တောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(အေ)မှ ပြင်သစ်အသင်း

khinmintatthuJune 19, 20101min600

၄ နှစ်မှတစ်ကြိမ် ကျင်းပခြင်းဖြစ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို ၂၀၁ဝ တွင် တောင်အာဖရိက နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာတွင် အခုဆိုရင် အုပ်စုအဆင့်ပွဲစဉ်များရဲ့ ဒုတိယမြောက်ပွဲစဉ်များကို ယှဉ်ပြိုင်နေချိန်တွင် အသင်းကြီးများအနေဖြင့် အုပ်စုတက်နိုင်ဖို့အတွက်ကို ကြိုးစားရုန်းကန်နေရ ပြီး ထင်မှတ်မထားသည့် ရလဒ်များထွက်ပေါ်လျက်ရှိနေသည်။

အုပ်စုတစ်ခုချင်းစီကို သုံးသပ်ကြည့်လျင် အုပ်စု (အေ) တွင် ဥရုဂွေး၊ ပြင်သစ်၊ မက္ကဆီကို၊ အိမ်ရှင် တောင်အာဖရိကအသင်းတို့ တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အသင်းကြီးလည်းဖြစ်၊ နာမည်ကြီးအသင်းအဖြစ် ပြင်သစ်အသင်းပါဝင်နေပြီး နှစ်ပွဲကစားပြီးချိန်တွင်မူ အုပ်စုတက်ရေး အတွက် မသေချာသော အခြေအနေနှင့်ရင်ဆိုင်နေရသည်။ အိမ်ရှင်တောင်အာဖရိကအသင်းဆိုရင်လည်း ပြင်သစ်အသင်းနှင့်အတူ  ရမှတ် ၁ မှတ်သာ ရရှိနေပြီး အုပ်စုမှထွက်ရနိုင်ချေအများဆုံးအသင်းဖြစ်နေသည်။ အုပ်စုထိပ်တွင်မူ ဥရုဂွေးအသင်းနှင့် မက္ကဆီကိုအသင်းတို့သည်သာ ရမှတ် ၄ မှတ်ဖြင့် အုပ်စု ပထမနှင့် ဒုတိယနေရာကို အသီးသီးလုယူထားသည်။ ပြင်သစ်အသင်းသည် အုပ်စုပထမပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဥရုဂွေးအသင်းသည် ပြင်သစ်အသင်းကို အသေအကျေ ယှဉ်ပြိုင်ကစားခဲ့ပြီး အဖိုးတန် (၁) မှတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နည်းတူစွာ မက္ကဆီကိုအသင်းသည်လည်း အုပ်စုအဖွင့်ပွဲစဉ်၊ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင်လည်း နောက်ကျချေပဂိုးဖြင့် မက္ကဆီကိုအသင်း အဖိုးတန် (၁) မှတ်ကို ရယူနိုင်ခဲ့သည်။ အုပ်စုဒုတိယပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် ထင်မှတ်မထားတဲ့ ရလဒ်တွေထွက်ပေါ်လာခဲ့တာကတော့ ပြင်သစ်အသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ တဲ့ ပွဲအဖြေကတော့ ပရိသတ်တွေအတွက် ပြောင်းပြန်ရလဒ်ထွက်ပေါ်လာခဲ့တဲ့အထိ ပြင်သစ်အသင်း ညံ့ဖျင်းခဲ့ပါတယ်။ မက္ကဆီကိုအသင်းကသာ ပြင်သစ်အသင်းအပေါ် ခြေစွမ်းပိုင်းရော ကစားကွက်ပိုင်းပါ အသာစီးဖြင့်ယှဉ်ပြိုင်ကစားသွားခဲ့ပြီး နှစ်ပွဲပေါင်း ၄ မှတ်ရရှိကာ အုပ်စုတက်နိုင်ဖို့ အခွင့်အရေးရရှိသွားခဲ့သည်။ ထို့နည်းတူစွာ နှစ်သင်းစလုံး ၁ မှတ်စီရရှိနေတဲ့ အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ဥရုဂွေးအသင်းက ခြေစွမ်းအသာဖြင့် အိမ်ရှင်ပရိသတ်ရှေ့မှောက် တွင် အိမ်ရှင်တောင်အာဖရိကအသင်းကို ၃ ဂိုးပြတ်ဖြင့်  အနိုင်ယူကာ အုပ်စုပထမအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဥရုဂွေးအသင်းသည် ပေးဂိုးတစ်ဂိုးမှ မပေးရသေးဘဲ အုပ်စုကိုဦးဆောင်နိုင်ခဲ့သည်။ ပြင်သစ်အသင်းမှာမူ သွင်းဂိုးပင် တစ်ဂိုးမှ မရရှိသေးပဲ အုပ်စုကနေ ကျောခိုင်းနိုင်ပြီး နောက်ဆုံးလက်ကျန်ပွဲကို တောင်အာဖရိကနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲတွင် ဂိုးကိုရနိုင်သလောက်သွင်းနိုင်မှ သူ့အတွက် တော်ကာကျနိုင်ပေလိမ့် မည်။ ပြင်သစ်အသင်းအနေဖြင့် အိမ်ရှင်တောင်အာဖရိကအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ရင်တောင်မှ ဥရုဂွေးအသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားရမည့်ပွဲကို စောင့်ကြည့်နေရပေဦးမည်။ သူတို့နှစ်သင်းကသာ သရေကစားသွားခဲ့မယ်ဆိုရင် ပြင်သစ်အသင်းအနေဖြင့် အုပ်စုမှ အသာတကြည် ထွက်သွားပေရဦးမည်ဖြစ်သည်။ ပြင်သစ်အသင်းအတွက် ဖြေသာစရာဆိုလို့ မိမိကိုယ်တိုင်ကလည်း အိမ်ရှင်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ဥရုဂွေးအသင်းနှင့် မက္ကဆီကို အသင်းတစ်သင်းသင်းက အနိုင်အရှုံးအဖြေပေါ်မှ အုပ်စုတက်နိုင်ခွင့်ရှိမယ့် အသင်းကြီးတစ်သင်း အဖြစ် မျက်နှာဖော်ရမှာဖြစ်ပါတယ်။ ပြင်သစ်အသင်း၏ အုပ်စုတက်ရေး မတက်ရေးကို နောက်ဆုံးပွဲစဉ်ကို စောင့်မျှော်ကြည့်ရင်း ဥရုဂွေးအသင်းနှင့် မက္ကဆီကိုအသင်းတို့ တစ်သင်းသင်း အနိုင်ရရှိရေးကိုသာ ပြင်သစ်အသင်းပရိသတ်များအနေဖြင့် ဆုတောင်းရုံသာ ရှိပါတော့သည်။