“နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်မှာရပ်တန့်နေသော….(အပိုင်းနှစ်)”

“လမ်းသူရဲသီချင်း “လို့နာမယ်ဆိုးအတပ်ခံရတာတော့ ဒီသီချင်းကိုသီဆိုတဲ့သူတွေကို “လမ်းသူရဲ “လို့သတ်မှတ်ထားလို့်ပါ။
ဒီသီချင်းတွေကိုဆိုကြတဲ့သူတွေဝတ်တာစားတာကလဲ အခုခေတ်လိုပြောရင်တော့ အလန်းဇယားတွေကိုးဗျ။
ဆံပင်တွေက ကျောလယ်ရောက်အောင်ဝဲနေတယ် ခေါင်းလောင်းဘောင်းဘီကလဲ ပွနိုင်သလောက်ပွ အကျင်္ီက ကိုယ်ကျပ် ရင်ဘတ်ကဟပြဲ လယ်ပင်းမှာpeace အထိ်န်းအမှတ် ဆွဲကြိုးအဝိုင်းကြီးကလဲ ဟီးနေတာဘဲ။
အဲဒီခေတ်မှာ သီချင်းအမျုးိအစားကိုသတ်မှတ်လိုက်ကြတာက
“လမ်းသူရဲသီချင်း”လို့ ခပ်နှိမ်နှိမ်လေး သတ်မှတ်လိုက်တဲ့ “စတီရီယိုတေး”ရယ် ၊
” မိုနိုသီချင်း “လို့သတ်မှတ်ကြတဲ့ မြန်မာသံစဉ်သီချင်းရယ်ပါ။
ဥပမာပြောရရင် အခု”ထွန်းထွန်း”တို့ပြန်ဆိုကြတဲ့ “မာမီရယ်ရှာပေးကွယ်”လိုသီချင်းမျုးိက လမ်းသူရဲသီချင်း ၊
စိုးစန္ဒာထွန်းလို “မောင့်အချစ်မျှားအသဲမှာစူးနုတ်လဲနုတ်ချင်တော့ဘူးလေ” ဆိုတာမျုးိက “မိုနိုသီချင်း”ပေါ့။
အသံဖမ်းစနစ်ပေါ်မှာမူတည်ပြီးဒါကလဲ အလွယ်သတ်မှတ်လို်က်ကြတာပါ။
ဟိုအရင်က မိုနိုထရက်လို့ခေါ်တဲ့ အသံဖမ်းစနစ်မှာ အသံရောတီးလုံးပါ လိုင်းတစ်လိုင်းထဲကနေပြီးရောထွက်လာပါတယ်။
ဆောင်းဘောက်ဘယ်နှစ်လုံးနဲ့ဖွင့်ဖွင့် နှစ်ဖက်စလုံးက တစ်သံတည်းထွက်ပါတယ်။
စတီရီယို စနစ်မှာတော့ အသံကတစ်ဖက်တစ်မျိုးထွက်ပါတယ်။
ဆောင်းဘောက်နှစ်လုံးခွဲထားရင် တစ်ဖက်က လူသံ တစ်ဖက်က တီးလုံးသံထွက်တာကို စတီရီယိုပေါ့။
36လိုင်း လိုင်းလေးဆယ်ဆိုတာထက်ပိုလို့တီးလုံးတစ်လုံးအသံတစ်ခုချင်းစီ တစ်သံချင်းခွဲထုတ်နိုင်တဲ့ခုခေတ်လိုအချိန်မျိုးက ကလေးတွေကိုဒါများပြောပြရင်ဟားလိုက်ကြမယ့်ဖြစ်ချင်းပါဘဲ။

နောက်ဒီလိုမိုနို်သီချင်းမှာကို လိုင်းကထပ်ခွဲလိုက်ကြသေးတယ်ဗျာ။
ရှေးသီချင်းနဲ့ ကာလပေါ်တေးဆိုပြီးတော့။
အကြမ်းအားဖြင့်ပြောရင်တော့ စစ်ကြိုခေတ်နဲ့စစ်ကြီးပြီးစခေတ်ကသီချင်းတွေ မမြရင်တို့ မကြည်အောင်တို့ ဂီတာစိမ်းမောင်တို့ ဥဩဘသောင်တို့ဆိုခဲ့တဲ့သီချင်းတွေ မေရှင်တို့ပြည်လှဖေတို့ သီချင်းတွေက ရှေးသီချင်းဖြစ်ပြီး
တွံတေးသိန်းတန်တို့ မအေးမြင့်တို့တင်တင်မြတို့ ချစ်ဆွေ တို့ကိုသန်းလှိုင်တို့ ကိုတင်လှုင်တို့ ကိုမြကြီး တို့ ကိုအံ့ကြီးတို့ဆိုခဲ့ကြတဲ့သီချင်းတွေက ကာလပေါ်လို့သတ်မှတ်ကြပါတယ်။

ဒီသီချင်းတွေမတိုင်ခင်မှာ ကျနော်5တန်း 6တန်းကျောင်းသားအရွယ်လောက်မှာ ကျနော်တို့နေ့တဲ့ 25လမ်း လမ်း80 ကျုံဘေးကိုအနောက်ကျုံးလို့မန်းလေးက လူတွေခေါ်ပါတယ်။
အဲဒီ ကျုံးနဲ့ နန်းမြို့ရိုးကြားက မြေကွက်လပ်မှ အားကစားရုံတွေဆောက်ထားပါတယ်။
လက်ဝှေ့ ဘတ်စကက်ဘော ဘော်လီဘော တင်းနစ်ကွင်းပေါ့။
မှတ်မှတ်ရရ စနေတနင်္ဂနွေရက်တွေမှာ မြန်မာလက်ဝှေ့ပွဲတွေ အင်္ဂလိ်ပ်လက်ဝှေ့ပွဲတွေကို ကျင်းပတတ်ပါတယ်။
အဲဒီတုန်းက ပွဲမစခင်မှာ အမြဲဖွင့်တဲ့သီချင်းတွေကတော့ကွယ်လွန်သူ စွယ်စုံရမင်းသားကြီး ဝင်းဦး ရဲ့ သီချင်းတွေများပါတယ်။
နောက်ပြီး မြို့မ နဲ့တွဲဖက်ပြီးဆိုထားတဲ့သီချင်းတွေလည်းတော်တော်များများကိုဖွင့်ထားတတ်ပါတယ်။
” ချစ်ခွင့်မကြုံလွမ်းရိပ်မြုံမှာ တကိုယ်ရေ “ဆိုတဲ့စာသားအလှလေးတွေပါတဲ့ ” ပြုံးတဲ့မေ ” သီချင်း
” ဖြေဆီမရွင် တစ်ကိုယ်တည်းအားနည်းသည်ပင်……………….မိူင်းပြာရီညို ့ “ဆိုတဲ့
ဆရာမြို့ မငြိမ်းရဲ့နောက်ဆုံးလက်ရာလို့မှတ်သားရဘူးတဲ့ ” တိမ်လွှာ မို့ မိုလွင် ” သီချင်း၊
” မျက်စိမှိတ်လဲ စိတ်ထဲစွဲကာမြင်”ဆိုတဲ့ နာမယ်ကျော် ဆောင်းအိပ်မက်ရုပ်ရှင်ထဲက” မပြီးသေးသောပန်းချီကား”သီချင်း၊
ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ ” အိုမောင် နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ “ဆိုတဲ့” မောင်တို့ချယ်ရီမြေ”သီချင်း၊
“နောင်နောင် နောင်ဗိန်နောင် မောင်းသံတဟီဟီ တီးလို့မောင် ရှမ်းမလေးတွေဟန်ပြတာတောင် မာနတထောင်ထောင်”ဆိုတဲ့
” ဘော်ကြိုသဘင် “သီချင်း၊
” ပြုံးပြုံးကြီး ကြည့်ကာ ကြည့်ကာ ပေးတော့မလိုနဲ့……….လုပ်ရက်ပေ့ အမရာ “ဆိုတဲ့ ” သစ္စာ “သီချင်း၊
” ကြည်ညီနောင် ရေဝယ်မျောစေ မြကြောရယ်တဲ့ရွှေမင်းဝံတောင် လွဲတော့မရှောင် “ဆိုတဲ့
“ကြက်ညီနောင် “သီချင်း တော်တော်များများကို အမြဲလိုလိုနားထောင်ခဲ့ရပါတယ်။
နားထောင်ရတိုင်းလဲ ရင်ထဲကိုရောက်ပါတယ်။
ခုနှစ်များစွာကြာတာတောင်မှတ်မိနေပါသေးတယ်။
အဲဒီအချိန်တုံးက ဝင်းဦးရဲ့အသံကို ကြက်တောသံ အောက်ကလိအာသံလို့ အချို့ သော ဝင်းဦးကို မကြိုက်သောသူများက သမုတ်ခဲ့ပြောခဲ့အပြစ်တင်ခဲ့ဘူးကြပါတယ်။
သူ့အသံကလဲထူးခြားတာကိုးဗျ။
ဒါပေမဲ့အခုခေတ်မှာ ဝင်းဦးသီချင်းတွေကို လူပေါင်းတော်တော်များများက ခေတ်မှီသော တူရိယာများ အသံဖမ်းစနစ်များကို အသုံးပြုလို့
ပြန်ဆိုကြတာကိုနားထောင်ရပေမဲ့ ဝင်းဦးဆိုတုံးကလောက် ရင်ထဲရောက်မလာတာကိုတော့အားနာနာနဲ့ပြောရပါမယ်။
အဟောင်းကြိုက်ကိုကိုလို့ ပြောရင်လဲ ကျေကျေနပ်နပ်နဲ့ခံယူပါမယ်။
သည်နေရာမှာ ပြန်ဆိုကြတာနဲ့ပါတ်သက်လို့နည်းနည်းလေးတော့ပြောချင်ပတယ်။
ဝင်းဦးကိုယ်တိုင်သည်လည်းသူများသီချင်းကို တော်တော်များများကိုပြန်ဆိုဘူးပါတယ်။
ကျနော်အမြင်ကိုပြောရရင် သီချင်းတစ်ပုဒ်ကို ဖန်တီးနေချိန် သီဆိုနေတဲ့အချိန်မှာ ရှိနေတဲ့ခံစားမူ့ကွာသွားတာလိုဘဲ တစ်ထစ်ချပြောရဲပါတယ်။
ဟိုးရှေးခေတ် မတိုးတက်သေးတဲ့ခေတ်မှာ သီချင်းတစ်ပုဒ်ကိုဖန်တီးကြတဲ့အခါမှာ ဆိုတဲ့လူ တီးတဲ့လူ မူတ်တဲ့လူ အားလုံးဟာ
သီချင်းသွင်းကြတဲ့အခါမှာ တစ်ပြိုင်တည်း တူညီသောခံစားမူ့နဲ့ တီးကြ ဆိုကြရပါတယ်။
မှားတယ်ဆိုရင် အားလုံးအစက ပြန်စ သည်တော့မမှားအောင် ရင်ထဲမှာ ဈာန်သွင်းနှစ်မြုတ်လိုသီချင်းတပုဒ်ချောချောမွေ့မွေ့ပြီးအောင်
ခံစားမူ့အပြည့်နဲ့ မွေးဖွားခဲ့ကြတာပါ။
မစခင်ကတည်းက ကို အဖန်ဖန်တလဲလဲ ကျေညက်အောင် သီချင်းတိုက်ပြီးမှ အကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့ကြပါတယ်။
အခုခေတ်မှာတော့ အရမ်းကိုတိုးတက်သွားတော့ ” တီးတောင်ဒေါင်”ဆိုတဲ့အသံလေးကိုတောင် တစ်လိုင်းခွဲထည့်နိုင်လာတော့
အားလုံးစုပြီး ဆိုကြ တီးကြသီချင်းအသံသွင်းတယ်ဆိုတာ လုံးဝမရှိတော့ပါဘူး။
အရင်လိုအချိန်ပေးပြီးလူစုစရာ မလို မှားရင်လဲ အားလုံးပြန်တီးစရာ မလိုအောင် အချိန်တွေခွဲလို့ တစ်ပိုင်းစီအလုပ်လုပ် ပြီးမှပြန်ပေါင်းတဲ့စနစ်ကိုအားလုံးကျင့်သုံးကြပါတော့တယ်။
တီးတဲ့လူကလဲ အားရင်လာ “ဒုံးချပ်ဒုံးချပ် “ဆိုပြီးတီးသွား နောက်တယောက်ကလာ “တီးတောင်တီးတောင် “ထည့်သွား
ပြီးရင်လာထားတစ်ယောက် ဆိုမဲ့သူ ကလည်း “ကွစိကွိစိ “အော်ပြီးရင်အားလုံးပေါင်းလိုက်သီချင်းတပုဒ်ဖြစ်ရောဘဲ။
သည်လိုလုပ်တဲ့အတွက်ပျောက်ဆုံးသွားတာကတော့ ခံစားမူ့အနုပညာပါ။
စုပေါင်းလို့ဆိုကြတီးကြတဲ့အချိန်မှာ ရင်ထဲကိုရောက်လာတတ်သော အနုပညာလိပ်ပြာလေး က ဝတ်မူံမကူးတော့ဘူးလေ။
အဲတော့ ကီးမှန်မယ် စာသားမှန်မယ် ခံစားမူ့မပါဘူး သည်တော့ သီချင်းက ကြွတက်မလာဘူးပေါ့။
ကျနော်ကတော့သည်နေရာမှာ အရင်ခေတ်ကသီချင်းနဲ့ခုခေတ်သီချင်းကွာသွားတယ်လို့ထင်ပါတယ်။
နောက်တစ်ချို့သီချင်းတွေကို မူရင်းအဆိုရှင်ပြန်ဆိုတယ်ဆိုရင်တောင် ပထမဆိုထားတာကိုမမှီဘူးလို့ထင်ပါတယ်။
ပထမအကြိမ်ဆိုစဉ်က ဒီသီချင်းလေးအပေါ်မှာ စာသားအပေါ်မှာ ခံစားမူ့အပြည့်နဲ့ဆိုတာပါ။
နောက်တစ်ခါပြန်ဆိုတော့ စာသားအပေါ်မှာခံစားမူ့လျော့ပါးသွားပြီး ဘယ်အပိုဒ်လေးရောက်ရင် ဘယ်လိုအသံအလှည့်လေးနဲ့ဆိုလိုက်မယ် အသံလေးကို ဘယ်လိုဆွဲထဲ့လို်က်မယ်ဆိုတဲ့ အတတ်ပညာနဲ့ဖမ်းစားဘို့ကြိုးစားကြတာကိုတွေ့ရပါတယ်။
အဲဒီအခါမှ အသံအလှည့်အပြောင်းတွေ အတီးတွေကပိုလှ ပိုကြွလို့လာပေမဲ့ အဆိုတော်ရဲ့သီချင်းစာသားအပေါ်မှာထည့်ထားတဲ့ခံစားမူ့ကလျော့ကျသွားတဲ့အတွက် အရင်ကလောက် လှိုက်လှဲမူ့မရှိတော့ဘူးလို့ကျနော်ကတော့မြင်ပါတယ်။
ဒါကတော့ပြန်ဆိုတေးက မူရင်းကိုမမှီတဲ့အကြောင်းလို့ကျနော်ကတော့မြင်ပါတယ်။
ဥပမာပေးရ ရင် စိုင်းထီးဆိုင်ရဲ့ ခြင်္သေ့လည်ပြန်သီချင်းကျနော်ကျောင်းသားဘဝ သူပထမဆုံးအကြိမ်ဆိုတုံးက တီးလုံးအသံသိပ်မကောင်းဘူး ဒါပေမဲ့နားထောင်ရတာ စေးစေးပိုင်ပိုင် နဲ့ အရသာသိပ်ရှိတယ် အသံဝဲတဲတဲလေးကို ရင်ထဲညိခဲ့တာ။
ဒါပေမဲ့အခု vcd ခေတ်မှာသူပြန်ဆိုတယ် တီးလုံးတွေကတော့ရှယ်ပါဘဲ ဒါပေမဲ့ ဘိုထီးရဲ့ခံစားမူ့က လုပ်ဆွေးကြီးလိုဖြစ်နေတယ်လေ။
နားထောင်ရတာ အရင်လောက် ဟတ်မထိဘူးပေါ့ဗျာ။

ဆက်ပြောရအုံးမယ်ဆိုရင် စိတ်ထဲက လွမ်းစရာလေးတစ်ခုပေါ့နော်။
မန်းလေးမြို့ လမ်း80တရုတ်တန်း နဲ့32လမ်းဒေါင့် အခုဗဟိုမုန့်ဆိုင်နေရာမှာ အရင်က လမ်းမြောက်ဘက်ဒေါင့်လေးမှာ
ကွပ်ပျစ်ကလေးတစ်ခုချထားပါတယ် ညတော်တော်များများမှာ လူလတ်ပိုင်းအဖွဲ့တစ်ဖွဲ့က ဘင်ဂျို မယ်ဒလင် ပုလွေပေါင်းစုံ တယော ဘာဂျာ လက်ဆွဲဘာဂျာ အကော်ဒီယံတွေနဲ့ သီချင်းတွေကို ဝါသနာအရ ဆိုကြတီးကြတာကို လမ်းသွားလမ်းလာတွေရော အကျအနကိုလာနားထောင်တဲ့သူတွေကို ရော အများကြီးပါ။
သူတို့ဆိုလေ့ရှိတဲ့သီချင်းလေးတွေက အမြူးအသွက်လေးတွေပါ။
အမှတ်မမှားဘူးဆိုရင် ကိုအံ့ကြီးသီချင်းတွေများပါတယ်။
ရင်ထဲမှာ ခုထိမှတ်မိနေတဲ့သီချင်းလေးက တော့ “ကြယ်ကလေးတွေချစ်စရာအပြာရောင်ကောင်းကင်မှာ “ဆိုတဲ့ညအလှဘွဲ့ “ပြုံးတုံ့လှယ် ”
“မြူ မူံမူံချိန်ခါဆို မြောက်ပြန်လေညှင်း ငွေနှင်းဖွေးဖွေးစို” ဆိုတဲ့ လွမ်းစရာ ရာသီဘွဲ့”သုံးရာသီ”သီချင်း
” ကျောင်းသွားဖော်ညီမလေး ဘယ်ဆီမှာဆုံဆည်းရှာ”ဆိုတဲ့ “ကျောင်းသွားဖော်” သီချင်း
“ဝေဆာသခွတ်ဖြူပင်မင်းငွေအဆင်းပွင့်ချိန်ရှာ ………………အုံ့ကာလေတစ်ဖွဲဖွဲ ရွာလေတသဲသဲ”ဆိုတဲ့ဟာသနှောထားတဲ့ မိုးဘွဲ့သီချင်းလေးတွေကလည်း
အခုချိန်လသာညမှာ ပြန်စဉ်းစားမိရင် နားထဲမှာတောင် ကြားယောင်လာသယောင် လွမ်းစရာကောင်းလှပါတယ်။
ဒါနဲ့ဘဲ လမ်းသူရဲသီချင်းအကြောင်းပြန်ဆက်ရမယ်ဆိုရင်တစ်ခုသော တန်ဆောင်မုန်းလပြည့်ညမှာပေါ့။
မန်းလေးမြို့ လမ်း80 26ဘီလမ်းနဲ့27လမ်းကြားမှာရှိတဲ နာမယ်တစ်လုံးနဲ့နေတဲ့ တေးသံသွင်းကနေ မုန့်လုံးရေပေါ် စတုဒီသာ ကြွေးနေရင်းက
တီးလုံးကခပ်ဆန်းဆန်း ဘေစ့်သံခပ်များများ ဂစ်တာကြိုးအကြီးကိုတီးလိုက်တဲ့အသံနဲ့ ဒရမ်ရိုက်ချက်ခပ်ပြင်းပြင်းတွဲဘက်လို့
“ဒွန် တဒွန်ဒွန် ရွတ်ရွတ် ” “ဒွန် တဒွန်ဒွန် ရွတ်ရွတ် ” အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း တွေ့မှတွေ့တတ်ပလေစမ်း”
ဆိုပြီးကွဲအက်အက်အသံနဲ့သီချင်းကိုလဲ ဖွင့်ချလိုက်ရော
လမ်းသွားလမ်းလာတွေက အစက ဘာသံလဲဟလို့စူးစမ်းရင်း ရပ်နားထောင်ရင်း လမ်းတစ်လမ်းလုံးစက်ဘီးတွေ လူတွေနဲ့ပြည့်ကျပ်လို့ပိတ်သွားပါလေရောဗျာ။
ခဏလဲနေရော ရဲတွေရောက်လို့ လမ်းတွေရှင်း ဖွင့်ထားတဲ့သီချင်းကိုလဲပိတ်ခိုင်းလိုက်တော့တယ်။
ဒါကတော့ရတနာပုံ နန်းတည် မန်းရွှေပြည်က အနုပညာမြို့တော်ကို လမ်းသူရဲသီချင်းလို့ တွင်လာမယ့်သီချင်းတွေနဲ့စတင်လို့မိတ်ဆက်ခန်းပါဘဲ။
အဆိုရှင်ကတော့ မြန်မာပြည်ရဲ့ခေတ်ရှေ့ဦးဆောင်”မင်းမင်းလတ်”လို့အမည်တွင်တဲ့ ” ကိုလတ်ကြီး “ဖြစ်ပြီး
သည်သီချင်းကိုမိတ်ဆက်ပေးတဲ့ တေးသံသွင်းကတော့ ယနေ့တိုင်မန်းလေးမြို့မှာနာမယ်တစ်လုံးနဲ့ရပ်တည်နေတဲ့ လှိုင်းတေးသံသွင်းပါခင်ဗျာ။
ကဲနောက်တစ်ပိုင်းကျရင် လမ်းသူရဲသီချင်းလေးတွေအကြောင်းဆက်လိုက်ရအောင် အခုတော့အမြည်းလေးပေးလိုက်တယ်ပေါ့……………………………

နောက်တစ်ပိုင်းလေးမှာဆက်လိုက်ရအောင်နော်