ကံဆိုးမ သွားရာ မိုး လိုက်လို့ရွာ (ပဋာစာရီ -၁)

ကံဆိုးမ သွားရာ မိုး လိုက်လို့ရွာ

မိုး …..
အဲဒီမိုးပေါ့ …
ကျမ သွားလေရာ တစ်ကောက်ကောက်လိုက်လို့ ရွာတတ်တာ …။

ဟုတ်ပါတယ် ရှင်တို့ရယ်။ ကျမ ဘဝဟာလေ ဘယ်လောက်တောင်မှ ကံဆိုးမှုတွေ ဆိုက်တိုက် လိုက်နေခဲ့သလဲဆိုရင် ကျမ တစ်ကိုယ်လုံး အပူတွေဖုံးလို့ အရူးလုံးလုံး ဖြစ်ခဲ့ရတဲ့ အထိပါပဲ။ ပြန်ပြီး အဖတ်ဆယ်လို့ မရတော့တဲ့ ဆုံးရှုံးမှုတွေ၊ ရင်ထဲက နှလုံးသားကိုတောင် ပေးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဆက်တိုက်ဆိုသလိုပါပဲလေ။ ကျမက အားနွဲ့တဲ့ မိန်းမသား။ ထုထောင်းခံရတဲ့ ကံဆိုးမှုတွေက မိန်းမသား ဆိုတဲ့ စကားနဲ့မှမလိုက်၊ ခေတ်စကားနဲ့ ပြောရရင် အတုံးလိုက် အတစ်လိုက် ရိုက်နှက်ရက်ပါပေရဲ့။

ကျမဘဝ ဒီလောက် ကံဆိုးလှတာဟာ ဆင်းရဲလွန်းလို့တော့ မဟုတ်ခဲ့ပါဘူး။ ပြောရင် ယုံမလားတောင် မသိဘူး။ ကျမ မိဘနှစ်ပါးဟာလေ သူဋ္ဌေးကြီးတွေပဲ ရှင်တို့ရဲ့။ ချမ်းသာလိုက်သမှ လယ်တွေ ယာတွေ မြောက်မြားစွာ၊ အစေအပါးတွေကလည်း မြောက်မြားစွာပါပဲ။ ကျမ မှတ်မိသေးတယ်။ ငယ်ငယ်က မိဘရဲ့အရိပ်မှာ ခိုဝင်နေစဉ်ကာလကပေါ့။ ဘာလိုချင်သလဲ။ နာမည်လေးသာ ပြောလိုက်။ မကြာချက်ချင်း ကိုယ့်ရှေ့မှောက်ကို အဆင်သင့် ရောက်လာပြီးသား။ ဘာပူပင်စရာမှ မရှိ။ ဘာမှ လိုလေသေးမရှိ။ ပြီးပြည့်စုံခဲ့တဲ့ ဘဝလေးပါပဲ။ ကျမ ဒါတွေ ပြောနေတာဟာ ချမ်းသာတဲ့ဘဝကို ပြန်လည် ခုံမင်လို့ မဟုတ်ပါဘူး။ ကျမက လူချမ်းသာမှုထက် စိတ်ချမ်းသာမှုကို ပိုပြီး ခုံမင်တတ်တယ်လေ။ ဒါကြောင့်ပဲ အိမ်ရဲ့ အစေအပါးဖြစ်တဲ့ ကိုကို ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်ခဲ့တာပေါ့။

သူဋ္ဌေးသမီးနဲ့ အိမ်အစေအပါး ယောက်ျားသား ဖူးစာမပါဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ မတင့်တယ်ဘူးလို့ကော ဘယ်သူက ယိုးစွပ်မှာတဲ့လဲ။ ကျမ ဒါတွေ မသိခဲ့ပါဘူး။ သိလည်း မသိချင်ခဲ့ပါဘူး။ ကျမအတွက် ဒါတွေက သိစရာလည်း လိုမယ် မထင်ခဲ့ပါဘူး။ ကိုကို သာလျှင် ကျမဘဝ၊ ကိုကို သာလျှင် ကျမရဲ့ အရှင်သခင်။ ဒါတွေကို ကိုကိုနဲ့တွေ့တုန်းက ပြောတော့ ကိုကိုကလေ ရင်တုန်လိုက်တာ ခင်ရယ် … တဲ့။ အဲဒီအချိန်က ကိုကိုရဲ့ မျက်နှာ ခုထိ မြင်တွေးမိတိုင်း ရီချင်မိတယ်။ တကယ် … ဗလကောင်းသလောက် ကြောက်တတ်လိုက်တာ လွန်ပါရော ကိုကိုရယ် ….။

အချစ်ဆိုတာ ပူလောင်တယ်တဲ့ …။ ဟုတ်မှာပါပဲလေ …။ ကိုကိုနဲ့ ကျမ ချစ်ကြိုက်နေကြတာကို အိမ်က အဖေနဲ့ အမေသိသွားတော့ ကျမကို ဆူတယ်။ ပြီးတော့ အခန်းထဲမှာပဲ နေရမယ်လို့ တစ်ချက်လွှတ်အမိန့် ချမှတ်လိုက်တယ်။ အဲဒီ ရက်ပိုင်းတုန်းက ကိုကိုနဲ့ ဝေးနေခဲ့ရတော့ ရင်ထဲက ကိုကိုနဲ့ တွေ့ချင်လွန်းတဲ့ ဆန္ဒတွေက ကျမတစ်ကိုယ်လုံးကို မီးမြိုက်ထားသလိုပါပဲ။ နေမထိ ထိုင်မသာနဲ့ပေါ့။ အော် … ချစ်သူနဲ့ ဝေးနေရတဲ့ဘဝဟာ အသက်မဲ့သလိုပါပဲလား ရှင်တို့ရယ်။ ဒီဒဏ်ကို မခံနိုင်တဲ့အဆုံး ကျမ ကြံရပါတော့တယ်။ ကျမရဲ့ အကြံက ကိုကိုနဲ့အတူတူ ဒီအိမ်ကြီးရဲ့ အဝေးဆုံး ပြေးပုန်းကြဖို့ပါပဲ။

လောကရဲ့ဒဏ် ဆင်းရဲမှုကံ ကျမအတွက်တော့ ဒါတွေက ပျော်စရာတွေအဖြစ်ပဲ ဖန်လာခဲ့တယ်လို့ပြောရင် ကျမ လွန်ရာ မကျလောက်ပါဘူး။ အနေ ဆင်းရဲပေမယ့် ကိုကိုနဲ့ အတူတူနေရလို့ ကျမပျော်တယ်။ ဟီးထနေတဲ့ တိုက်တာကြီးထဲမှာ နေနေရတဲ့ ဘဝကနေ တဲကုတ်လေးနဲ့ နေရတဲ့ ဘဝကို ရောက်ခဲ့ပေမယ့် ကျမ ပြန်မလွမ်းတတ်ပါဘူး။ ကျမရှေ့မှာ မားမားမတ်မတ်ရပ်ပေးနေတဲ့ ကျမရဲ့ချစ်လင် တစ်ယောက်လုံး ရှိနေတာပဲ။ ကျမ ဘာကို လိုအပ်ရဦးမှာလဲ။ ဒါနဲ့ စကားမစပ် ပြောရဦးမယ် ရှင်တို့ရယ်။ ပြောရမှာ ရှက်တော့ရှက်မိသား။ ဒါပေမယ့် မထူးပါဘူးလေ။ ပြောလိုက်တာက ကောင်းပါတယ်။ အခု ကျမမှာလေ … ကျမမှာ ကျမချစ်လင်ရဲ့ ရင်သွေးလေးကို လွယ်ထားရပြီ ရှင်တို့ရဲ့။ ကျမလေ ဘယ်လို ပျော်မိမှန်းကို မသိပါဘူး။ ကျမ ချစ်လင်ကို လယ်တောက ပြန်အလာ ဒီအကြောင်း ပြောပြတော့ သူလေ ထခုန်မတတ်ပါပဲ။

အော် … မိဘရဲ့ မေတ္တာ ….။ ကျမ ကိုယ်ဝန် စလွယ်ကတည်းက သဘောပေါက်ခဲ့ပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေမှာ ကျမရဲ့ မိဘတွေကို ပြန်ပြီး လွမ်းဆွတ်မိတတ်ပါတယ်။ ကျမရဲ့ရင်သွေးလေးကိုလည်း ကျမရဲ့ မိဘတွေအရိပ်မှာ ပြန်ပြီး မွေးဖွားချင်တဲ့ စိတ်တွေလည်း ဖြစ်မိပါတယ်။ ဒီအကြောင်းကို ကျမရဲ့ချစ်လင်ကို ပြောပြတော့ သူက နှစ်သိမ့်ပါတယ်။ ခင်ရယ် … ဒီမှာပဲ မွေးပါကွာ။ မိဘတွေဆီကို ပြန်ပြီး မမွေးပါနဲ့ကွာတဲ့။ သူ့ဘက်က ကြည့်ရင်လည်း ဟုတ်တာပေါ့လေ။ အိမ်ရှင်တွေ မသိအောင် ထွက်ပြေးလာတဲ့ အိမ်ရဲ့ အစေအပါး တစ်ယောက်ကို ပြန်တွေ့ရင် ဘယ်လို အပြစ်ပေးသလဲဆိုတာ ကျမ သိပါတယ်။ ဒါပေမယ့်လို့လည်း ကျမရဲ့ဆန္ဒတွေက ကိုယ်ဝန် ရင့်မှည့်လာတာနဲ့အမျှ ပိုပြီးသာ ပြင်းပြလာခဲ့ပါတယ်။

ကျမရဲ့ ချစ်လင်က မနက်မိုးလင်းတာနဲ့ လယ်ထဲကို သွားပြီး အလုပ်လုပ်ပါတယ်။ ခုလည်း သူ အိမ်မှာ မရှိပါဘူး။ ဒီအချိန်မှာ ကျမရဲ့ မိဘအိမ်ကိုပြန်ပြီး မီးဖွားချင်တဲ့ ဆန္ဒက နှိုးဆွလာပါတော့တယ်။ သူ့ကို ပြောခဲ့တာလည်း များခဲ့ပါပြီ။ သူကလည်း အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားခဲ့တာလည်း များပါပြီ။ ဒီနေ့တော့ဖြင့် ကျမရဲ့ ဆန္ဒတွေကို ကျမရဲ့ ခြေထောက်တွေက သယ်ဆောင်သွားခဲ့ပါပြီ။ ဘေးအိမ်ကို အကျိုးအကြောင်း ပြောပြပြီး ကျမတစ်ယောက်တည်း မိဘတွေရှိမယ့် အရပ်ဆီ မှန်းဆ ထွက်ခွာလာခဲ့ပါတယ်။ နေရစ်ပေဦး ချစ်လင်ရယ်။ ကျမ မီးဖွားပြီးမှ သားလေး ဒါမှမဟုတ် သမီးလေးကို ရင်မှာပိုက်လို့ ပြန်လာခဲ့မယ် ချစ်လင်။ အဲဒီနေ့ရက်ကို မျှော်လင့်နေတော့ ခင့်ချစ်လင်။

တစ်ကိုယ်တည်းမို့ အားကငယ် ၊ သို့သော်လည်း အဖော်ပါဆဲလို့ ကိုယ့်ရင်သွေး ငုံ့ကြည့်ရင်း တီးတိုးစကားဆို ဒီလိုနဲ့ ခရီးဆက် ရောက်လုပြီဟဲ့လို့ အားတင်းရင်း တွေ့ပါပြီ ရှေ့နားက ဇရပ်ကလေး၊ အဲဒီ ဇရပ်ကလေး ချစ်လင်နဲ့ ခိုးရာလိုက်ခဲ့တုန်းဆီက တစ်ထောက်နားခဲ့ကြတာ မှတ်မိသေးတာပ ဆိုပြီး ဇရပ်လေးပေါ် ခတ္တခဏ ထိုင်ပြီး နားနေလိုက်ပါတယ်။ အို … မေ့မေ့ရင်သွေးက အငြိမ်မနေ၊ ကစားလို့ နေရော့သလား၊ ဖြည်းဖြည်းဆော့ပါ ရင်သွေးငယ်ရယ်၊ မေ့မေ့ ဗိုက်ထဲက နာလှသကွယ်။ အဲဒီလိုနဲ့ ကျမမှာ ကမ္မဇလာ လှုပ်ခတ်လာတော့ မခံမရပ်နိုင်အောင် ဝေဒနာတွေ ခံစားနေရတဲ့အခိုက်မှာ မိုးပေါ်က သကြားမင်းကြီး မလို့ထင့်။ ကျမရဲ့ လင်တော်မောင် ကျမဆီ အမောတကော ပြေးလာတာကို မြင်တွေ့လိုက်ရပါတယ်။ ကျမ နာကျင်သမျှ လင်တော်မောင်ရဲ့ လက်ကို တအားဆုပ်ကိုင်ရင်း အားအင်တွေ ယူနေမိပါတော့တယ်။ အော် … အဦးမို့ထင့် ခက်လိုက်တဲ့ ဖြစ်ချင်း။ နောက်ဆုံး အူဝဲ .. ဆိုတဲ့ အသံကြားမှ ဝမ်းသာခြင်းတွေက ဟိုး …. မိုးမြင့်ထက်ဆီက ဆင်းကျလာပါတော့တယ်။

မှတ်ချက် ။     ။ အထက်ပါ စာများမှာ ပဋာစာရီ ဝတ္ထုအား စကားပြောဟန်ဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ ထိုထဲတွင် အချို့အချို့သော နေရာများ၌ မှားယွင်းမှုများလည်း ပါကောင်း ပါနိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိန်းမ ဇာတ်ကောင်၏ ဟန်ဖြင့် ရေးသားရခြင်းကြောင့် ဖြစ်ပါ၏။ ဝတ္ထုမှာ အနည်းငယ် ရှည်နေသည့်အတွက် နှစ်ပိုင်းခွဲ၍ တင်ပေးသွားမည် ဖြစ်ပါကြောင်း။ ဖတ်ရှုအားပေးသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း။ ဝေဖန် အကြံပြုခြင်းများကိုလည်း ပြုလုပ်ပေးကြပါရန် တောင်းဆိုအပ်ပါကြောင်း။

ကြိုးစားလျှက် …..
မဟာရာဇာ မောင်အံစာ

14 comments

  • etone

    May 29, 2012 at 10:05 am

    ကိုခြောက်မျက်နှာချင့် … တမီးရဲ့ ပညာပေးဇာတ်လမ်းတစ်ပုဒ်ကို အတွဲလိုက်ရေးခဲ့ဖူးတဲ့ .. ပို့စ်ခေါင်းစဉ်နဲ့ .. တူနေပါတယ်ချင့် … ဟိဟိ … ။

    • မဟာရာဇာ အံစာတုံး

      May 29, 2012 at 10:13 am

      ဒါချို
      သားသား ခေါင်းစဉ်ပြောင်းဖို့ စဉ်းစားလိုက်ဦးမယ်ဂျ …
      အဟီး .. 😀

  • windtalker

    May 29, 2012 at 10:22 am

    မဟာကြီးပြော တဲ့ ပလာစီယာ
    အသာကြည်လာ အထာမပလီပါ
    နှာချေ(ချီ)ကာ ဆာဘီကွာ
    မာတီတာ ဘာဘီပြာ။

  • ကြောင်ဝတုတ်

    May 29, 2012 at 11:13 am

    ဆိုလိုချင်တာက….
    ကလေးတော့မွေးသွားပြီပေါ့နော်….ဟီဟိ

    နောက်တစ်ပိုင်းအတွက်စောင့်နေသူ
    ကြောင်ဝတုတ်

  • Mon Kit

    May 29, 2012 at 2:56 pm

    ခေတ်သစ် မပဋာဇတ်လမ်းပေါ့နော်….
    ဆက်ရေးပါ.. စောင့်မျှော်အားပေးနေပါတယ်.. စိတ်ဝင်စားနေပီ..

    • မဟာရာဇာ အံစာတုံး

      May 29, 2012 at 7:24 pm

      @ကိုပေ
      ဘိုကေ မရှိတဲ့ ကိုကိုပေ
      ပဋာစာရီကို ပလာစီယာလို့ မြင်သူပါလေ ..
      😀

      @ကိုကြောင်ဝတုတ်
      ဟုတ်ကဲ့ …
      အူဝဲလေးတော့ ကလေးမွေးတွားပါဘီ .. 😀
      လာရောက် အားပေးတဲ့အတွက် ကျေးကျေးပါ

      @Mon Kit
      စိတ်ဝင်စားတယ်ဆိုလို့ ..
      နောက်တစ်ပိုင်းအတွက် ရေးရမှာ အားတက်မိတယ်ဗျာ ..
      ကျေးဇူးပါနော့ …

      အားလုံးကိုခင်တဲ့
      အံစာတုံး

  • ဇောက် ထိုး

    May 29, 2012 at 3:12 pm

    ငယ်ငယ်က မေမေက ပြောတယ်။
    မီးကို မကိုင်နဲ့….ပူတတ်တယ်..တဲ့။
    “ဟုတ်ကဲ့”

    မီးကို ကိုင်ကြည့်တယ်….
    ပူလိုက်တာ မေမေရယ်…..
    မေမေက မေးတယ်….
    မှတ်ပြီလားတဲ့….
    “ဟုတ်ကဲ့”

    ကြီးတော့ မေမေက ပြောတယ်။
    အချစ်ကို မရှာနဲ့….
    ပူတတ်တယ် တဲ့။
    “ဟုတ်ကဲ့”

    အချစ်ကိုရှာကြည့်တယ်…
    ပူလိုက်တာ မေမေရယ်….
    မေမေက မေးတယ်…
    မှတ်ပြီးလား…တဲ့။။
    “ဟင့်အင်………”

  • kai

    May 29, 2012 at 4:00 pm

    ပြီးခဲ့တဲ့… တပါတ်ကပဲ.. ညမွေးပန်းသီချင်းစပ်ခဲ့ပါတယ်ဆိုတဲ့.. မြန်မာ့သီချင်းတွေရေးတာမှာနာမယ်ကျော်တဲ့.. ဦးတင်ထွဋ်..အယ်လ်အေမြို့ထဲကအသိအိမ်မှာ.. ရုတ်တရက်လဲကျပြီး ..ဆေးရုံးကားပေါ်မှာတင်.. ကွယ်လွန်သွားတယ်..
    အသက်..၆၅ကျော်.. ၇ဝနားနီးနေပြီထင်တာပဲ..။
    မနေ့တနေ့ကပဲ.. လေဒီခိုင်ရဲ့ ရန်ကုန်အိမ်နားကပ်ရက်နေတဲ့.. အသက်၂ဝမပြည့်သေးတဲ့.. မိန်းကလေးတယောက်လည်း ဆုံးတယ်..
    ရုတ်တရက်ပါပဲ.. ။တလလောက်ကြိုပြီး.. လေးဘက်နာအပြင်းစားရောဂါလိုဖြစ်တယ်ကြားပြီး.. နောက်..ဆုံးသွားတာတဲ့..။

    အင်း..
    ဆရာကြီးမောင်သာရလည်း ၈ဝကျော်.. နှလုံးကို..စက်နဲ့မောင်းပြီးနေရရှာတာ..
    ဟော..
    ဗြုန်းဆို.. သမီးကအရင်.. လောကကြီးထွက်သွားပါပေါ့လား..

    ဆိုတော့…
    လူဘဝဆိုတာ.. ဖြစ်ချင်တာတွေ..ဖြစ်ချင်သလို.. ဖြစ်မယ်..
    သေရင်.. ဘာဖြစ်မလည်း..ဘာမှမသိ..
    မသေခင်.. လုပ်ချင်တာတွေ.. လုပ်နိုင်သမျှ.. လုပ်ခဲ့ကြ…။
    သေပြီးမှ.. ဘာမှလုပ်မရ… :mrgreen:

  • ဗိုက်ကလေး

    May 29, 2012 at 5:41 pm

    ရာဇာအံရေ..
    ငါက အသဲနုသဟ..ဒီအဖြစ်တွေ မသိချင် မဖတ်ချင်ပေမဲ့
    အံအံရဲ့ အနုပညာအစွမ်းတွေ အားပေးချင်သမို ့ ဆက်ဖတ်ပါဦးမယ်ဗျား..
    များများလေး ခံစားပြီးရေးပေးပါ..ဘီအီးများများကစ်..ခံစားချက် ပိုပြင်းတယ်..

    • မဟာရာဇာ အံစာတုံး

      May 29, 2012 at 7:34 pm

      @ဗိုက်ကလေး
      တိုတိုဗိုက် အသည်းက နုသတဲ့ဟ .. 😀
      အသည်းနုတော့ ခံစားချက်ပြင်းတယ် ..
      ဒါအမှန်ပဲ …
      တိုဗိုက် အားပေးမယ်ဆိုလို့ အားရှိသွားပြီဗျား .. ကျေးဇူး ..

      @ဇောက်ထိုး
      အူးဇောက်ထိုးရေ …
      အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်တစ်ခု ဖြစ်ပေမယ့် …
      အမှတ်မရှိတတ်ဘူးပေါ့နော့ …
      လာရောက် အားပေးသွားတာ ကျေးကျေးပါ

      @သဂျီး
      အနော်ကတော့ မသေခင်
      ချာရေးချရာဂျီး လုပ်မယ် …
      အနော့်ရဲ့ စာတွေဂို သဂျီးဒို့ အမေဒိဂန် ရောက်အောင် ဖြန့်မယ် ..
      အဲဂလို လုပ်လိုက်လို့ မွဲသွားခဲ့ရင်လည်း ..
      မသေခင် လုပ်ချင်တာ လုပ်လိုက်လို့ …
      လုပ်သလို ပြန်ခံလိုက်ဦးမယ်လို့လည်း ချိတ်ကူးထားပါတယ် .. 😀

      အားလုံးကိုခင်တဲ့
      အံစာတုံး

  • အလင်းဆက်

    May 29, 2012 at 7:41 pm

    ဖန်တီးမှု အားကောင်း…တယ်..
    အံစာရယ်..။
    ဆက်လက် ဖန်တီးပါဦး..ကွယ်..။

  • “” ကျမ နာကျင်သမျှ လင်တော်မောင်ရဲ့ လက်ကို တအားဆုပ်ကိုင်ရင်း အားအင်တွေ ယူနေမိပါတော့တယ်။
    အော် … အဦးမို့ထင့် ခက်လိုက်တဲ့ ဖြစ်ချင်း။ နောက်ဆုံး အူဝဲ .. ဆိုတဲ့ အသံကြားမှ ဝမ်းသာခြင်းတွေက ဟိုး …
    . မိုးမြင့်ထက်ဆီက ဆင်းကျလာပါတော့တယ်။””

    ဆိုတော့ ကိုအံစာတုံးရေ. လမ်းပေါ်မှာ မွေးချလိုက်ပါရောလား ဟင်။

    • မဟာရာဇာ အံစာတုံး

      May 29, 2012 at 8:35 pm

      @ကိုနာဂ
      ဟုတ်ပါတယ် ကိုနာဂရေ ..
      အဲဒီ လမ်းပေါ်မှာပဲ ကလေး မွေးချလိုက်တာပါ ..
      ဇရပ်ကလေးပေါ်မှာပေါ့ ….

      @ကိုအလင်းဆက်
      ဖန်တီးမှု အားကောင်းတယ်ဆိုလို့
      ဝမ်းသာမိကြောင်းရယ်ပါ ..
      ကျေးဇူးပါဗျာ ..

      ခင်တဲ့ … အံစာတုံး

  • bluerose

    May 30, 2012 at 12:08 pm

    အကိုကြီးအံဇာရေ ဇရပ်ကအကာအရံနဲ့လားဟင်
    လင်တော်မောင်ကလည်းချစ်ရှာသားနော်
    မိန်းမမီးဖွားအမှီအပြေးလေးရောက်လာတယ်
    တော်လိုက်တဲ့လင်တော်မောင်
    ဒုတိယပိုင်းမြန်မြန်ဆက်ပါ
    ဘာလေးမွေးလဲသိချင်လို့
    အားပေးသွားတယ်နော်
    ဦးဦးအံဇာရေ

Leave a Reply