သူရဿဝါနှင့် အင်တာနေရှင်နယ် အဆဲပြိုင်ပွဲ

သူရႆဝါMay 30, 20121min935

(၁)

တစ်နေ့သော် မောင်ဝါဝါ တစ်ယောက် အလုပ်အကိုင် ရှင်းလင်း ခပ်ပျင်းပျင်း ရှိလှသည်နှင့် ကော်နက်ရှင် ချောက်ချက် အင်တာနက် ခေါ်ဆို ဒုတိယ ဘဝပေါ်တွင် လည်ပတ်ဖွေရှာ ကပျာကသီ ဂျလေဘီ လုပ်လျှက်သား ရှိသည်တွင် ထူးဆန်း အံ့ဩ ဖွယ်ရာ သတင်းတစ်ပုဒ် ထုတ်နှုတ် ဖတ်ရှုရလေသည် ဖြစ်သောဟူ၏။ ၎င်းသတင်းကို သေချာစေ့ငု ဖတ်ရှုကြည့်သည် ရှိသော် …

“ယနေ့ခေတ် အခါသည်ကား ကမ္ဘာတစ်လွှား လူအများတို့ ထူးထွေဆန်းပြား စိတ်ကစား၍ ပြိုင်ပွဲပေါင်းစုံ အဖုံဖုံကို ပေါက်ပေါက်ရှာရှာ ကျင်းပလာသည် ဖြစ်ရာ ယခု ကျင်းပမည့် ပြိုင်ပွဲ သည်လည်း ၎င်းတို့အထဲမှ တစ်ခုပင် ဖြစ်သည့် ထူးဆန်းဖွယ်ရာ ပြိုင်ပွဲမဟာကြီး တစ်ခုပင် ဖြစ်လေသည်။ အဘယ် ပြိုင်ပွဲနည်း ဟူမူ လူသားစား လူရိုင်းများ ကျင်လည် ကျက်စား တန်ခိုးထွား ကြသည့် အာဖရိက တောတွင်း တစ်နေရာ၌ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနွှဲနိုင်မည့် အပြည်ပြည် ဆိုင်ရာ နိုင်ငံတကာ အင်တာနေရှင်နယ် အဆဲပြိုင်ပွဲကြီး ဖြစ်တော့ သကိုး။

ထို့ကြောင့် မြန်မာ နိုင်ငံမှလည်း ဝင်ရောက် ယှဉ်ပြိုင် အနိုင်ကြဲရန် တစ်နေရာစာ စာရင်းပါရှိသည် ဖြစ်သဖြင့် ၎င်း အင်တာနေရှင်နယ် အဆဲပြိုင်ပွဲကြီး၏ နောက်ဆုံး အဆင့်၌ ဝင်ရောက် ဆဲဆို ယှဉ်ပြိုင်နိုင်ရန် အလို့ငှာ အာရှဇုန် လေစစ်ပွဲ (ဟုတ်တယ်လေ .. ဘောလုံး ကန်တာကျ ခြေစစ်ပွဲ၊ အခုက ပါးစပ်နဲ့ ဆဲရမှာ ဆိုတော့ လေစစ်ပွဲပေါ့) ကျင်းပမည် ဖြစ်ပါ၍ အာရှဇုန်ရှိ မိုက်ရိုင်း ဝင့်ထန် အဆဲသန် သူများနှင့် အပြိုင် ဆဲဆို ပြိုင်ပွဲဝင် လိုသူများ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနှင့် လက်ငင်းချက်ချင်း စာရင်းပေးသွင်း နိုင်ကြပြီ ဖြစ်ကြောင်း သတင်းကောင်း” ဟူသတည်း။

သတင်း ဖတ်၍ ပြီးသည့်အဆုံး ခပ်ပြုံးပြုံးနှင့် မောင်ဝါဝါ တစ်ယောက် ထိုပြိုင်ပွဲသို့ စိတ်ရောက်သည် ဖြစ်လေ၏။ သို့သော်လည်း ခက်နေသည်မှာ မောင်ဝါဝါ သည်ကား ဗိုင်းကောင်း ကျောက်ဖိ မိကောင်း ဖကောင်း မျိုးကောင်း ဆွေကောင်း ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသူ ဖြစ်သဖြင့် မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုရန် မဆိုထားဘိ၊ ပကတိ ယဉ်ကျေးသူ ဖြစ်လေရာ ထိုပြိုင်ပွဲကို အဆင့်အတန်းမီမီ ဝင်ရောက် ယှဉ်ပြိုင်ရန် လွန်စွာမှ အခက်တွေ့သည် ဖြစ်လေ၏။ သို့သော် ထိုသို့ အထူးအဆန်း ပရမ်းပတာ များကို ပြုလုပ်ရန် စိတ်အား ထက်သန်လေ့ ရှိသူ ဖြစ်သည့် အတိုင်း မည်သို့ မည်ပုံ ပြုလုပ်ရမည်ကို ဉာဏ်နီ ဉာဏ်နက် ဉာဏ်ကလက်၍ အချိန်ပြည့် စဉ်းစား တွေးတော နေလေ၏။

ထိ်ုသို့ စဉ်းစားလျက် ရှိလျက်သားတွင် အဘ ဥက္ကာကိုကို ဟူသည့် လွန်စွာမှ ရုန့်ရင်းကြမ်းတမ်း ဆဲဆိုရမ်းသော သတင်းထောက် ငတိမှာ ဖျတ်ခနဲ အာရုံထဲ ပေါ်လာသည် ဖြစ်လေ၏။ သို့ဖြင့် မောင်ဝါဝါ၏ အပေါင်းအသင်း ရောင်းရင်း ဖြစ်သည့် အနှီ သတင်းထောက် အဘဥက္ကာ ငတိကို ဆက်သွယ် မိလေ၏။

(၂)

“ဟေ့ကောင် … အဘ”

“ဟေလကွာ”

“မင်းအခုလို မိုက်ရိုင်း နှုတ်ကြမ်း ရမ်းကား ဆဲဆို တတ်လာအောင် ဘယ်လိုများ ကျင့်သတုန်း”

“အောင်မာ … လွယ်လွယ်လေးရယ်၊ တစ်ရက်လောက် မြို့ထဲမှာသာ လျှောက်သွားကြည့် မိုက်ရိုင်းချင်စိတ်များ တဖွားဖွား ဖြစ်လာ ပေလိမ့်မယ်”

“အလို … ဘာများ ဆိုင်သတုန်း၊ မြို့ထဲလျှောက်လိမ့် နေတာနဲ့ မိုက်ရိုင်း လာတာနဲ့”

“မယုံ စမ်းကြည့်ပေါ့လကွ၊ အဲ .. တစ်ခု သတိထားဦး၊ မြို့ထဲ ရောက်တော့ လမ်းကို သေချာ ကူးနော်၊ အခု မျဉ်းကျားက မကူးသူများ ရဲတွေက မဟားဒယား ဖမ်းနေသည် ဆိုသကွဲ့”

“အေးပါကွာ … ငါ့များ မလည်ဘူးမှတ်လို့”

(၃)

သို့နှင့် သားလှ ရတနာ မောင်ဝါဝါမှာ မနေသာ။ အိမ်မှ နေ၍ ရန်ကုန် မြို့လယ်သို့ ယောင်ပေပေ လျှောက်ရ လေ၏။ မြို့ထဲ ရောက်သော် မဟာ ဗန္ဓုလ ပန်းခြံလမ်း ထောင့်မှ နေ၍ ဟိုတစ်ဖက်လမ်း ဧမာနွေလ ဖက်ခြမ်းသို့ ကူးသန်းရန် အကြံရှိ လေသည်။ အဘ ငတိ ဥက္ကာ တဖွဖွ တရွရွ မှာကြား ထားသည့် အတိုင်း ဘလိုင်းကြီး ကူးလျှင် အဖမ်း ခံရမည် စိုးသဖြင့် လူကူး မျဉ်းကြားမှ လွှားကနဲ ကူးမိသည် ဖြစ်လေသည့် အခိုက်အတန့် ရောက်သည်တွင် ..

“တီ … တီ … တီ”

“သူတောင်းစားလေး သေသွားချင်လို့လားဟေ” ဟူသော အသံနက်ကြီးဖြင့် မောင်ဝါဝါ့ ရှေ့တည့်တည့် မနွဲ့စတမ်း အဝင်ကြမ်းသော ကားတစ်စီးကို တွေ့လေ၏။ ဘုရား အကြိမ်ကြိမ် တ၍ ထိတ်လန့် တုန်လှုပ် “ဟုတ်ကဲ့ ခင်ဗျ” ဟုဆိုကာ အနောက်သို့ ပြန်ဆုတ် ပေးရလေ၏။ အနည်းငယ် ကားရှင်းတော့ နောက်တစ်ကြိမ် လမ်းကူးမည် ပြုသည်တွင်

“တီ .. တီ … တီ”

“ခွေးနွား နှမပေး … ဝေးဝေးက ရှောင်စမ်း .. မသာပေါ်ချင်သလား” ဟူ၍ မျဉ်းကြားကိုဖြတ် တရစပ် ပြေးဝင် လာသော တက္ကစီ တစ်စီးနှင့် တိုးရပြန် လေ၏။ အော် .. လမ်းကလေး တစ်ခါ ကူးမိတာ၊ ခွေးဖြစ်လိုက် နွားဖြစ်လိုက်၊ ဒီကြားထဲ လမ်းဖြတ်ကူးဖို့ ကြိုးစားမိတာနဲ့ ကိုယ့်နှမလေးပါ သူ့ကို အဆစ်ပေးရမည့်ပုံ။ စိတ်ကို လျှော့၍ နောက်ကို သော့ရ ပြန်လေ၏။ ဒီအတိုင်းတော့ ဘယ်ရမလဲ .. ယောကျာ်းတို့ဇွဲ သေခါမှ လျှော့မဟဲ့ဟု ကြံကာ ထပ်မံ စိတ်တင်း မျဉ်းကြားကို နင်းသည်တွင်

“တီ .. တီ .. တီ”

“မဆိုင်သူ အနားမကပ်နဲ့ဟေ့ .. ဟဲ့ကား၊ အောင်မာ .. ကာလနာလေး ပြောထားတဲ့ ကြားထဲက မဖယ်ဘူးလား … နာရေး ကူညီမှုကို ဖုန်းဆက် လိုက်ရမလားဟေ့” ဟူသော အသံဝါကြီးဖြင့် အထူးကား တစ်စီးမှ စပယ်ယာမှာ ဘတ်စ်ကား လူဝင်ပေါက်မှ ခြေထောက် တစ်ဖက်၊ လက်တစ်ဖက်၊ ခေါင်းတစ်ဝက် ထွက်ကာ ဆဲဆိုလာ ပြန်သည် ဖြစ်လေ၏။ သို့ဖြင့် မောင်ဝါဝါ မျဉ်းကြားမှ စနစ်တကျ လမ်းကူးမည် ပြုလိုက် “ဟဲ့ခွေး” အသံ ပေါ်လာလိုက်၊ ကူးမည်ပြုလိုက် “သေချင်းဆိုး” အသံ ပေါ်လာလိုက်၊ ကူးမည်ပြုလိုက် “မအေ နှမ ယောက္ခမပေး” အသံ ပေါ်လာလိုက်နှင့် ညနေစောင်း လေ၏။

(၄)

ပညာရှိ ငတိ ဥက္ကာ၏ အမျှော်အမြင် ကြီးထွားမှုအား မောင်ဝါဝါ လက်ခံ ရလေပြီ။ သူပြောသလို မြို့ထဲပင် မနှံ့သေး။ လူကူး မျဉ်းကြား တစ်ခုထဲ ကူးရန် ကြံသည်တွင် “သုံးရာ လေးဆယ့် ခြောက်ခါ တိတိ” အဆဲခံမိပြီ ဖြစ်လေ၏။ သို့နှင့် နိဂုံးကမ္ပတ် အဆုံးသတ်သော် အင်တာနေရှင်နယ် အဆဲပြိုင်ပွဲ၏ အာရှဇုန် လေစစ်ပွဲ အတွက် သုံးလေးငါးရက် မြို့ထဲ ထွက်သည်တွင် ဆဲနည်း ဆိုနည်း နိသရည်းပေါင်း “နှစ်သောင်းကျော်” နှုတ်ဝယ် ပိုင်ပိုင် ရရှိနိုင်သည် ဖြစ်သဖြင့် တကယ်တမ်း အာရှဇုန် လေစစ်ပွဲ ကျင်းပရာတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မောင်ဝါဝါမှာ ကျန်နိုင်ငံ များထက် အပြတ်အသတ် သာလွန်ကာ စံချိန်ချိုး၍ မိုးမွှန်အောင် ဆဲဆို ကြိမ်းဝါး အနိုင်ရရှိ သွားသည် ဖြစ်လေတော့ သတည်း။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 36 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)

သူရဿဝါ

၃ဝ – မေ – ၂၀၁၂

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 30, 2012 at 6:33 pm

    ဆဲတယ်ဆိုတဲ့ဇဂါးလုံးဒွေကြားရရင် ကျုပ် မျက်ခုံးလှုပ်ဒယ်
    (ဟုတ်တယ်လေ .. ဘောလုံး ကန်တာကျ ခြေစစ်ပွဲ၊ အခုက ပါးစပ်နဲ့ ဆဲရမှာ ဆိုတော့ လေစစ်ပွဲပေါ့)
    ဆြာကြီးသူရဿဝါ လောကကြီးထဲရောင်လည်လည်ကျန်ခဲ့ဘီဒဂါး
    အိုဆြာကြီး သူရဿဝါ လောကကြီးကိုချက်လော
    ယနေ့လူသားတို့သည် ဘောလုံးကို လက်ဖြင့်ကန်နေကြကုန်လေ၏
    Game !!!!!!!!!!!!!

  • Thel Nu Aye

    May 30, 2012 at 6:50 pm

    အင်းဒါဒို့ မြန်မာကွ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာချန်ပီယံပဲရရ ဂုဏ်ယူပါ၏။ ဟေ့ ဒို့မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ

  • ကမ္ဘာ့ဂင်းနစ် စံချိန်ထဲတွင် မြန်မာပြည်မှ ထပ်မံဆွတ်ခူးသွားပါကြောင်း။
    ကိုသူရဿဝါရေ. ဥက္ကာကိုကို(သံတွဲသား)ကိုပြောပေးပါ။ရွာထဲဝင်ကြည့်
    ပါအုံးလို ့။သံတွဲက လူ ့မိစ္ဆာတချို ့ဇာတ်ပြနေလို ့။

  • windtalker

    May 30, 2012 at 9:48 pm

    တော်ရုံတန်ရုံ မဆဲတတ်တဲ့ယောက်ျားတွေတောင် ဘောလုံးပွဲကြည့်ရင် ဆဲကုန်ကြတာကလား ။ ရန်ကုန်ရောက်ရင်တော့ အဆဲမခံရဖို ့အရေး ကိုဝါဝါ ရေးထားတဲ့အဖြစ်လေးတွေ သတိထားမှ ။

Leave a Reply