သန်လျင်လို့ ခေါ်တဲ့ တညင်ကို ရောက်ပေမဲ့ ရေလည်ကျောက်တန်းကို မရောက်တာတော့ ကြာပါပြီ။ ဒီတစ်ခေါက် ခရီးကြုံ ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လောက်က ရောက်ခဲ့တာဆိုတော့ ၀ါးတားတား ပဲ မှတ်မိတော့တာ။ ကျန်တာတွေ ပြောင်းမပြောင်းမသိပေမဲ့ သေချာပေါက် ပြောင်းတာတစ်ခုတော့ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ အမှိုက်တွေ ပိုပေါလာတာပါပဲ။ ပလတ်စတစ်အသုံးချမှု ပိုများလာတာနဲ့အတူ အမှိုက်တွေလဲ ပိုများလာတာပါပဲ။

ရေလည်က ဘုရားကို သွားဖို့ စက်လှေနဲ့ ကူးရပါတယ်။ တစ်ဦးကို (၂၀၀) ကျပ်ပါ။ စင်းလုံးငှားရင်တော့ ၃၀၀၀၊ စက်လှေအကြီးဆိုရင် ၅၀၀၀ ပါ။

ဘုရားဖူးလာသူများက ငါးစာကြွေးကြတယ်။ ဘုရားပေါ်မှာ ရောင်းပေမဲ့ ကမ်းပေါ်က ငါးစားရောင်းသူတွေက ဟိုမှာမရှိဘူးဆိုပြီး ပြောရောင်းကြတယ်။ ငါးစာတွေကို ပလတ်စတစ်တွေနဲ့ ထုတ်ပြီး ရောင်းကြတယ်။ ငါးစာကြွေးသူများထဲက အချို့ က အမှိုက်ပုံးထားပေးတာကို မပစ်ပဲ ရေထဲကို အလွယ်တကူး ပစ်ကြတယ်။ ငါးတွေက အစာမှတ်လို့ စားမိရင် သေနိုင်တယ်ဆိုတာ သူတို့ သတိမပြုကြဘူးခင်ဗျ။

ဘုရားဖူးပြီး အပြန် ကမ်းဘေးက ဆိုင်မှာ အုန်းရေသောက်ခဲ့တယ်။ ပြီးတော့ အသားကို စားခြင်လို့ ခွဲခိုင်းပြီး စားတယ်။ ပိုက်ဆံရှင်းပြီး ပြန်မယ်အလုပ် စားပွဲကို လာရှင်းတဲ့ မိန်းကလေးက စားပွဲပေါ်က အုန်းသီးအခွန်ကို အလွယ်တကူ ရေထဲကို ပစ်ချလိုက်တယ်ဗျ။ ကျွန်တော်လန့်သွားတယ်။ ပါးစပ်ကလဲ “ဟဲ့ အမှိုက်ပုံးမရှိဘူးလားဆိုတော့ ရှိတယ်တဲ့။ ဒါပေမဲ့ ဒီလိုပဲ ပစ်တာပဲတဲ့။ သူ့မျက်နှာမှာ ပြောသူ ကျွန်တော်ကပဲ လူထူးလူဆန်းတစ်ယောက် ဖြစ်နေတဲ့ ပုံပါ။ သူ့အနေနဲ့က လုပ်ရိုးလုပ်စဉ် လုပ်လိုက်တဲ့ပုံပါပဲ။ ဘာမျှ ခံစားချက် ရှိပုံမပေါ်ပါဘူး။ ဒါနဲ့ သူပစ်လိုက်တဲ့ နေရာကို သွား ကြည့်တော့ ပုံမှာပါတဲ့အတိုင်း ရောင်စုံအမှိုက်များကို တွေု့ရပါတယ်။ ဒီနေရာကို အမီပြုပြီး လုပ်ကိုင်စားသောက်နေကြပေမဲ့ ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာ သိပုံမရကြဘူး။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

About mgwalone

has written 39 post in this Website..