တိမ်ယံသစ္စာ အပိုင်း ( ၂ )

alinsettJune 2, 20121min19312

အလီသည် သူ၏အရိုးပေါ်အရေတင် ခြေထောက်ကို စက်ဝိုင်း
သဏ္ဍာန်ဝိုက်၍ယူကာ ခြေထောက်ချလိုက်တိုင်း ခန္ဓာတစ်ကိုယ်လုံး ညာဘက်သို့
ယိမ်းသွားပုံသည် မယုံနိုင်လောက်စရာပင်။ ဟပ်ထိုးလဲမကျသည်က ပဉ္စလက်
အသေးစားပင်ဖြစ်နေသည်။ သူ့အတိုင်း ကျွန်တော်ကြိုးစားလျှောက်ရာ မြောင်းထဲ
ထိုးဆင်းတော့မလိုဖြစ်ပြီး ကိုယ့်ဖာသာ တခစ်ခစ်နှင့်ရယ်ရသည်။ အလီက
ကျွန်တော့် ကိုလှည့်အကြည့် ကျွန်တော်တုပသည်နှင့်
ပက်ပင်းတိုးသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြော။ ထိုစဉ်က
ဘာမှမပြောဆိုခဲ့သလို နောင်ဘယ်တော့မှလည်း မပြောခဲ့ချေ။
ဆက်သာလျှောက်နေခဲ့သည်။
အလီ့မျက်နှာသွင်ပြင်နှင့် လမ်းလျှောက်ပုံကြောင့် နီးပါးဝန်းကျင်မှ ကလေး
ငယ်များ အလီ့ဆိုလျှင်ကြောက်ကြသည်။
________________________________________


…………………..ခပ်ကြီးကြီးကောင်လေးများကား တကယ့်

ပြဿနာ။ လမ်းပေါ် အလီ့ကိုတွေ့သည်နှင့် လိုက်ကြသည်။ အလီ ဖယ်ယမ်းဖယ်ယမ်း

လမ်းလျှောက်ပုံကို ပြောင်ကြသည်။ တချို့ကောင်လေးများက အလီ့ကို ”ဟေး

ဘာဘာလူ၊ ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ” ဟု ဟစ်လိုက်သည်နှင့် အားလုံး

ဝါးခနဲဝိုင်းရယ်ကြသည်။

”ဘယ်သူ့ကိုစားလဲ။ နှာပြားကြီး ဘာဘာလူ”

‘နှာပြား’ ဟုခေါ်သည့်အကြောင်းမှာ အလီနှင့် ဟက်ဆန်တို့၏ ထူးခြားသော

ဟာဇာရာ-မွန်ဂိုလွိုက်လူမျိုး မျက်နှာသွင်ပြင်ကြောင့်ဖြစ်သည်။

ဟာဇာရာများမှာ မွန်ဂိုမျိုးနွယ်မှ ဆင်းသက်လာ၍ တရုတ်လူမျိုးနှင့်

မျက်နှာချင်းဆင်သည်။ နှစ်တွေ ကြာသည့်တိုင် ဟာဇာရာမျိုးနွယ်အကြောင်း

ကျွန်တော်ဤမျှသာသိခဲ့သည်။ တစ်ရက် တော့ ကျွန်တော့်အဖေ ဘာဘာ့စာကြည့်ခန်းထဲ

ဝင်မွှေရင်း အမေပိုင် ရှေးဟောင်း ရာဇဝင်စာအုပ်များထဲမှ တစ်အုပ်ကိုတွေ့သည်။

အီရန်လူမျိုး ခိုရာမီ ရေးသောစာအုပ်။ စာအုပ်ကို ဖုန်ခါပြီး ထိုညက

စာအုပ်နှင့်အတူ အိပ်ယာဝင်ခဲ့သည်။ ဟာဇာရာ သမိုင်းကြောင်း

တစ်ခန်းလုံးကြောင့် ကျွန်တော့်မှာ အသက်ရှူမှားမတတ် ဖြစ်ခဲ့ရသည်။

အခန်းတစ်ခန်းလုံးသည် ဟက်ဆန်တို့လူမျိုးအကြောင်း ညွှန်းဆိုထားသည်။

ကျွန်တော်တို့ ပက်ရှ်ထန်လူမျိုးများက ဟာဇာရာများကို ဖိနှိပ်သတ်

ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၁၉ရာစုတွင် ဟာဇာရာများက ပက်ရှ်ထန်တို့ကို

တွန်းလှန်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ပက်ရှ်ထန်တို့က အင်အားသုံး၍

အကြီးအကျယ်နှိပ်ကွပ်ခဲ့ သည်။ ပြောရက်စရာပင် မရှိခဲ့ဟု စာအုပ်ထဲရေးထားသည်။

ကျွန်တော်တို့ ပက်ရှ်ထန် များက ဟာဇာရာများကို သုတ်သင်ခဲ့သည်။

သူတို့ပိုင်မြေမှ သူတို့ကို နှင်ထုတ်ခဲ့သည်။ အိမ်များမီးရှို့လိုရှို့၍

မိန်းမများကို ရောင်းစားခဲ့ကြသည်။ ပက်ရှ်ထန်တို့က ဟာဇာရာ များကို

နှိပ်စက်ခဲ့သည့် အကြောင်းရင်းတစ်စိတ်တပိုင်းမှာ ပက်ရှ်ထန်တို့သည်

ဆွန်နီမွတ်စလင်များဖြစ်ပြီး ဟာဇာရာတို့သည် ရှီယာမွတ်စလင်များ ဖြစ်သော

ကြောင့်ပင်။ ကျွန်တော် ဉာဏ်မမီသော၊ ကျောင်းမှဆရာ သင်ကြားမထားသော

ကိစ္စအများအပြားကိုလည်း စာအုပ်ထဲရေးထားသည်။ ထိုအကြောင်းများကို ဘာဘာပင်

ပြောမပြခဲ့။ စာအုပ်ထဲတွင် ကျွန်တော်.. ကောင်းကောင်းသိသည့် အကြောင်းမှာ.

ဟာဇာရာများကို နှာပြားတွေ ဝန်တင်လားတွေ ကြွက်ပင်မရှောင်စားကြသူတွေ

ဟုခေါ်ဆိုကြကြောင်းပင်။ အိမ်နီးချင်းကလေးတို့က ဟက်ဆန့်ကို ထိုအမည်များ

ကင်ပွန်းတပ်ပေးနေသံ ကျွန်တော်ကြားခဲ့ဖူးပေါင်းများပြီ။

စာအုပ်ဖတ်ပြီး နောက်အပတ်တွင် ကျောင်းဆင်းချိန်၌ ကျွန်တော်က ဆရာ့ကို

ထိုစာအုပ်ထဲမှ ဟာဇာရာတို့အကြောင်းမေးသည်။ ဆရာက စာမျက်နှာ အချို့ကို

ခပ်သော့သော့လှန်လှောဖတ်ပြီး ကျိတ်ရယ်ကာ စာအုပ်ပြန်ပေးသည်။

သူ့စာရွက်များသူကောက်ကိုင်ကာ ”ရှီယာမူစလင်တွေ ဒါတစ်ခုတော့ ကောင်းတာ

ပေါ့ကွာ။ သူရဲကောင်းကြီးတွေလုပ်ပြီး သေကြပေါ့” ဟုဆိုသည်။ ရှီယာ ဆိုသော

စကားလုံးကို ပြောထုတ်စဉ် ဆရာနှာခေါင်းရှုံ့ထားပုံသည် ရောဂါဘယအမည်တစ်ခုကို

ပြောထုတ်သလား ထင်မှတ်ရသည်။

လူမျိုးချင်းထပ်၍ ဆွေမျိုးချင်းစပ်ထားသည့်တိုင် ဟက်ဆန့်အမေ စန်နိုဘား

သည် ခင်ပွန်းသည် အလီကို မခန့်လေးစား ပုတ်ခတ်ပြောဆိုခဲ့သည်။ အလီ၏

ပုံပန်းသဏ္ဍာန်အတွက် ဗြောင်ဗြောင်မေးငေါ့သည်။ ”အံမယ်လေးနော်၊ ယောက်ျားတဲ့

လား။ မြည်းအိုကြီး လင်လုပ်ရတာကမှ တော်ဦးမယ်”

နောက်ဆုံးမတော့လည်း အလီတို့မင်္ဂလာပွဲကို အလီနှင့် စန်နိုဘား အဖေ

(အလီ့ဦးလေး)တို့ စီစဉ်ခဲ့ခြင်းဖြစ်ပါလိမ့်မည်ဟု အရပ်က ထင်မြင်သွားလေသည်။

ကြားရသလောက် အလီသည် ငါးနှစ်သားအရွယ်တွင် မိဘမဲ့ဖြစ်ခဲ့ရပြီး အမွေအနှစ်

ပိုင်ဆိုင်မှု များများစားစား မရှိသည့်တိုင် တစ်ဝမ်းကွဲနှမကို

လက်ထပ်ခဲ့ခြင်းမှာ ဦးလေး၏ အမည်းကွက်ကို အဖတ်ဆယ်ပေးခြင်းဖြစ်သည်။

အလီသည် သူ့အားနှိပ်စက်သူများကို ဘယ်သောခါမှ လက်တုံ့မပြန်။

လိမ်ဖယ်ငင်ကောက်နေသော ခြေထောက်ကြောင့်လည်း တစ်စိတ်တပိုင်းပါမည်ဟု

ကျွန်တော်ယူဆသည်။ သို့သော် အဓိကမှာ အလီသည် အင်မတန်အရေထူသည်။

ကိုယ်ထိလက်ရောက် ရန်ပြုသူများအပေါ် အင်မတန်ခံနိုင်ရည်ရှိသည်။ တကယ်တော့

စန်နိုဘားက သားကလေး ဟက်ဆန်ကို မွေးပေးသည့်အခိုက်ကလေးတွင်ပင်

အဖေကြီးအလီသည် သူ၏သုခဘုံကလေးကို တွေ့ရှိသွားခဲ့ပြီ။ ‘ဒုက္ခဒိုင်ခံခဲ့ရသမျှ

အတွက် ဖြေဆေးတွေ့ရှိသွားခဲ့ပြီ။

ဟက်ဆန့်ကို မွေးသည့်ဖြစ်ရပ်ကလေးကား ရိုးစင်းလှသည်။ ကူဖော် လောင်ဖက်အဖြစ်

အလီနှင့် ဝမ်းဆွဲတစ်ဦးအပြင် သားဖွားမီးယပ်ဆရာဝန်များ၊

မေ့ဆေးထုံဆေးပေးသောဆရာဝန်များ အနီးတွင်မရှိ။ ထွေထွေထူးထူး ပစ္စည်းကိရိယာ

များလည်း မရှိ။ ပေစွန်းနေသောမွေ့ယာပေါ်တွင် စန်နိုဘား လဲလျောင်းနေသည်။

မိခင်သည် အကူအညီ များများစားစား မလိုအပ်ခဲ့။ အဘယ်ကြောင့်ဆိုသော်

ဟက်ဆန်သည် မွေးကတည်းက သူ၏သဘာဝကို ပြခဲ့သူဖြစ်သည်။ ဟက်ဆန်သည် မည်သူ့ကိုမျှ

ထိခိုက်နာကျင်အောင် မလုပ်ခဲ့ပေ။ မိခင်သည် နည်းနည်းပါးပါးညည်း၊

တစ်ချက်နှစ်ချက်ညှစ်လိုက်သည်နှင့် ဟက်ဆန် လူ့လောကထဲရောက်လာသည်။

လူ့လောကထဲ ပြုံးပြုံးကလေးဝင်ရောက်လာခဲ့သူ ဟက်ဆန်။

ပါးစပ်ဖွာသော ဝမ်းဆွဲကြီးသည် ဟက်ဆန်မွေးဖွားစဉ်က ဖြစ်ရပ်အကြောင်း

နားထောင်မည့်သူတိုင်းကို ဖောက်သည်ချသည်။ အလီ့လက်မောင်းကြားထဲမှ နီတာရဲ

ကလေးကို အမေလုပ်သူ စန်နိုဘားက တစ်ချက်သာကြည့်သည်။ နှုတ်ခမ်းကွဲလေးကို

မြင်ပြီး ခါးသီးစွာရယ်သည်။ ”ဩ … ရှင့်ကိုယ်စား သွားဖြီးပေးဖို့

အရူးတစ်ကောင် ရပြီပေါ့” စန်နိုဘားသည် ကလေးကိုမချီ။ မီးဖွားပြီး

ငါးရက်အကြာတွင် ထွက်ခွာသွား ခဲ့သည်။

ကျွန်တော့်အဖေ ဘာဘာက ဟက်ဆန့်အတွက် နို့တိုက်မိခင်တစ်ဦး ငှားပေးသည်။

မျက်လုံးပြာ ဟာဇာရာအမျိုးသမီးသည် ကျွန်တော့်တုန်းက ငှားခဲ့သည့်

တစ်ယောက်ပင်ဖြစ်သည်။ ထိုအမျိုးသမီးသည် ဗုဒ္ဓရုပ်ပွားတော်ပေါများသော

ဘာမီယန်မြို့တော်မှလာခဲ့ကြောင်း အလီက ကျွန်တော့်အားပြောပြသည်။

”သီချင်းဆိုရင် အသံလေးက နားဝင်ချိုလိုက်တာ” ဟု အလီတစ်ယောက်

ပြောလေ့ရှိခဲ့သည်။ ထိုသီချင်းကို အလီ အပ်ကြောင်းထပ်အောင် ဆိုပြဖူး၍

ကျွန်တော်နှင့် ဟက်ဆန် ကောင်းကောင်းသိသည်။ သိသိကြီးနှင့် ဘာတွေဆိုတာလဲဟု

မေးလျှင် အလီသည် လည်ချောင်းရှင်း၍ သီချင်းဆိုပြပါတော့မည်။

”မိုးစွန်တမွတ် တောင်ထွဋ်ဖျားမှာ xxxငါရပ်နေxxx
ခြသေ့င်္တို့ရဲ့ဘုရင်xxxအလီxxxအိုအလီxxx
လူသားတို့ရဲ့ဘုရင်xxxအလီxxx”

ဆိုပြပြီးလျှင် ဓာတ်ပြားဟောင်းကြီး ဖွင့်ပါတော့မည်။ နို့တစ်လုံးကို

အတူစို့ခဲ့သူမှန်သမျှ ညီအစ်ကိုဖြစ်ကြောင်း၊ အချိန်တွေ

ဘယ်လိုပြောင်းပြောင်း ဤဆွေမျိုးတော်စပ်မှုသည် မပြောင်းလဲကြောင်း

ကျွန်တော်တို့အား ပြောပြမည်။ ဟက်ဆန်နှင့် ကျွန်တော်သည်

နို့စို့ဖော်နို့စို့ဖက်။ တစ်ခြံတည်း တစ်ဝင်းတည်းတွင် ပထမဆုံးခြေလှမ်းကို

စမ်းနင်းလာခဲ့ကြသူများ၊ တစ်မိုးအောက်ထဲတွင် ပထမ ဆုံးစကားလုံးကို

ပြောလာကြသူများ။

ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ …

ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။

အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော

နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက်

အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည်။
____________________________________________

ဆက်ပါဦးမည်..။

__________________________________________

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

ပုဂံစာအုပ်တိုက်

___________________________________-

လေးစားစွာ ဖြင့်………

…………………..

12 comments

  • windtalker

    June 2, 2012 at 8:56 pm

    ထုံးစံအတိုင်း ကူးသွားပါတယ် ။
    တစ်ပိုင်းချင်းစုပြီး များလာမှ တစ်စုထဲ ကစ်..
    အဲဒါမှ ဂူးတာကလား

  • ဦးဦးပါလေရာ

    June 2, 2012 at 11:31 pm

    စောင့်ဖတ်အားပေးနေပါတယ်…

    အစပဲရှိသေးလို့ ကွန်မင့်မရေးသေးတာပါ…

    တင်ပေးတာ ကျေးဇူးပါ…

  • shwe kyi

    June 3, 2012 at 12:19 am

    ကိုအလင်းဆက်ကဂတိတည်သား။
    မအားလို့ တခြားပို့စ် တွေမဖတ်ဖြစ်ရင်တောင် ..တိမ်ယံသစ္စာ..ကိုတော့လာဖတ်ဖြစ်မှာပါ။
    အလီနဲ့ဟက်ဆန် ရဲ့ဘဝကိုဖတ်ရင်းစိတ်မကောင်းဖြစ်ရပါတယ်။
    စောင့် ဖတ်ပါဦးမည်။

  • ကိုရင်မောင်

    June 3, 2012 at 8:04 am

    အခန်းကုန်မှဘဲဖတ်တော့မယ် အလင်းဆက်ရေ…
    နှင့်မိုဆိုဆန့်ငင်ဆန့်ငင်နဲ့မို့ပါ…..

  • ကြောင်ကြီး

    June 3, 2012 at 10:21 am

    ချောချောလှလှ မိန်းခလေးတဦးဂ ခြေမသန်တဲ့ဦးလေးအရွယ်လူဂျီးနဲ့ လက်ထပ်ရ၊ မွေးလာတဲ့ခလေးဂလည်း နှုတ်ခမ်းကွဲလေးဆိုတော့ ပြေးပီပေါ့ဗျာ။ ရှေးရိုးတယူသန် အသိုင်းအဝန်းနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းတဲ့ ဓလေ့ဆိုးဂို အပြစ်တင်ဗာဒယ်။ အဲဒီဒေသမှာ လူ့အခွင့်အရေး ရပိုင်ခွင့် အချိုးဖောက်ခံရတာတော့ ပြောမယုံနိုင်ပါပဲ။ ဝေဖန်ရင် ဖြေရှင်းနည်းဂ သတ်ပစ်တယ်။ တဃဲ့ကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အစဉ်အလာဆိုးပါဗဲ။ အမေရိကန် အတင်းဝင်မှ နည်းနည်း သက်သာလာ လူတွေပိုသိလာတာ။ သို့သော်လည်း အခုထိတော့ အဲဒီဒေသဂ လူတွေရဲ့ အသိအမြင် အလေ့အထ သိသိသာသာ ပြောင်းလဲလာတာ မတွေ့ရသေးဗူး။ ဒါတောင် အမေရိကန်ဂ လူအားငွေအား ပုံအောဝင်ပေးထားလို့။ သဂျီးတို့ဂတော့ ကိုယ်နေတဲ့နေရာ ကွက်ကွက်လေးကြည့်ပီး ရေအိုင်လေးထဲဂ ဖားသူငယ်လို အုံးအွမ် အုံးအွမ် လုပ်နေဂျဒါဗဲ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တနေရာလေးဗဲ ကိုယ်ကြည့်ချင်တဲ့နေရာလေးဗဲ ကွက်မကြည့်နဲ့ မိုးပြားသဂျီးရေ..။ ကံဆိုဒါ အလုပ်ကိုခေါ်ဘေမဲ့ လုပ်တိုင်းမဖြစ်တာဂိုလည်း ကံလို့ခေါ်ဒယ်။ အကောင်းဆုံးဂ မိမိဘုန်းကံနဲ့ စားလို့ရနေတဲ့ ကိုဘေးနွားကင်နဲ့ ကျေနပ်ပါ။ လူတွေကို အယူမှား အတွေးမှားဖြစ်အောင် မလုပ်ချင်စမ်းဗာနဲ့။ နောင်ဘဝ အဲသလို ပြန်အကင်ခံရမှာ မကြောက်ဘူးလား။

  • ဗိုက်ကလေး

    June 3, 2012 at 10:25 am

    တဖြည်းဖြည်းတော့ မုဒ်ဝင်လာမယ်ထင်ဒါဘဲ
    ခုဒေါ့ အစဘဲရှိတေးလို ့..ဇာတ်ရှိန်မတက်သေးဘူး..
    အော်ဒိတ်ဂျင်နယ်ဖတ်ဖို ့ အေဘီစီဒီလဲ မတတ်..ဝယ်ဖတ်ဘို ့ကျပြန်ဒေါ့လဲ.အဿပြာမတတ်နိုင်မိုလို ့ ဆိုဒေါ့ဂါး..
    အူးလေးတင်ပေးဒါဂိုဘဲ..စောင်ပတ်..အဲ..စောင့်ဖတ်ပါအုံးမယ် အူးလေး..

    ကျေးဂျူးတင်ဘာဒယ်..

  • ဓါးငမိုး

    June 3, 2012 at 1:19 pm

    ကျနော်လည်း
    ထုံးစံအတိုင်းပဲ ကူးယူသွားပါကြောင်း ..
    အားလုံးပြီးတော့မှ အထက်ပါ တိမ်ယံသစ္စာနှင့် ပတ်သက်၍ မန့်သွားမည် ဖြစ်ပါကြောင်း ..
    ယခုကဲ့သို့ တင်ပေးသည်ကို ကျေးဇူး တင်ရှိပါကြောင်း ..

  • အလင်းဆက်

    June 3, 2012 at 7:06 pm

    ကူးယူသွားသူတွေရော.. ၊ တခါတည်း ဖတ်သွားသူတွေရော..
    အားလုံးကို ကျေးဇူးတင်ပါတယ် ။

    နောက်ထပ်စာမျက်နှာတွေမှာ.ဇာတ်ရှိန်.ဆိုတာက သေချာပေါက် မြင့်ကို မြင့်လာမှာပါ ။

  • MaMa

    June 3, 2012 at 8:00 pm

    ဘာသာပြန်ကြိုက်သော ကျမကတော့ Bookmarks လုပ်ထားပါသည်။
    စာမြည်းလေးတွေ ဖတ်ကြည့်ပြီး သေသေချာချာ အချိန်ယူပြီး ဖတ်ရပါဦးမည်။
    ကြိုးစားပမ်းစား တင်ပေး၍ ကျေးဇူးတင်ပါသည်။ 🙂

  • အလင်းဆက်

    June 3, 2012 at 8:05 pm

    ကျွန်တော် တင်ပေးတာကို အသိအမှတ်ပြုကြလို ့လည်း..အားလုံးကို ကျေးဇူးပြန်တင်ရတာပါပဲ.ဗျာ.။

    အပြန်အလှန် ကျေးဇူးတွေ တင်ရင်…
    ကျွန်တော်လည်း ဆက် တင်ရင်.. မိတ်ဆွေများကလည်း..ဖတ်ရင်း…..

Leave a Reply