ထက်ထက်မိုးဦး ဘာကြောင့် ရုံးချိန်းမလာတာလဲ

introJune 18, 20101min896

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံး၌ စစ်ဆေး လျက်ရှိရာ တရားလို၊ တရားခံ နှစ်ဘက် ထွက်ဆိုချက်များ ရယူရန် ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒီနေ့ ကျမတို့ ဘက်က ရှေ့နေနဲ့ အတူ တရားရုံးကို သွားကြပါတယ်။ ထက်ထက်မိုးဦး ဘက်ကတော့ မလာပါဘူး။ တရားရုံး ကတော့ သမ္မန်စာ ဆက်ထုတ် သွားမယ်လို့ ပြောပါတယ်။ ပထမ တကြိမ် သမ္မန်စာ ပို့ခဲ့ပေမယ့် အဲဒီအိမ်မှာ ထက်ထက်မိုးဦး မနေဘူးလို့ ကြားရတယ်ဟု 7day News ဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။

အဆိုပါ အမှုကိုရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

ရန်ကုန်မြို့မှ တရားရုံးချုပ်ရှေ့နေတဦးက ဒေါ်ထက်ထက်မိုးဦးကို တရားရုံးက ပထမအကြိမ် သမ္မန်စာ ဆင့်ခေါ်တယ်လို့ ကြားတယ်။ ဒါပေမယ့် သူက တရားလိုဘက်က တရားရုံး ဦးတိုက်လျှောက်လွှာမှာ တင်ထားတဲ့ အဲဒီအိမ်မှာ မရှိတော့ သမ္မန်စာ အတည်မဖြစ်သေးဘူး။ အဲဒီတော့ တရားလိုဘက်က သူ ဘယ်မှာ နေ နေလဲ ဆိုတာကို ပြန်စုံစမ်းပြီး
ပြန်တင်ပေးရမယ်။ အဲဒီလို တင်ပေးလို့ သမ္မန်စာက သူ့လက်ထဲကို
ရောက်သွားပြီး သူ တရားရုံးကို မလာဘူးဆိုရင်တော့ သူ့ကို တရားရုံးက အရေးယူလို့ ရသွားမှာပါ။
အခုအချိန်ကတော့ သမ္မန်စာ လိုက်ချနေရတဲ့
အဆင့်ပဲရှိပါသေးတယ်ဟု ရှင်းလင်း ပြောဆိုသည်။
ယနေ့ တရားရုံးသို့ မတက်ရောက်ခြင်းနှင့်စပ်လျဉ်း၍ ဧရာဝတီက ထက်ထက်မိုးဦးသို့ ဆက်သွယ်ရာတွင် အမျိုးသားတဦးက ၎င်းတို့ မန္တလေးသို့ ရောက်ရှိနေသည်ဟုသာ ထက်ထက်မိုးဦး၏ လက်ကိုင်ဖုန်းဖြင့် ပြန်လည် ဖြေဆိုခဲ့သည်။
အဆိုပါအမှုနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး
ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက် ထုတ်ပြန်ပြီး
နောက်ရက်တွင် သတင်းထောက် မအေးသူစံကိုလည်း
စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး စာပေနှင့် အနုပညာ နယ်ပယ် အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြား စေသည့် ပြောဆို ပြုမူမှုများ ရှောင်ရှားရမည် ဟူ၍ စာနယ်ဇင်းအဖွဲ့က ခေါ်ယူအသိပေးခဲ့သည်။
ဖြစ်စကတော့ သတင်းထောက်တွေလည်း စိတ်ဝင်စားကြတယ်။ တရားရုံးချိန်းတွေကိုလည်း သွားကြတာတွေ့တယ်။ အခုတော့ သတင်းထောက်တွေ ပြောသံဆိုသံ မကြားရတော့ဘူး။ ဘောလုံးဘက်ကို လှည့်နေကြတယ်။ စာပေစိစစ်ရေးကလည်း ဒီသတင်းကို ဇွန် ၃ ရက် ရုံးချိန်းကစပြီး သတင်းဖော်ပြခွင့် မပြုတော့ဘူးလို့ ပြောထားတယ်ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

6 comments

  • etone

    June 19, 2010 at 2:16 am

    အဲ့ဒီလိုကြေးဆိုရင် သူကအိမ်တွေလျှောက်ပြောင်းနေတော့မှာပဲနော် ။

  • chitlay

    June 19, 2010 at 2:24 am

    ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့လို့မလာတာနေမှာပေါ့ ။

  • Shwemannmay

    June 19, 2010 at 2:35 am

    ရုပ်ရှင်မင်းသမီးတွေအိမ်ပြောင်းတာလောက်သိဖို ့လွယ်တာမရှိဘူးနော် ။ ရုံးတော်ကိုမထီမဲ့မြင်လုပ်တာပေါ့ဒါဆို

  • petitelapine

    June 19, 2010 at 3:46 am

    ဒီဇာတ်လမ်းကလည်း ခုထိပဲ မဆုံးနိုင်ဘူး။ ပြည်သူတွေ တကယ်စိတ်ဝင်စားတာဘာလည်းဆိုတာ ပြည်သူထဲက ပြည်သူဖြစ်တဲ့ စာနယ်ဇင်းတွေလည်း သိမှာပါ။ အခုထွက်နေတဲ့ ဂျာနယ်တွေ၊ မဂဇင်းတွေမှာက မင်းသား၊မင်းသမီးတွေ ကလေးမွေး၊ အိမ်ထောင်ပြု၊အိမ်ထောင်ကွဲ ဒီသတင်းတွေနဲ့ပါ ပြည့်နေတာပါ။ တကယ်တော့ အနုပညာသည်ဆိုတာလည်း လူထဲက လူပါပဲ။ မှားတဲ့သူရှိသလို မှန်တဲ့သူလည်း ရှိမှာပါ။ ဒီတော့ ပါစင်နယ်တွေမပါပဲ အနုပညာရှင်တွေရဲ့ အနုပညာသီးသန့်ကိုပဲ ဖော်ပြပေးစေချင်ပါတယ်။ အခုတော့ စာနယ်ဇင်းတွေ မေးတဲ့မေးခွန်းတွေကလည်း သိပ်အရပ်ဆန်ကုန်ပါပြီ။ ဟိုတလောကလည်း မဂဇင်းတစ်စောင်မှာ ချမ်းချမ်းကို မေးထားတာက အခုလိုအောင်မြင်သွားတော့ ဘဝင်မြင့်သွားလားတဲ့။ ဒီတော့ စာနယ်ဇင်းလုပ်မယ့်သူတွေလည်း ကိုယ့်အလုပ်ကို ဂုဏ်ယူပြီးတော့ အဆင့်အတန်းရှိရှိလေမေးဖို့၊ ပြည်သူတွေ တကယ်သိချင်နေတဲ့ အချက်တွေကို မေးပေးဖို့ လိုအပ်နေပါပြီ။ စာနယ်ဇင်းဆိုတာ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုဖော်ပြပေးဖို့ပါ။ အဲဒီအတွက်လည်း တကယ်စာနယ်ဇင်းပီသတဲ့ ဆရာ၊ ဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်။

  • aye aye

    June 20, 2010 at 2:20 pm

    whatever i wish htet2 MAY GET 1 thing

  • khinmintatthu

    June 20, 2010 at 8:30 pm

    သေးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင် လုပ်ပေမယ့်လည်း ဥပဒေကို မထီမဲ့မြင်လုပ်တာတော့ မကောင်းဘူးပေါ့။ ယခုကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာတော့ မဝေဖန်ချင်ပါဘူး။ ဥပဒေကို မထီမဲ့မြင်လုပ်တဲ့အတွက်တော့ ဥပဒေနဲ့အညီ အရေးယူသင့်တယ်လို့တော့ ထင်မိပါတယ်။

Leave a Reply