တက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာ အောင်ချက်ရာခိုင်နှုန်းမြင့်တက်ကြောင်း သိရ

klnJune 19, 20101min570

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ ၁၃ရက်နေ့နံနက် ၆နာရီက ထုတ်ပြန်ကြေညာသည်။ သက်ဆိုင်ရာကျောင်းများ၌ အောင်စာရင်းများကပ်ထားသည့်အပြင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများတွင်လည်း ရန်ကုန်တိုင်းမှအပ အခြားသော ပြည်နယ်နှင့်တိုင်းများ၏ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအနက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်နယ်နှင့်တိုင်းများရှိ စာစစ်ဌာနများမှ ဖြေဆိုကြသူများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးခဲ့သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် မနှစ်ကထက် မြင့်တက်လာကြောင်း အခြေခံပညာ မြို့နယ်ရုံးတချို့မှ သိရသည်။ (၂၀၀၉-၂၀၁၀)ပညာသင်နှစ်အတွက် ရန်ကုန်တစ်မြို့လုံးမှာ လသာမြို့နယ်က အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။ ဒဂုံမြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၅၉၉ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၀.၉၃%၊ လမ်းမတော်မြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၂၀၆ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၈.၉၅%၊ ဗိုလ်တထောင်မြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၄၂၆ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၉%၊ ပန်းဘဲတန်းမြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၆ဝဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၆%၊ လသာမြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၁၅၂ဦး၊ အောင်ချက်ရာခိုင်နှုန်း ၇၃.၁၇%နှင့် စမ်းချောင်းမြို့နယ်တွင် ဂုဏ်ထူးရရှိသူ ၂၇၃ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၆.၁၃% ဖြစ်ကြောင်း သိရသည်။ ၂၀၀၉-၂၀၁ဝပညာသင်နှစ်တွင် ပြည်တွင်းစာစစ်ဌာန ၁,၂၉၉ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၅ခုရှိပြီး ရန်ကုန်တိုင်းအတွင်းရှိ စာစစ်ဌာန ၂၅၄ခု၌ ဖြေဆိုသူကျောင်းသားကျောင်းသူပေါင်း ၁၁၅,၉၃၂ဦးရှိခဲ့သည်။ ၂၀၁ဝပြည့်နှစ်၊ မတ်လ ၁ဝရက်နေ့မှ ၁၉ရက်နေ့အထိ ဖြေဆိုခဲ့ကြသည့် စာမေးပွဲရလဒ် အမှတ်စာရင်းများကိုမူ ဇွန်လကုန်ခန့်တွင် သိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။