် ရှိသည်။ ယင်း တို့အနက် အများစုမှာ အာရှတိုက်မှ ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကို သိမြင် လာကြသည့် အလျောက် ဆေးလိပ် သောက်သုံးမှုနှုန်း ကျဆင်းလာ သော်လည်း အချို့သော နိုင်ငံများတွင် ဆေးလိပ် သောက်သူ ဦးရေ တိုးတက် များပြား နေဆဲ ဖြစ်သည်။ အထူးသဖြင့် လူငယ်များနှင့် အမျိုး သမီးငယ် များ ပါဝင်သည်။

ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်း အမျိုးပေါင်း လေးထောင်ကျော် ပါဝင်သည်။ ၎င်းတို့ အထဲတွင် လူများကို အန္တရာယ် ဖြစ်စေ နိုင်သော ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယား စသည်တို့ များစွာ ပါဝင်သည်။ အဓိက ပါဝင်သော ပစ္စည်းမှာ နီကိုတင်း ဖြစ်သည်။ နီကိုတင်း၏ စွဲလမ်း စေသော အာနိသင်ကြောင့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီး တို့ကို စမ်းသပ် သောက်သုံးကြည့် ရာမှ တဖြည်းဖြည်း ပိုမို စွဲလမ်း လာကြခြင်း ဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲသူ တို့သည် အဆုတ်ပွခြင်း၊ နာတာရှည် လေပြွန် ရာင်ရမ်းခြင်း စသည့် ရောဂါများ ပိုမိုဖြစ်ပွား စေနိုင်သည်။ အဆုတ် ကင်ဆာ၊ ခံတွင်း ကင်ဆာ၊ အသံအိုး ကင်ဆာတို့ အပြင် အစာမျိုပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်၊ အူမကြီး ကင်ဆာ များလည်း ဖြစ်စေနိုင်သည်။ ထို့အပြင် ဆေးလိပ် သောက်သုံးသူ နှင့် ¤င်း၏ ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့ကို ရှူရှိုက် နေရသူ လသား ကလေးငယ်များ ရုတ်တရက် သေဆုံးခြင်း၊ အဆုတ်ရောဂါ ဖြစ်ခြင်း၊ ကလေးများတွင် ရင်ကျပ် ပန်းနာ ဖြစ်ခြင်း၊ အဆုတ် ပြွန်ရောင်ခြင်း တို့လည်း ဖြစ်ပွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ်သောက် ပါက သားအိမ်မ တစ်ဆင့် သန္ဓေသား သို့သွားသည့် သွေးကြော ကျဉ်းခြင်း၊ သွေးခဲခြင်း တို့ကြောင့် မိခင်နှင့် ကလေးပါ ထိခိုက်စေ နိုင်သည်။ ထို့ပြင် သားပျက် သားလျှောခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ပေါင်ချိန် မပြည့်ဘဲ ကလေးမွေးခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း တို့လည်း ဖြစ်စေ နိုင်သည်။ ဆေးလိပ် သောက်သုံးသူ မိခင်များမှ မွေးဖွားသော ကလေးများ၏ ဦးနှောက်နှင့် ကိုယ်အင်္ဂါဖွံ့ဖြိုးမှုသည် နှေးကွေး ကြုံလှီခြင်းတို့ ဖြစ်တတ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ထားသည်။ အဆိုပါ ဥပဒေအရ ဆေးလိပ် ကြော်ငြာများကို ခွင့်မပြုပေ။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပြောင်းဖူး ဖက်လိပ်၊ ကွမ်းဖက်လိပ် စသည်တို့နှင့် ဆေးပါသော ကွမ်းစားခြင်း၊ ဆေးရွက်ကြီး ငုံခြင်း စသည့် ဆေးရွက်ကြီးထွက် ပစ္စည်း အမျိုးမျိုး သောက်သုံးခြင်း သည် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် အသိ ပညာ ပေးလျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက် အရ နှစ်စဉ် လူဦးရေ ငါးသန်းကျော်သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရောဂါ
ဖြစ်ပွား သေဆုံးလျက် ရှိသည်။
The Mirror News