ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် သဘာဝဘေးကျရောက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ သေကျေပျက်စီး ဒဏ်ရာရရှိမှုများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဇွန် ၁၈ရက်ထုတ် သတင်းစာများ၌ အကျယ်တဝင့် ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲသတင်းများအရ စစ်တွေ-ပုဏ္ဏားကျွန်း-ယိုးတရုတ်ရထားလမ်းပိုင်း၊ ဘူးသီးတောင်-မောင်တောသွားကားလမ်းနှင့် ရန်ကုန်-စစ်တွေကားလမ်းတို့ကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန် ၁၆ရက် နံနက်ပိုင်းက ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် မောင်တောမြို့မှ ရေဘေးဒုက္ခသည်များသည် ယင်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြောက်ဦးမြို့တွင် ဇွန် ၁၅ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လက်အောက်ဈေးရပ်ကွက် ဆင်ချဆိပ်ရွာမရှိ အိမ်ခြေ ၂၇ လုံး၊ ရေအမြင့်သုံးပေခန့်အထိ နစ်မြှပ်ခဲ့ရာ ရေဘေးဒုက္ခသည် ၁၅၂ဦး တို့အား ဆင်ချဆိပ်ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ဆင်ချဆိပ်ရွာသစ်ရှိ အိမ်ခြေ ၇၅ လုံး၊ ရေအမြင့်သုံးပေခန့်အထိ နစ်မြှပ်ခဲ့ရာ ရေဘေးဒုက္ခသည် ၃၈၁ဦး တို့အား အခြားအခြေခံကျောင်းများတွင် လည်းကောင်း ရွှေ့ပြောင်း၍ ယာယီနေရာချထားပေးခဲ့ကြောင်း၊ ဒေသအာဏာပိုင်နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ထမင်းထုပ်များ ဝေဌခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သည့်အတွက် တောင်မြေပြိုခြင်း၊ ရေကြီးနစ်မြှပ်ခြင်း၊ တောင်ကျရေစီးခြင်း၊ ဒီရေတက်ခြင်းတို့ကြောင့် သေဆုံးသူ စုစုပေါင်းမှာ အမျိုးသား ၃၅ဦး၊ အမျိုးသမီး ၂၈ဦး စုစုပေါင်း ၆၃ဦးတို့ဖြစ်ကြောင်း သိရှိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်ဆွေ ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သည့် ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့ကလည်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရာဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..