မမှီမကမ်း လှမ်းကိုးကားလိုက်ဦးမယ် ကျောင်းအစ်မရေ။
အတွေးအခေါ်ပညာရှင်ကြီး ရူးဆိုး (Rousseau) က ဆိုခဲ့မိန့်ခဲ့ပါတယ်တဲ့ဗျာ။ ပြောရတာ အရသာ ရှိလိုက်တာ ဟေးဟေး။

“ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်ရန် လေ့ကျင့်ပေးခြင်း”

ပါတဲ့။
အဲဒီအဆိုအမိန့်ကိုပဲ ကိုးကားပြီး ရှေ့ဆက်ကြမယ်ဗျာ။
အနာဂတ် မြန်မာနိုင်ငံ အတွက် ပြည်သူပြည်သားကောင်းတွေ မွေးထုတ်ဖို့ ပညာရေးရာသီအသစ်ကတော့ စတင်ပြီပေါ့ခင်ဗျာ..။

အခမဲ့ ပညာရေး

ထူးထူးခြားခြား ဒီနှစ်က အခြေခံပညာမူလတန်း အဆင့် ကျောင်းသားကျောင်းသူတွေ အတွက် မသင်မနေရ အခမဲ့ပညာသင်စံနစ် ကို စတင်အကောင်အထည်ဖေါ်မှာပါတဲ့။ ကျောင်းသုံးစာအုပ် အပြည့်အစုံနဲ့ ဗလာစာအုပ်ခြောက်အုပ် အခမဲ့ ဖြန့်ဝေပေးသွားမှာပါတဲ့…။ ကောင်းတယ်ဗျာ။ ပေးနိုင်သလောက် ကို အခမဲ့ပေးတာ ကြိုဆိုရမှာပေါ့။ နောက်ပိုင်း ပေတံတွေ၊ ခဲတံတွေ၊ လွယ်အိတ်တွေ၊ ကျောင်းဝတ်စုံတွေပါ ပေးလာလိမ့်ဦးမှာ မြင်ယောင်နေသေး ဟေးဟေး။ အဲ..အဲ.. အဖျားမရှူးသွားဖို့တော့ ခင်ဗျားတို့ ကျွန်တော်တို့လို ပြည်သူလူထုက ၀ိုင်းကြ၀န်းကြရလိမ့်ဦးမယ်နဲ့ တူပါတယ်ဗျာ။

ပညာသင်ထောက်ပံ့ကြေး

နောက်တစ်ခု ထူးခြားတာလေးက ဒီ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က စပြီး ပညာထူးချွန်ပြီး ကျောင်းဆက်လက်တက်ရောက်ရန် အခက်အခဲ ရှိသူတွေကို ပညာသင်ထောက်ပံ့ကြေးတွေ နှစ်စဉ်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။ ဘယ်လို စံနစ်တွေနဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ပေးမယ် ဆိုတာကိုလည်း ပွင့်လင်း မြင်သာ စေချင်ပါတယ် ကျောင်းအစ်မရေ။ တကယ် မတတ်နိုင်သူတွေ ပညာသင်ထောက်ပံ့ကြေး ရဖို့ကိုလည်း ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူလူထုတွေက စောင့်ကြည့်ပေးရလိမ့်ဦးမယ် ဗျ။ ရွေးချယ်ပိုင်ခွင့်ရှိသူတွေက အလွဲသုံးစားလုပ်ပြီး ကိုယ်ဆွေကိုယ်မျိုးတွေပြန်ပြီး ထောက်ပံ့ကြေးပေးနေရင်လည်း မဟုတ်သေးဘူး လေ နော့…။

ကျောင်းအပ်ချိန်ကောက်ခံတဲ့ အလှူငွေ

နောက်တစ်ခု ပြောချင်တာက ကျောင်းအပ်ချိန်မှာ ကောက်ခံလေ့ရှိကြတဲ့ အလှူငွေကိစ္စလေးပါ။ ၁၉၉၆၊ ၁၉၉၇ ခုနှစ်လောက်က စတင်ပြီး ကျောင်းအုပ်ကြီးတွေ ကျောင်းသားလက်ခံတဲ့အခါမှာ မည်သည့်အလှူငွေမှ ကောက်ခံခြင်းမပြုရ ဆိုတဲ့ ညွှန်ကြားချက်ထွက်ခဲ့ဘူးပါတယ်တဲ့။ ညွှန်ကြားချက်ကို မလိုက်နာမိတဲ့ ကျောင်းအုပ်ကြီးတွေ နှစ်စဉ်အရေးယူခံရတာတွေလည်း ရှိနေပါတယ်တဲ့။ ကျောင်းအုပ်ဆရာကြီးတွေ ဆရာမကြီးတွေရဲ့ အခက်အခဲ အချို့လောက် ရေးပြလိုက်ပါရစေဦး။ ပညာရေးရာသီသစ် (စာသင်နှစ်အသစ်) အတွက် ပျက်စီးနေတဲ့ ကျောင်းခြံစည်းရိုး၊ အဆောက်အဦတွေရဲ့ အမိုး၊ အကာ၊ အခင်း၊ ပြတင်းပေါက်၊ ကျိုးပဲ့နေတဲ့ စာရေးခုံ၊ ထိုင်ခုံတွေ၊ ကျောင်းသင်ပုန်းတွေ ကွန်ပျူတာတွေ၊ အိမ်သာကိစ္စတွေ၊ သောက်ရေသုံးရေ လုံလောက်စွာရရှိရေး စတာတွေကို ပြင်ဆင်ကြရပါသတဲ့ဗျာ။ အဲဒီအတွက် ကျွန်ုပ်တို့၏ ပညာရေးဌာနကြီးမှလည်း ငွေထုတ်ပေးနိုင်ခြင်း မရှိပါဘူးတဲ့။ ကောင်းရော။ ဘာနဲ့သွားလုပ်ကြမလဲ။ အခုလို ကျောင်းအပ်ချိန်မှာ အလှူငွေ ကောက်ခံမိရင်လည်း ဂိုးပေဦးတော့ အဝေးကို ဆိုတာမျိုးဆိုတော့ ကျောင်းအုပ်ကြီးတွေခင်ဗျာ ခေါင်းခဲကြရတယ်ပေါ့ဗျာ။ သူဌေးကျောင်းကြီးတွေကို မဆိုလိုပါဘူး ကျောင်းအစ်မရယ်။ အဲဒီအခက်အခဲအတွက် အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးက အကြံပေးပါတယ်။
ကျောင်းဖွင့်စ ကျောင်းတစ်ကျောင်းအတွက် ကြိုတင်ပြင်ဆင်စရိတ်လှူဒါန်းတဲ့ အခမ်းအနားလေးတွေ လုပ်ကြရင် ဘယ်လိုနေမလဲ ပေါ့ဗျာ။ ခိုးကြောင်ခိုးဝှက် ငွေတောင်းနေတာထက်စာရင် တရားဝင် စာရင်းနဲ့ အင်းနဲ့ အလှူငွေလက်ခံတဲ့ သဘောပေါ့။ မဆိုးဘူးဗျ။ အဲဒါလေး စဉ်းစားသင့်တယ်။ တရားဝင် စာရင်းတွေအင်းတွေနဲ့ လက်ခံတာမျိုးဆိုတော့ တော်ရုံတန်ရုံ အလွဲသုံးစားလည်း လုပ်လို့မရတော့ဘူးပေါ့ဗျာ။ အခုလိုကျပြန်တော့လည်း ကျောင်းအုပ်ကြီးတွေ ဘ၀က ကျဉ်းထဲ ကျပ်ထဲ ဗျ နော့။ ကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းဖို့ စရိတ်ကို အစိုးရကလည်း ထုတ်မပေး။ စရိတ်လိုလို့ ကျောင်းသားမိဘတွေဆီက အလှူခံပြန်ရင်လည်း အရေးယူခံရ။ သနားစရာတောင် ကောင်းနေသေး ဟေးဟေး။ အော် … မသနားသင့်တာကို သွားသနားနေမိပြန်ပါပြီ။ အနေအထိုင်က မတတ်တာ အဲဒီလို…။
ငွေကောက်တဲ့ ကျောင်းအုပ်တချို့ကို စစ်တုရင် ကစားနည်းထဲက နယ်ရုပ်ကလေးတွေ ချကျွေးသလိုမျိုး အရေးယူ နေရုံနဲ့တော့ ဒီ ကျောင်းဖွင့်ချိန် အလှူခံတဲ့ ပြသနာကြီးက ပြေလည်မသွားနိုင်ပါဘူးခင်ဗျာ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ လည်း ကျောင်းဖွင့်ချိန်ပြင်ဆင်ဖို့လိုအပ်တဲ့ စရိတ်စကတွေအတွက် ဘတ်ဂျက်လေး ချပေးတာမျိုး စဉ်းစားသင့်ပါတယ်။ ဘတ်ဂျက် မရှိပဲ ဘာနဲ့ သွားပြင်ဆင်ကြမလဲဗျာ။ အဲဒါနဲ့ ဂျာအေး သူ့အမေရိုက်တဲ့ဇာတ်လမ်းကြီး ဖြစ်လာတာပါပဲ ကျောင်းအစ်မရေ။ စဉ်းစားကြဖို့ပါ။

ကျောင်းသားနဲ့ အိမ်သာ

အိမ်သာအကြောင်းရေးကြတဲ့ မပဒုမ္မာနဲ့ အီးတုန်းတို့ကိုတောင် သတိရမိပါတယ်။ ရန်ကုန်မြို့မှ ကျောင်းအိမ်သာများဆိုတဲ့ ပို့စ်တစ်ပုဒ်လောက်တော့ အီးတုန်း ကိုရေးဖို့ တောင်းဆိုလိုက်ချင်ပါတယ် ကျောင်းအစ်မရေ။
ဟုတ်တယ်ဗျာ။ အဲဒီအိမ်သာ ဆိုတာကြီးကလည်း တော်တော် အရေးပါတဲ့ နေရာမှာ ရှိနေတာကြီးဗျ။ မရိုသေ့ စကားဗျာ။ ကျွန်တော့်မှာ အိမ်သာမကြိုက်ရင် ဖြစ်ညှစ် ချုပ်တည်းပြီး အိမ်ရောက်အောင် ပြန်တတ်တဲ့ အကျင့်တစ်ခု ရှိပါတယ်။ ဆိုတော့ အိမ်သာ ကလည်း ပါချင်စဖွယ် ပေါက်ချင်စဖွယ် အိမ်သာဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်သာ တစ်ခုဖြစ်ဖို့ လိုမှာပေါ့။ မိဘတွေကတော့ ကလေး ကျောင်းသွားရင် အိမ်သာ အဆင်ပြေရဲ့လားလို့ မေးချင်မှ မေးကြမှာပါ။ အမှန်တော့ မေးသင့်ပါတယ်။ အိမ်သာတွေက ကလေးတွေအတွက် အဆင်မပြေ နိုင်ဘူးဆိုရင် ကျောင်း ကို စောဒက တက်သင့်ပါတယ်။ တစ်ခါများ အိမ်သာထဲ ကလေး လေး တစ်ယောက် ပိတ်ရက်ကြီး ကျန်နေခဲ့လို့ အသက်ဆုံးရှုံးရတယ်လို့ ကြားခဲ့ဘူးပါတယ်။ ကလေးတွေနဲ့ အိမ်သာကို သိတ်ပေါ့ပေါ့ဆဆ မတွက်ထားသင့်ဘူးဆိုတာလေး ပြောချင်တာပါ။ မနေ့က ၂၈-၅-၂၀၁၂ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးတစ်ပုဒ်ထဲက ကျောင်းအိမ်သာ ကိစ္စလေး နည်းနည်း ကူးချလိုက်ချင်ပါသေးတယ်။

အဲဒီ နာမည်ကြီးကျောင်းလေ။ တာဝန်ရှိတဲ့ သူတွေ ကလေးတွေရဲ့ အိမ်သာထဲထိ နေ့စဉ်စစ်ဆေးပေးဖို့ အော်သံထည့်လိုက်ချင်တာ တကယ်ကိုပဲ။ ကလေးက တော်ရုံဆို ကြမ်းခင်းမှာ ရေတွေအပြည့်ရှိတာမို့ ချော်လဲမယ်ဆိုပြီး ဆီးချုပ်၊ ၀မ်းချုပ်ခံပြီး ကျောင်းမှာ အိမ်သာမ၀င်ဘူး။ တစ်ခါ နှစ်ခါလောက်ကတော့ မဖြစ်မနေ ၀င်ခဲ့ရတော့ အမလေး ကလေးဘောင်းဘီ အောက်နားတွေမှာ ရေတွေစိုရွှဲနေတာပဲ။ တစ်ခါကတော့ အိမ်သာထဲအ၀င်မှာ ချော်လဲလာတာမို့ အောက်ပိုင်းတစ်ခုလုံး စိုရွှဲနေတာပေါ့။ အဲဒီကျောင်းမှာ ကျောင်းအိမ်သာ သန့်ရှင်းရေးတွေရှိပေမယ့် ကောင်းကောင်းလုပ်မထားတောကြောင့် ကလေးတွေ စိတ်ညစ်ရတယ်။ ဒါတွေကိုပါ ပြင်နိုင်ရင်ကောင်းမယ်။ မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် သန့်ရှင်းရေးဝင်လုပ်ထားရုံနဲ့ မလုံလောက်ဘူး။ ကျောင်းအိမ်သာ သန့်ရှင်းရေးအတွက် ပိုက်ဆံကောက်ရင်လည်း ကြည်ကြည်ဖြူဖြူ ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အိမ်သာ သန့်သန့်ရှင်းရှင်းသုံးတတ်အောင် ကျောင်းကနေစပြီးသင်ပေးလိုက်မှ ရတော့မယ်ထင်တယ်။ မြန်မာတွေက လိုမှပဲ အိမ်သာကို သတိရကြတယ်။ နိစ္စဓူဝ မကင်းနိုင်တာ၊ ကျန်းမာရေးနဲ့လည်း ဆိုင်တာမို့ အိမ်သာသုံးစွဲတာ၊ အိမ်သာသန့်ရှင်းရေးဟာ အရေးကြီးတာကို ကျောင်းတွေမှာ စာတွေ့လည်းသင် လက်တွေ့လည်းပြပေးသင့်တယ်လို့ ထင်တယ်

လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပြပါတယ်တဲ့။
အိမ်သာ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားလိုက်ကြဖို့ပါ။ စဉ်းစားကြဖို့ပါဗျာ။

အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ရဲ့ အလှူ

ဒီပညာရေးရာသီသစ်မှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းအချို့ကလည်း ကျောင်းနေရန် အခက်အခဲရှိကြတဲ့ ကျောင်းသားကျောင်းသူလေးတွေကို ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းကြဦးမယ်ဆိုတဲ့ မင်္ဂလာ သတင်းစကားလေးလည်း ကြားရပြန်ပါတယ်။ အဲဒီအဖွဲ့တွေထဲက The Gardeners Group (ဥယာဉ်မှူးများ) အဖွဲ့ အကြောင်းလေး နည်းနည်း မိတ်ဆက်ပေးချင်ပါတယ် ကျောင်းအစ်မရေ။
ဥယျဉ်မှူးများအဖွဲ့ဟာ ပညာရေးမြှင့်တင်လိုသော စိတ်တူ၊ ကိုယ်တူ၊ ၀ါသနာတူ စေတနာရှင်များ စုစည်းထားသော အဖွဲ့လေး ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် တစ်နှစ်စာ ပညာသင်စရိတ်ကို ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး လစဉ်အလှူငွေကို ၁၅၀၀ ကျပ်နှုန်း ကောက်ခံကြောင်းသိရပါတယ်။ ကျောင်းထားပေးသည့် စေတနာရှင်များအတွက် ဂုဏ်ပြုလက်မှတ်မှာ ကိုယ်ကျောင်းထားပေးသည့် ကျောင်းသားလေး၏ ဓါတ်ပုံကို ဖေါ်ပြပေးပါတယ်တဲ့။ ကလေးများထဲတွင် ကိုရင်ငယ်လေးများ၊ တောင်ပေါ်ဒေသမှ တိုင်းရင်းသားလေးများ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသ မှ ကလေးငယ်များနှင့် မိဘမဲ့ ကလေးများပါဝင်ပါတယ်တဲ့။ သူတို့ အဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီလိုရေးထားပါတယ်တဲ့။

ကျွန်တော်တို့ ကျောင်းထားပေးလိုက်တဲ့ ကလေးငယ်တွေ ဘွဲ့ရချင်မှ ရပါတယ်။ ဒါပေမယ့် လေးတန်းနဲ့ ကျောင်းထွက်ရမယ့်ကလေး ငါးတန်းရောက်သွားမယ်။ ရှစ်တန်းနဲ့ ကျောင်းထွက်မယ့် ကလေး ကိုးတန်းတက်စေနိုင်တယ်။ မိတ်ဆွေတို့ရဲ့ အကြံဥာဏ်၊ ငွေအား၊ လူအားတွေကို မျှော်လင့်နေပါရစေ

တဲ့။ ဥယျာဉ်မှူးများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်ဦးက

“ မန္တလေးမှာပဲ လုပ်နိုင်သေးတယ်။ ရန်ကုန်အထိလက်လှမ်းမမီသေးဘူး။ မန္တလေးမြို့ခံမဟုတ်တဲ့ ရပ်ဝေးကမိတ်ဆွေတွေကလည်း ကိုယ့်အနီးအနားက နွမ်းပါးတဲ့ ကျောင်းလေးတွေမှာ စုပေါင်းလှူဒါန်းကြစေချင်ပါတယ်”

လို့ ပြောပါတယ်။
ဥယျာဉ်မှူးများအဖွဲ့ကို ဆက်သွယ်ချင်ရင် ဖုန်းနံပတ် ၀၉၂၀ ၁၄၄၄၁ ကနေ ဆက်သွယ်လို့ ရပါတယ်တဲ့။ သီးသန့် အလှူဒါနပြုလုပ်လိုပါက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၅၅လမ်းတွင် ရှိသော မစိုးရိမ်တိုက်သစ် ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ပါတယ်တဲ့ဗျာ။ အော် မန္တလေးသားတွေရဲ့ စေတနာတွေပေါ့ခင်ဗျာ။ သာဓု ခေါ်ရအောင်ပါ။ သာဓု သာဓု သာဓု ပါ ဥယျာဉ်မှူးများအဖွဲ့သားများခင်ဗျား။
ထူးခြားတာက ကျွန်တော်တို့ ရွာသား ကိုထွန်းဝင်းလတ်ကလည်း အဲဒီလို ပညာရေးလှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ကျောင်းအစ်မရေ။ တတ်နိုင်လို့ လှူချင်တန်းချင်ကြရင် ကိုထွန်းဝင်းလတ် ကို ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်း

ကျောင်းတွေဖွင့်တာနဲ့ ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လှိုင်မြို့နယ် NLD ရုံးခန်းဖွင့်ပွဲမိန့်ခွန်းမှာ ဒီလိုထည့်ပြောခဲ့ပါသေးတယ်တဲ့ဗျာ။

အခုဆိုရင် ကျောင်းတွေဖွင့်တော့မယ်နော်။ ကျောင်းဖွင့်ရင် အလှူငွေကောက်မယ်။ အဲဒီလို အလှူငွေကောက်ရင် ကျောင်းသွားအပ်တဲ့မိဘတွေ ဘာလုပ်မလဲ။ အမှန်ကမေးရမှာလေ။ ဘာအတွက်အလှူငွေကောက်တာလဲ။ ဘယ်သူ့ အတွက်လဲ။ မိဘတွေက မေးပိုင်ခွင့်ရှိတယ်နော်။ အဲဒီလိုမမေးဘဲနဲ့ ပေးခဲ့ကြလို့ ပညာရေးအခြေအနေတွေက အခုလို ဖြစ်နေတာပါပဲ။

တဲ့။ တောင်းတိုင်းပေးရတဲ့ခေတ်ကြီးတော့ နိဂုဏ်းချုပ်တော့မယ့် သဘောပဲဗျာ။

ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရဲ့ ဒိုင်ယာလော့ခ်

ကျောင်းအပ်ချိန်မှာ ငွေကြေးအမြောက်အများပေးရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့လယ်ရှိ နာမည်ကြီးအထက်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးတစ်ဦးရဲ့ စကားလေးလည်း ဖတ်ကြည့်ကြစေချင်ပါတယ်။

ကျွန်မတို့ အမြင်မှာတော့ ကျောင်းမှာ လျှောက်လွှာတင်ကတည်းက ပယ်တယ်ဆိုတာမရှိပါဘူး။ အကုန်လက်ခံပေးပါတယ်။ ကြားတန်းတွေမှာတော့ ကိုယ့်ဆီက တက်တဲ့ ကလေးရှိနေတဲ့အတွက် နယ်ပြောင်း၊ တပ်ပြောင်း၊ ဌာနဆိုင်ရာပြောင်းရွှေ့တာတွေကို ဦးစားပေးတာပေါ့နော်။ တကယ်တော့ ပြောနေကြတာပါ။ အခုက ကောလဟာလကြောင့် ပိုက်ဆံမရှိရင် ဒီကျောင်းတွေမှာ မတက်နိုင်တော့သလို ဖြစ်နေတယ်

ဟုတ်ရင်တော့ ကောင်းတာပေါ့ ခင်ဗျာ။ ဆရာမကြီးစကားကို ကျွန်တော်တို့ကလည်း တကယ်ကို ယုံချင်ပါတယ်ခင်ဗျာ။
တကယ်ဖြစ်ပါစေလို့ပဲ မ၀ံ့မရဲ မျှော်လင့်နေမိပါတယ် ကျောင်းအစ်မရေ။

ကျောင်းကား

ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျောင်းတွေရှေ့မှာ ကျောင်းကားတွေ ခြေရှုပ်နေကြတာ တွေ့မှာပေါ့ ကျောင်းအစ်မရေ။
ကိုယ့်သားလေး သမီးလေးတွေအတွက် ကိုယ်ပိုင်ကားကိုယ်တိုင်မောင်းပြီး ကျောင်းကြိုပို့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ကျောင်းအစ်မရယ်။ အဲ…အဲဒီလိုမှ မဟုတ်ရင်တော့ ကျောင်းကားတွေကို အားကိုးကြရတော့တာပဲပေါ့ဗျာ။ ကိုယ့်ကလေး စီးမယ့်ကျောင်းကားကိုလည်း ဈေးသက်သာရုံ၊ ခင်မင်ရင်းနှီးရုံနဲ့ မအပ်သင့်ဘူးခင်ဗျ။ မောင်းမယ့်ယာဉ်မောင်းရဲ့ လိုင်စင်အဆင့်လေးဘာလေးတော့လည်း မေးမြန်းကြည့်ကြသင့်ပါတယ်။ ပြီးတော့ ယာဉ်နောက်လိုက် ပါမပါ။ ဒါလည်း မေးသင့်တဲ့ ကိစ္စပေပဲဗျာ။ သင့်တော်မယ့်ကျောင်းကားကို ရွေးခြယ်နိုင်စေဖို့ ကျောင်းကားနဲ့ ပတ်သက်တဲ့ ပြောထားဆိုထားကြတာလေးတွေ ရှာဖွေ တင်ပြပေးလိုက်ပါတယ်ဗျာ။

ရန်ကုန်မြို့တွင်းကျောင်းများတွင် ပြေးဆွဲနေသော ပုဂ္ဂလိကကျောင်းကား များတွင် မောင်းနှင်လျက်ရှိကြသော ယာဉ်မောင်းများသည် (ခ) လိုင်စင်အဆင့်သာရှိ ယာဉ်မောင်းများဖြစ်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ ကြိုပို့ယာဉ်မောင်းများတွင် လိုက်ပါသူ ကလေးများ ယာဉ်အန္တရာယ်ကျရောက်နိုင်မှု အခြေအနေသည် စိုးရိမ်စရာ ဖြစ်လာသည့်အတွက် ကြို/ပို့ကျောင်းကားမောင်းနှင်သူများအား ကြပ်မတ်ရန် လိုအပ်လာကြောင်း

မထသ(ဗဟို) ဥက္ကဌ ဦးလှမြင့်က ပြောကြားခဲ့ပါတယ်တဲ့။

အခုနောက်ပိုင်းမှာ ပုဂ္ဂလိကကျောင်းကားအနေနဲ့ ကျောင်းတော်တော်များများမှာ အသုံးပြုလာကြတာ တွေ့ရပါတယ်။ ကျောင်းကားတွေကို အခုလို သီးသန့်ပြုလုပ်ပေးတဲ့အတွက် မိဘတွေကိုယ့်ဘာသာ ကြို/ပို့ လုပ်တာထက် လိုင်းကားတွေကို တွယ်စီးရတာတို့ထက်ပိုပြီး ယာဉ်အန္တရာယ်ကင်းဝေးစေတာ မှန်ပေမယ့်
ကျွမ်းကျင်လိုင်စင်အဆင့် (ဃ) ရှိတဲ့သူ မောင်းနှင်သင့်ပါတယ်။ လက်ရှိကျောင်းကားမောင်းနှင်သူတွေမှာ လိုင်စင်အဆင့် မပြည့်မီတာတွေတွေ့နေရပါတယ်။
အဲဒီအတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီက ကြပ်မတ်မှုတွေလုပ်ပေးသင့်ပါတယ်

လို့ လည်း ပြောကြားသွားပါတယ်တဲ့ ခင်ဗျာ။

ကျောင်းကား ကြို/ပို့ယာဉ်မောင်းတစ်ယောက်မှာ ရှိသင့်တဲ့ ယာဉ်မောင်း ကျွမ်းကျင်မှုလိုအပ်တယ် ဆိုတာကတော့ မှန်ပါတယ်။
ဒါပေမယ့် အဲဒါတစ်ခုတည်း နဲ့တင် မဟုတ်ဘဲ ယာဉ်နောက်လိုက်ရဲ့ ကျွမ်းကျင်မှုရယ်၊ ကျောင်းသားမိဘတွေမှာလည်း တာဝန်ရှိပါတယ်။
ကျောင်းကြို/ပို့လုပ်တယ်ဆိုတာ ကျွန်တော်တို့ဘက်က အချိန်နဲ့ အလုပ်လုပ်ရတာပါ။ ကျောင်းသားမိဘတွေဘက်က အဆင်သင့်စောင့်ဆိုင်းမနေဘဲ
ကျောင်းကားဘက်က ပြန်စောင့်နေရတဲ့အခါမျိုးမှာ ကျွန်တော်တို့ဘက်က တစ်ဦးတစ်ယောက်တည်းနဲ့ အလုပ်လုပ်ရတာ မဟုတ်ပါဘူး အများနဲ့လုပ်ရတာ ဖြစ်ပါတယ်။
ကျောင်းချိန်အမီ ပြန်မောင်းပေးရတာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အမြန်မောင်းနှင်မှုတွေ စိတ်ဖိစီးမှုတွေဖြစ်လာပါတယ်

လို့ ဒဂုံ (၁) ကြို/ပို့ ကျောင်းကားပြေးဆွဲနေသူ ဦးထိန်လင်းက ဆိုပါတယ်တဲ့။

ကလေးဗဟိုပြု သင်ကြားရေး စံနစ်

ဒီပညာရေးနှစ်ထဲမှာ ကလေးဗဟိုပြု သင်ကြားရေးစံနစ် ကို ရန်ကုန်မြို့ရှိ အခြေခံပညာ ဆရာဆရာမများသို့ သင်တန်းတွေဖွင့်လှစ်သင်ကြားနေပါတယ်တဲ့ ကျောင်းအစ်မရေ။
သင်ကြားမှုစံနစ်တွေ ဘယ်လိုတွေ ဖြစ်လာမလဲ။ စောင့်ကြည့်ကြတာပေါ့ ကျောင်းအစ်မရယ်။
မြန်မာပြည် ပညာရေး ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းလေးနဲ့ ဒီပို့စ် ကို နိဂုဏ်းချုပ်လိုက်တော့မယ်ဗျာ။

အားလုံးကို လေးစားတဲ့
ဘလက်

ဝန်ခံချက် – ဒီပို့စ်လေးက မတ်လ ဧပြီလ နဲ့ မေလတွေမှာ ထုတ်ဝေတဲ့ ဂျာနယ်တွေ သတင်းစာတွေထဲက ပညာရေးသတင်းလေးတွေကို
ကိုးကားပြီးရေးထားတာ ဖြစ်ပါတယ် ဆိုတာလေးပါ။

black chaw

About black chaw

black chaw has written 332 post in this Website..