အခွေဌားဆိုင်များ၌ ပွားကူးခွေ ဌားခွင့်မပြု

klnJune 19, 20101min500

မူရင်းမာစတာ တိတ်ခွေများ၊ ဗီစီဒီအခွေများနှင့် ဒီဗီဒီအခွေများကိုသာ အဌားဆိုင်များတွင် ဌားရမ်းခွင့်ပြုမည်ဖြစ်ပြီး ခွေများကိုပွားကူးပြီး ဌားရမ်းခြင်းပြုပါက ထိရောက်သော ပြစ်ဒဏ်များကို ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဝင်းကပြောသည်။ ဆင်ဆာလက်မှတ်အသေမပါရှိသည့် ဗီဒီယိုတိတ်ခွေများကို ဌားရမ်းကြောင်း စစ်ဆေးတွေ့ရှိပါက ထိုသူကို ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်သိန်း ထိဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်သွားမည်ဖြစ်သည်။ မာစတာခွေများတွင် ဗီဒီယိုဆင်ဆာလက်မှတ်နှင့် မြန်မာနို်င်ငံရုပ်ရှင်လုပ်ငန်း အစည်းအရုံး စတေကာတစ်ခု စုစုပေါင်း နှစ်ခု ကပ်ထားသည်။ ဇွန်လ ၄ရက်နေ့ကစပြီး ဆင်ဆာလက်မှတ်ပါခွေများကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း မြို့နယ်ငါးခုကို တရားဝင်ညွှန်ကြားထားသည်။ ထိုသို့ညွှန်ကြားပြီးချိန်ကစပြီး မာစတာခွေများ ရောင်းအား ပိုသွက်လာကြောင်း ဖုန်းရှင်မင်း မန္တလေး ဖြန့်ချိရေးမှ ကိုရဲထွန်းက ပြောသည်။ အခွေဌားဆိုင်များမှာ ယခင်ကမူရင်းခွေများကို ဝယ်ယူပြီး ဌားရမ်းမှုမလောက်သည့်အခါတွင် ပွားချပ်များကူးယူပြီး ဌားရမ်းမှုများ ရှိခဲ့သည်။ ထို့အတွက် ထုတ်လုပ်သူများဘက်မှ နစ်နာမှုများရှိပြီး တစ်ခါတစ်ရံတွင် မသမာသည့်နည်းလမ်းများဖြင့် ကြိုခွေများ ထွက်ရှိလျက်ရှိကြသည်။ ထို့ကြောင့် ပွားခွေများကို ဌားရမ်းသူကော ပြသသူများကိုပါ လုပ်ပိုင်ခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။ မြန်မာဗီဒီယိုများ ထိုသို့ မာစတာခွေများသာ ထုတ်လုပ်ရောင်းချ ဌားရမ်းပြသရသည့်အတွက် ထုတ်လုပ်သူနှင့် ရိုက်ကူးသူဒါရိုက်တာများဘက်မှ ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်။