ဆေးသောက်ဆေးစား မမှားရအောင်

အခုခေတ်ရောဂါတွေလည်း များလာသလို ဆေးတွေလည်း စုံနေတယ်။

ငယ်ငယ်တုံးကဆေးသောက်ခါနီးဆို အစာစားပြီးမှသောက် အစာစားပြီးပြီလား လို့လူကြီးတွေသတိပေးခဲ့ ကြတယ်။အခုကြီးလာလို့ စာတွေဖတ်တော့မှသိလာရပြီး အစာစားပြီးသောက်ရတဲ့ဆေး အစာမစားမီ သောက်ရတဲ့ဆေးနဲ့ ဆေးသောက်ပုံတွေကို ဗဟုသုတသိအောင် ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာစုထဲက ပြန်ရေးပြပါရစေ။

တချို့ဆေးတွေက အစာမစားမီ သောက်ရပါတယ်။ အစာမစားမှီ သောက်ရတဲ့ဆေးဆိုရင် အစာတစ်ခုခု မစားမီ နာရီဝက်အလိုဆိုတာ သိထားရပါ့မယ်။ အစာမစားမီ အနေအထားမှာ အစာအိမ်ဟောင်းလောင်း အနေအထားမို့ဆေးဟာအစာအိမ်ထဲရောက်တဲ့အခါ အားပျော့စရာ အကြောင်းမရှိလို့ ပိုထိရောက်ပါတယ်၊ ဥပမာ- အူလမ်းကြောင်းကူးဆက်ရောဂါကုသဆေး၊၀မ်းပိတ်ဆေး၊သည်းခြေဆေး၊ကျောက်ပျော်ဆေး၊ အစာအိမ်အနာအတွက် အချဉ်ဓာတ်ထိန်းဆေး စသည့်ဆေးများဖြစ်ပါတယ်။

တချို့ဆေးတွေက အစာစားပြီးသောက်ရပါတယ်၊ အစာစားပြီးသောက်ရတဲ့ဆေးတွေကို အစာစားပြီး ၁၅-၃၀ မိနစ် အတွင်းသောက်သင့်ပါတယ်။ အစာစားပြီးတာနဲ့ တပြိုင်နက်မသောက်သင့်သလို၊ ဆေးသောက်ဖို့သတိရတဲ့ အစာစားပြီး ၁ နာရီ ၂ နာရီ ကြာမှ သောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ အစာစားပြီး ဆေးသောက်ရတဲ့ ရည်ရွယ်ချက်က ဒီဆေးတွေက အစာအိမ်နံရံကို ထိခိုက်နိုင်လို့ ဆေးနဲ့အစာအိမ်နံရံတိုက်ရိုက်မထိခိုက်အောင် အစာအရင်စားစေတာဖြစ်ပါတယ်။ ဒီဆေးတွေကို အစာမရှိဘဲစားရင် ပျို့ အန် တာတို့၊ အစာအိမ်မအီမသာ တာတို့ ၊ အစာအိမ်အောင့်တာတို့ အခန့်မသင့်ရင် အစာအိမ် သွေးထွက်တာထိဖြစ်တတ်ပါတယ်။ ဆေးအများစုဟာ အစာစားပြီးမှ သောက်ရတာများပါတယ်။

တချို့ဆေးတွေကျတော့ ထမင်းစားရင်း အတူသောက်ရတာမျိုးပါ။ ထမင်းနဲ့အတူစားရတာက ဆေးနဲ့အစာ တိုက်ရိုက်ထိတွေ့ပေါင်းစပ်ပြီး အကျိုးသက်ရောက်စေချင်တာဖြစ်ပါတယ်။ ဥပမာ- အစာစားလိုစိတ် ပြင်းပြဖို့နဲ့ အစာကြေဖို့ သောက်ရတဲ့ဆေးမျိုး၊ အူလမ်းကြောင်းထိပါးနိုင်တဲ့ဆေးမျိုး တွေဖြစ်ပါတယ်။

နောက်ပြီး ဆေးစား ဆေးသောက်ရင် ရေကျက်အေး(သို့မဟုတ်)ရေအေး နဲ့ဘဲသောက်သင့်ပါတယ်။ ရေမသုံးဘဲ တံတွေးနဲ့မျိုမချသင့်ပါဘူး၊  ဆေးပြားအခြောက်တွေကို ရေမပါဘဲသောက်ရင် အစာပြွန်အမြှေးပါးကို ထိပါးလှိုက်စားပြီး ရောင်ရမ်းတာ၊ သွေးထွက်တာ ၊ အစာအိမ်အနာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ဆေးကို လဘက်ခြောက်ခပ်ထာတဲ့ ရေနွေးကြမ်း၊ နွားနို့ ၊ သစ်သီးဖျော်ရည် တို့နှင့်လည်း မသောက်သင့်ပါဘူး၊ လက်ဖက်ခြောက် အဖန်ရည်မှာ Tannic Acid အများအပြားပါတာကြောင့် တစ်ချို့ထဲက Alkaloid နဲ့ဓာတ်ပြုပြီး ဆေးအာနိသင်အပိုင်းကိုထိခိုက်နိုင်ပါတယ်။ နွားနို့မှာ ပရိုတင်းဓာတ်တွေနဲ့ ဖက်တီအက်စစ်တွေပါတာမို့ ဆေးကို အစာအိမ်နဲ့ အူနံရံတို့က စုတ်ယူတဲ့အခါမှာ အခက်အခဲဖြစ်စေပါလိမ့်မယ်၊ သစ်သီးဖျော်ရည် ထဲမှာ အက်ဆစ်ဓါတ်တွေပါနိုင်တာမို့ ဆေးနဲ့တွေ့ရင် ဆေးအာနိသင်ဓါတ်ပျယ်မှု့ဖြစ်နိုင်မှာပါ။ ဒါကြောင့်ဆေးသောက်ရင် ရေကျက်အေး (သို့မဟုတ်) ရေအေးနဲ့ သောက်တာ အသင့်လျှော်ဆုံးပါ။

တချို့ဆေးတွေက ဆေးသောက်ရင် ရေများများသောက်ပေးရတာမျိုးရှိတတ်ပါတယ်၊ ဆာဖာအုပ်စုဆေးတွေနဲ့ ကျောက်ပျော်ဆေးတွေမှာ ဖြစ်ပါတယ်။

ဒါကြောင့်ဆေးစားဆေးသောက်ရာမှာ ဆရာဝန်ညွှန်းကြားတဲ့ အတိုင်း သေချာသောက်ပေးကြဖို့နဲ့ အလွယ်တကူ မိမိသဘောဆန္ဒနှင့်ဝယ်ပြီးသောက်သုံးနေတာမျိုး မပြုလုပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

လူတိုင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..