ဒီနေ့ ဒီအချိန်နဲ့ ကြည့်လျှင် ကျွန်မပြောပြမယ့် အကြောင်းရာလေးက ကြားရသူအတွက် အထူးဆန်းမဟုတ်ပေမယ့် ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နဲ့ နှိုင်းလျှင်တော့ ၊ သူများကိစ္စကိုယ့်ကိစ္စလိုသဘောထားတတ်တဲ့ ကျွန်မတို့ လူမျိုးများအကြားမှာတော့ အလွန်နားကြားပြင်းကပ်စရာသတင်းမျိုး၊ လူတိုင်းအော့နှလုံးနာစရာ သတင်းမျိုး ဖြစ်မယ်ထင်တယ်နော် ။

သူများအကြောင်းရေးပြန်လျှင်လည်း ဒေါကန်ကြဦးမှာ မြင်ယောင်လို့ ရေငုံနှုတ်ပိတ် ၊ မသိသလို မျက်နှာလွှဲနေလိုက်ပေမယ့် မမြင်ချင်မှ အဆုံး ၊ ခဏခဏ မြင်ကွင်းထဲရောက်လာတဲ့ အဖြစ်ရယ်ကြောင့်  ၊ အတင်းပဲဖြစ်ဖြစ် ၊ သတင်းပဲဖြစ်ဖြစ် ၊ ဖြစ်ချင်တာဖြစ် ပြောတော့မယ်ဗျို့ … အဟီး  :D

<b>နွားအို မြက်နုကြိုက်</b>ဆိုတဲ့ စကားပုံရဲ့ အဓိပ္ပါယ်ကို အတော်များများ နားလည်ကြမှာပါနော်  ။ ဒီလိုပါပဲ ဇရာအိုနဲ့ ကညာဗျို ဇာတ်ကားကိုလည်း ကြည့်ဖူးကြမှာပါပဲ ။ အသက်ကြီးသူနဲ့ အသက်ငယ်သူ ချစ်ကြိုက်တာပဲဖြစ်ဖြစ် ၊ ပေါင်းဖက်တာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို  … အနည်းနဲ့ အများတော့ ခံရစမြဲပေါ့ … (ဒါမြန်မာပြည်ကိုး ဟီး  :P ) ဒါပေမယ့်လည်း …ကာယကံရှင်တွေကတော့ <b>ကြီးလျှင်မှီ ငယ်လျှင်ချီ</b>ဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး ကိုယ့်ထမင်းကိုယ်စား ၊ ကိုယ့်သဘောကိုယ်ဆောင် နေကြပြန်ရဲ့ …. ၊ ကျွန်မဒီလောက် စကားဦးတွေ သန်းနေတာ ပြောမယ့် အတင်း ..အဲ အကြောင်းကတော့ … အသက်ရွယ်ကွာခြားလွန်းသူ နှစ်ယောက်ရဲ့ အကြောင်းဆိုတာ ၊ ရွာသူရွာသားတို့ ရိပ်မိလောက်ပြီထင်ပါရဲ့နော် ။ ဟုတ်ပါတယ် …. ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် … အသက်ကြီးနဲ့ ငယ်လွန်းသူ အိမ်ထောင်ပြုတာထက်  ….  တရိတ်ရိတ်ပြောင်းလဲလာတဲ့ … မိန်းမတို့ရဲ့လူနေမှုစရိုက်နဲ့ စိတ်ဓါတ်ခံယူချက်တွေ ပြောင်းလဲလာတာကို သိသာစေချင်တဲ့ စိတ်နဲ့ ဒီပို့စ်ကို ရေးလိုက်ပါတယ် ။ (မှားတာချိလျှင် ၀န္ဒာမိပါချင့် ဟိ :P )

 

ကျွန်မတို့နဲ့ ဆွေမျိုးမကင်းသူလို့ပဲ ပြောရမလား ၊ ရပ်ဆွေရပ်မျိုးလို့ပဲ စပ်သလား ၊ ဘယ်လို စပ်ရမှန်း မသိတဲ့လူ အသက်လေးဆယ်ကျော် ငါးဆယ်နားကပ်နေတယ် ဒုဗိုလ်မှုကြီးတစ်ယောက်က ဆယ်တန်းတောင် မဖြေရသေးတဲ့ကလေးမလေးကို ယူလိုက်ခြင်းပါ ။

အဲ့ဒီသတင်းကို ကြားကြားချင်း ကျွန်မလည်း ကိုယ့်နားကိုယ်မယုံနိုင်အောင်ဖြစ်ရပါတယ် ။ မိသားစုအပေါ် သံယောဇဉ်ကြီးသူတစ်ယောက်လည်း ဖြစ် ၊ စစ်တပ်ထဲ ရာထူးကြီးသူတစ်ယောက်လည်းဖြစ်တဲ့အပြင် ၊ ဘာသာတရားဘက်မှာရော ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုဘက်မှာရော အပြစ်ပြောစရာမရှိတဲ့ လူမျိုးက ဒီလို ကိစ္စတွေ လုပ်တယ်ဆိုတော့ လူတွေ ဘာစိတ်ပေါက်ကုန်ပြီလဲလို့ …. ယောင်ယောင်တမ်းတမ်းဖြစ်မိပါတယ် ။ အမျိုးသားက အသက်လေးဆယ်ကျော် ငါးဆယ်နားကပ်နေပါပြီ ။ ဗိုလ်ဘ၀ကတည်းက လက်ထပ်ပေါင်းသင်းခဲ့တဲ့ မိန်းမ နဲ့ တစ်ဦးတည်းသော သားကို ကွာပြီး ၊ ဆယ်တန်းတောင် မတတ်ရသေးတဲ့ ကလေးမလေးနဲ့ ယူလိုက်သတဲ့လေ ။အဲ့ဒီမိန်းကလေးဟာ သူ့သားထက်တောင် တနှစ်လောက်ငယ်နေပါသေးတယ် ….  ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ ။ မသတီစရာကောင်းပေမယ့် ….  ကျွန်မတို့ကန့်ကွက်ခွင့်မရှိသလို ၊ ဆိုင်လည်းမဆိုင်ပါဘူး ။ ဒါပေမယ့် လူ့စိတ်ဆိုတာကလည်း ခက်သားလားရယ် ၊ ကိုယ်နဲ့ မဆိုင်တာကိုမှ စပ်စုချင်မိတယ် ၊ အထူးသဖြင့် ဘယ်လို စိတ်မျိုးနဲ့ ဒီလိုဖြစ်ပျက်ကုန်တယ်ဆိုတာ စူးစမ်းချင်မိပါတယ် ။

 

မရှိမရှားအရာရှိဘ၀တုန်းကတော့ မိန်းမဖြစ်သူမှာ ပင်ပန်းလိုက်တာလည်း လွန်ပါရော ၊ တပ်ကိစ္စလုပ်ရ ဖက်ထိတ်တွေလည်း လုပ်ရ ၊ ယောကျာ်းလည်း ပြုစုရ ၊ ဒါ့ပြင် အထက်လူကြီးရဲ့ မိန်းမက လက်တိုလက်တောင်းခိုင်းတာလည်း သွားလုပ်ရနဲ့ ဒါပေမယ့်လည်း ငယ်ချစ်တွေဆိုတော့ အမျိုးသမီးက သည်းခံရှာပါတယ် ။ တပ်ထဲမှာတင်မကဘူး မိဘဆွေမျိုးများရော၊ပတ်ဝန်းကျင်ကလူတန်းစားစုံ အကြားမှာပါ အပေါင်းသင်းပြေပြစ်သူအဖြစ် နာမည်ရခဲ့ပါတယ် ။ သူတို့မှာ သားလေးထွန်းကားတော့ တစ်ဦးတည်းသောသားမို့ ငုံထားမတတ်ချစ်ခဲ့ကြတယ် ။တဖြည်းဖြည့်းရာထူးတွေလည်း အဆင့်ဆင့်တက်ခဲ့ပြီး မိန်းမကလည်း အနေထိုင်ကျစ်လစ်ကာ ၊စုဆောင်းတတ်တာကြောင့်  ရွှေပေါ်မြတင် အနေထားမျိုးဖြစ်လာပါတော့တယ် ။ <b> မိန်းမတွေက ဆင်းရဲလွန်းတဲ့ ဒဏ်ကို မခံနိုင်ဘူး ၊ ယောကျာ်းတွေက ချမ်းသာလွန်တဲ့ ဒဏ်ကို မခံနိုင်ဘူး </b>ဆိုတာ အဟုတ်ပါပဲ …. ။ ရာထူးကလည်းကြီးလာ ၊ စုဆောင်းမှုကလည်း ရှိလာတော့ .. ပိုင်ဆိုင်မှုတစ်ခုကို ရလာတဲ့ အချိန်မှာတော့ ယောကျာ်းဖြစ်သူက ခြေလှမ်းတွေ စပျက်ပါပြီ ။ မိန်းမကလည်း အယုံလွယ်ပြီး သူများစကားနားမယောင်ခဲ့ပါဘူး ။ ဒါပေမယ့် …ကျားကြီးလျှင် ခြေရာကြီးတယ်ဆိုတဲ့ အတိုင်း အဲ့ဒီအချိန်မှာ မိန်းမဖြစ်သူကလည်း အသုံးဖြုန်းခုံမင်လာခဲ့ပြန်တယ်လေ … ။ သားဖြစ်သူကလည်း .. တယောက်တည်းမို့ ထင်တိုင်းသုံးဖြုန်းနေတော့တာပေါ့ ၊ သိပ်မကြာခင်မှာပဲ အဲ့ဒီအရာရှိ အမျိုးသားကြီးက သူ့သားထက်ငယ်တဲ့ မိန်းကလေးရဲ့ ပတ်ချွဲနပ်ချွဲနောက်ကို ပါသွားပြီး မိန်းမကိုလည်း လျှော်ကြေးပေး ကွာရှင်းလိုက်တယ် … အခုဆို အိမ်တစ်ဆောင် မီးတပြောင်နဲ့ကို ပေါ်တင်ယူထားတဲ့ အထိဖြစ်နေပါပြီ ။ ကောင်မလေးကိုလည်း လိုလေသေးမရှိ ပြည့်စုံအောင်ထားပါလျှက် …  ရွယ်တူလေးတွေနဲ့ … ကြိတ်ပုန်းခုတ်သံတွေလည်း ကြားရပါသေးတယ် ။ လည်လွန်းတဲ့ဘီး ဘာသင့်သလဲတော့ မပြောတတ်တော့ပါဘူး ။

 

ဒီခေတ်မှာ အများစုက အိမ်ထောင်ရေးကို စီးပွားရေးသလို တွက်ချက်ယူရတယ် … အထူးသဖြင့် ငယ်တုန်းရွယ်တုန်း အရွယ်ကောင်းတဲ့ အချိန်တွေမှာပေါ့ ။ တွက်ချက်ယူရတာကို လက်ခံပါတယ် … ဒီခေတ်မှာ ထမင်းရည်အတူလျှက်ရလျှက်ရ ၊ တဲအိုပျက်မှာ နေရနေရ ဆိုတာတွေက ရှိမှမရှိတော့ပဲ … စားဝတ်နေရေးအတွက် ဖူလုံတဲ့ အလယ်လတ်တန်းစားပိုင်ဆိုင်မှုလောက်တော့ရျှိသင့်တာ လက်ခံပါတယ် …ဒါပေမယ့် … အိမ်ထောင်ရေးဆိုတာထက် သူ့နောက်ကွယ်က ဥစ္စာဓနကို မက်မောတွယ်တာမှုများလွန်းလျှင် ကိုယ့်ကိုယ်ကို ရောင်းစားသလို ဖြစ်သွားတယ်ဆိုတာကို သတိမရတတ်ကြဘူး ။ အခုအဖြစ်ကိုပဲကြည့် ချက်ချင်းလက်ငင်း ကတော်နေရာရောက်သွားပြီ ၊ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုင်ခွင့်ရှိသွားပြီဆိုပေမယ့် ….. မိမိရဲ့ ဂုဏ်သိက္ခာနဲ့ သူများယောကျာ်းကိုကြောင်တောင်နှိုက်တဲ့ ကိုယ်ကျင့်တရားကတော့ … သွက်သွက်ခါအောင်ကို လွင့်စင်သွားပြီ ။မချစ်မနှစ်သက်ပဲ ငွေကြေးမက်မောမှုကြောင့် အိမ်ထောင်ပြုလိုက်ရလျှင် …. အနားမှာရှိနေရတဲ့အချိန်တွေက … သာယာတဲ့ ဘ၀တစ်ခုဖြစ်ချင်မှ ဖြစ်လိမ့်မယ် … ရှင်လျက်နဲ့ သေနေရတဲ့ ဘ၀မျိုးလည်း ဖြစ်လာနိုင်တာမို့ … အချစ်မပါ ၊ သံယောဇဉ်မရှိပဲ …ကိုယ့်ကိုယ်ကို ငွေနဲ့ လဲပြီး အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးလေးတွေ  လျော့နည်းပျောက်ကွယ်ပါစေတော့လို့ပဲ ဆုတောင်းမိပါတော့တယ် … ။

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!