ပူပြင်းလှတဲ့ လနယုန်ရဲ့ နေလည်ခင်းတွေမှာ ဂေဇက်ရွာရဲ့ လူငယ် လူလတ်များကတော့ ဂုံညင်းထိုး…လက်တောက်ခုံထိုင်.. ဒိုးလိမ့် စသဖြင့် အပူဒဏ်ကို ရွာလယ်က မန်ကျည်းပင်ကြီးအောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုခံ ကာကွယ်ပြီး နေကြပါတယ်။
အဲ….သူကြီးခိုင်တို့ ဦးပေတို့..ဘကြီးမိုးတို့လို လူကြီးတွေကတော့ ရွာဦးကျောင်းက…စေတီလှိုင်ဂူတော်အတွင်းမှာမှောက်လှန်ပြီး အပူဒဏ်ကို ခုခံကြပါတယ်။ တဦးနဲ့တဦးလဲ ဘာသာရေးအကြောင်း နိုင်ငံရေးအကြောင်း များကို မျှမျှတတ နားလည်မှုရှိစွာနဲ့ နားထောင်ရေးဘက်ကို အားသန်ကြပြီး ပြောဆိုဆွေးနွေးကြပါတယ်။
(အခြားနေရာတွေမှာ အများအားဖြင့် ငါ့စကား နွားရ ပြောတတ်ကြ၏။ သူများပြောတာ နားထောင်ဖို့ထက် ကိုယ်ပြောဖို့ကိုပဲ အားသန်ကြ၏။ သူများပြောနေတဲ့ အချိန်မှာ ဘာပြောတယ် လို့ နားထောင်ဖို့ထက် သူပြောပြီး ငါဘာပြန်ပြောလိုက်မလဲ ဆိုတာကို ပိုပြီး အာရုံစိုက်နေကြ၏။)
“ကျုပ်တို့ သမ္မတကြီး ပြောတဲ့စကားတွေထဲမှာတော့… တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေးရိုးစွဲတွေ….ခေတ်နောက်ပြန်ဆွဲလိုသူတွေကို တော့ နောက်မှာချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေပြောင်းလဲနေပြီဖြစ်ပါ တယ်။နိုင်ငံရေးနဲ့ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကိုကျွန်တော်တို့ တွန်းတင်ရပါမယ်ဆိုတဲ့ စကားတွေကို သိပ်ကြိုက်တာပဲ သူကြီးရယ်။”
“ ဟုတ်ပ ဦးပေရေ့…အဲဒီစကားကတော့ ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံရေး အလားအလာအတွက်တော့ သိပ်အားရှိစရာပဲ”
“ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ..ချန်ထားခဲ့မယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီညီ စီးပွားရေးကဏ္ဍကိုပါ တွန်းတင်ရမယ်တဲ့…. ကျွန်တော် ပြောချင်တယ်။ စီးပွားရေတင်မလုပ်ပါနဲ့….နိုင်ငံရေးနဲ့ ဟန်ချက်ညီအောင် အခြားသော အရေးပေါင်းများစွာကိုလဲ တွန်းတင်စေချင်ပါတယ်။ စီးပွားရေး မှ မဟုတ်ဘူး…ဘယ်အရေးကိုမှ ချန်ထားလို့မရပါဘူး။ တရေးရေးကို ချန်ထားခဲ့လို့ ကျန်နေသေးသမျှ တိုးတက်တဲ့ နိုင်ငံလို့ ပြောလို့ရမှာ မဟုတ်ပါဘူးဗျာ ..စီးပွားရေး…ပညာရေး…ကျန်းမာရေး…..ဘာသာရေး… အရေးအားလုံးကိုတွန်းတင်ပါ….အရေးအားလုံးမှာ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲသူတွေကို ချန်သာထားခဲ့ပါလို့ ဘကြီးမိုးဖြင့် ပြောလိုက်ချင်သေးဗျ”
“ဗျို့သူကြီး….ဗျို့သူကြီး….”
“ဟေ့ ဘယ်သူတွေလဲ လာကြလာကြ”
ဗိုက်ကလေးနဲ့ ကာလသားတစ်ခု…တစ်စုံတစ်ခု ပြဿနာတက်လာပုံနဲ့ ရောက်လာပါတယ်။
“ကဲ….မောင်ဗိုက်တို့….မောင်သန်းထွဋ်ဦးတို့ ဘာဖြစ်လာကြသလဲ..ပြောကြစမ်း”
“ကျွန်တော်တို့ ရွာလယ်မန်ကျည်းပင်အောက်မှာ နေကြရင်းနဲ…ရွာထဲက မောင်ဝင်းစိန်…တို့…မောင် သောင်းစိန်တို့နဲ့ ဘာသာရေးကြောင်းပြောရာ ကနေ သူ့ဘာသာမှန်တယ်….ကိုယ့်ဘာသာမှန်တယ်လို့ ငြင်းကြ ခုန်ကြ တယ် သူကြီး…. အဲဒါ သူတို့နဲ့ ကျွန်တော်တို့ ဘယ်ဘာသာက မှန်သလဲ…ဘယ်ဘာသာက မှားသလဲ…ဆွေးနွေးကြမယ်ဆိုပြီး စိန်ခေါ်မိ ကြတယ်။”
”ဟေ….ဒုက္ခပဲ..မောင်ဗိုက်ကလေးရဲ့ ..လူတစ်ယောက်မှာ အရေးအကြီးဆုံးကတော့ ဘာသာရေးပဲကွဲ့…အေး… ဘာသာရေးဟာ မီးနဲ့ သိပ်တူတာပဲ။ မီးဟာ လူတွေ အတွက်တော့ မရှိမဖြစ်သိပ်အရေးကြီးတယ် နောက် မီးဟာ လူတွေကို သိပ်အကျိုးကျေဇူးပြုတာပဲ။ အေး…မီးလောင်ပြီဆိုရင်တော့လဲ လူကို သိပ်အန္တရာယ်ပေးတာပဲကွဲ။”
“ ခုမှတော့ မရတော့ဘူး ဘကြီးမိုးရယ်။ ကျွန်တော်တို့ တော်တော်ကြီးကို နှုတ်လွန်ခဲ့ကြပြီ…သူကြီးတို့ ဘကြီးမိုးတို့က စနစ်တကျစီမံမပေးဘူးဆိုလဲ ကျွန်တော်တို့ကတော့…အဲဒီနေ့ကို စုပြီးပြောကြတော့မှာပဲ။” ခရစ်ယာန်ဘက်ကလဲ ငါးဦး…..ကျွန်တော်တို့ဗုဒ္ဓဘာသာဘက်ကလဲ ငါးဦး..အစ္စလာန်ကလဲ ငါးဦး…ဟိန္ဒူဘက်ကလဲ ငါးဦး အားလုံး ငါးဦးစီ အလှည့်ကြမေးကြမယ်။ အမေးခံရတဲ့ ဘက်က ဖြေရမယ်။ ကိုယ်မေးချင်တဲ့ ဘာသာကို မေးမယ်။ အမေးခံရတဲ့ ဘာသာက ရှင်းပြဖို့ပဲ။ အဲဒါ ရွာထဲက လူတွေလဲ သိကုန်ကြပြီသူကြီး…”
“အင်း….ကျွန်တော် ဦးပေ ၀င်ပြောပါဦးမယ်။ သူကြီးရယ် သူတို့လူငယ်တွေ ပြောဆိုခဲ့ကြပြီဆိုရင်တော့ ဘာတတ်နိုင်တော့မှာလဲ..ကွယ်ရာမှာ ကိုယ်ထင်တာ ကိုယ်ပြောကြပြီး ငြင်းကြခုံကြမယ်ဆိုရင် ပိုပြီးအန္တရာယ်များ ကုန်လိမ့်မယ်။ ဒီတော့ ဘယ်လိုမှ ပြဿနာမဖြစ်အောင် ထင်သာ မြင်သာတဲ့…ဆွေးနွေးမှုလေးဖြစ်အောင် ကျွန်တော်တို့ စီစဉ်ပေးရုံပဲ ရှိတော့မယ်ထင်တယ်…”
“ဟ…မောင်ပေရ…တကယ်ပြောကြစို့ဆိုရင် အလွန်မလွယ်တာနော်…..မင်းကျောက်ကွင်းအရေးတော်ပုံဆိုတာကို ကြားဖူးလား….တကယ်လက်တွေ့ ဘယ်သူပြောမလဲဆိုတော့ ဘယ်သူမှ ပြောမယ့်သူမရှိခဲ့ဖူးကွ….ပြောမယ့်သူလေး တစ်ဦးရဖို့ဘယ်လောက် ခက်ခဲခဲ့သလဲ….ဘယ်လောက် မလွယ်သလဲ.. တကယ်ရင်ခုန်စရာ ကောင်းတာ… လူထုပရိသတ်ကြီးရှေ့မှာ..ဒေါသလဲ မထွက်အောင် မျက်နှာလဲ မပျက်အောင်…..ကိုယ့်ဆီလာတဲ့ ပြဿနာလဲ ဖြေရှင်းနိုင်အောင် တဖက်ကိုလဲ ပြဿနာထောက်ပြနိုင်အောင် ပြောနိုင်ဖို့ဆိုတာ အလွန်မလွယ်တဲ့ ကိစ္စပဲကွ…”
“ကဲ …ဦးမိုး….ဖြစ်သမျှ အကြောင်း…အကောင်းချည်လုပ်ရတော့မှာပဲ။ မတတ်နိုင်တော့ဘူး။ပြဿနာမဖြစ်အောင်နဲ့ ထင်သာမြင်သာတဲ့ ဆွေးနွေး မှုလေးဖြစ်အောင် စီစဉ်ပေးရတော့မှာလဲ…ကျွန်တော်ရယ် ဦးမိုးရယ် ဆရာတော်ရယ်…ဦးပေရယ်..ရွာမိ ရွာဖတွေရယ် တိုင်ပင်ပြီး ကလေးတွေရဲ့ ဆန္ဒကို အကောင်းဆုံးဖြစ်အောင်ပဲ စီးစဉ်လိုက်ကြအောင်ဗျာ။”
“အင်း……သူကြီးခိုင်ကပါ ဒီလိုစဉ်းစားမှတော့ ကျုပ်တို့လူကြီးတွေက အကောင်းဆုံးဖြစ်အောင် စီးစဉ်ကြတာပေါ့ဗျာ”
ယင်းကဲ့သို့ပြောဆိုတိုင်ပင်ကြပြီး….ဆရာတော်ကိုပါ ပင့်လျှောက်ကာ လျှောက်ထားတင်ပြ….ဆွေးနွေးကြနဲ့…နောက်ဆုံး….ရက်တရက်ကို သတ်မှတ်ကာ….ဂေဇက်ရွာရဲ့ ရွာလယ်မန်းကျည်းပင်ကြီးအောက်မှာ…စင်ကြီးထိုးပြီး တရွာလုံးလာရောက် နားထောင်ကြဖို့နဲ့….အချိန်ကို အလုပ်သိမ်းချိန် ညနေ ၅=နာရီမှာ စတင်ကြဖို့နဲ့…..အစဆုံးအနေနဲ့ သူကြီးရဲ့ ကိုယ်စား…ဦးပေမှ အဖွင့် အမှာစကား ပြောကြားဖို့……ဦးပေပြောမယ့် အဖွင့်အမှာစကားကို ဘကြီးမိုးနဲ့ ဆရာတော်က စီစဉ်ရေးသားပေးဖို့….အသံချဲ့စက်ကို ရွာဦးကျောင်းမှ ယူသုံးဖို့…..ရွာသူ ရွာသားများအားလုံး ဒီပွဲမှ ဘာသာရေး အမြတ်များ ရရှိဖို့……ထိုပွဲတွင်းလာသူအားလုံ မည်သူမှ မူးရစ်သေစာ သောက်စားမလာဖို့……..ဖြစ်လာတဲ့ ကိစ္စကို အကောင်းဆုံးအဖြစ် အသုံး ချသွားဖို့ စီစဉ်ကြလေ၏။
(ယင်းကိစ္စကို စာဖြင့် ရေးသားပြီးတင်ပြမနေတော့ပါ။ ကျောက်ကွင်းအရေးတော်ပုံကို ဖတ်ဖူးသူများ ယင်းကဲသို့ သာ မြင်ယောင်ကြပါကုန်…)
ယင်းသို့ဖြင့်…..ချိန်းဆိုသောနေ့သိုရောက်ရှိလာသောအခါ….စင်ဆောက် ခြင်း….အခမ်းအနားပြင်ဆင်ခြင်း….အသံချဲ့စက်တပ်ဆင်ခြင်းစသည်များဖြင့် တရွာလုံးလူငယ်များတက်တက်ကြွကြွလှုပ်ရှားကြသည်။ အခြားဘာသာဝင်တွေလဲ အားလုံးတူညီလှုပ်ရှားကြသည်။ ရန်ဘက်ရယ်လို့ ပင်မမြင်ကြပဲ ….ပွဲလမ်းတစ်ခုနဲ့ ဗဟုသုတရစရာ…..တရားပွဲကြီးတစ်ခုလို မြင်နေကြတဲ့ ပုံပေါ်သည်။ သူကြီးခိုင်ရဲ့ရွာသားတွေပဲ ဒီလောက်တော့ ဘယ်ညံ့မလဲ။ အဲဒီနေ့မှာ ကိုယ်ဗိုက်ကလေးပင် အရက်လုံးဝမသောက်ပဲ အားကြိုးမာန်တက် လှုပ်ရှားနေသည်။ လျှပ်စစ်မီးများလဲ ဘုန်းကြီးကျောင်းမီးစက်မှ မောင်းပြီး လေးပေမီးချောင်းများ ပွဲခင်းပတ်လည် ထွန်းထားသည်။ ပွဲခင်းကြီးတစ်ခုကဲ့သို့ ဈေးသည်များ..ပူစီဗောင်းသည်များ စသဖြင့် အလွန်စည်ကားလှ၏။ အနီးအနား ရွာနီးချောက်စပ်မှ လူအတော်တော်များပင် ရောက်လာကြ၏။ အများအားဖြင့် လူကြီးပိုင်းနဲ့လူလတ်ပိုင်းများအမျာဆုံး ရောက်လာကြသည်။
ယင်းသို့ဖြင့် ညနေ လေးနာရီနဲ့ လေးဆယ့်ငါးမိနစ်လောက် တွင် ဦးပေက စင်ပေါ်သို့ စနိုးမရှင်းနဲ့ မှန်မှန်လေးလေးတက်လာပါတော့သည်။ ဘာမသိ ညာမသိ ပရိတ်သတ်က လက်ခုတ်တီးအားပေးသည်။ ဦးပေက အချိန်နီးကပ်ပြီဖြစ်သဖြင့်….ငြိမ်ငြိမ်နေကြဖို့….ပြောဆိုဆွေးနွေးကြမယ့် လူငယ်များအနေနဲလဲ စင်ပေါ်ကို မတက်ကြသေးပဲ စင်အောက်မှာပဲ လောလောဆယ်ဆယ် နေရာယူထားကြဖို့… စတင်ကြော်ငြာနေပါပြီး…..တခါတခါ မိုက်က အူအူသွားသဖြင့်….ဟလို..ဟလိုဟု ဦးပေက မိုက်စမ်းနေသေးသည်။ နောက် လက်ထဲမှာပါလာတဲ့ ဘကြီးမိုး…သူကြီးခိုင်….ဆရာတော်တို့ စီစဉ် ပေးလိုက်တဲ့ ပြောရမယ့် အဖွင့်အမှာစကားစာရွက်ကို ကြည့်ကြည့်နေသည်။
ထိုသို့ ဦးပေ စင်ပေါ်မှာ ဟလိုနေရင်းဖြင့် ပြိုင်ပွဲစတင်ဖို့ အချိန်ကြရောက်ခဲ့ပါတော့သည်……
ဒေါင်….ဒေါင်….ဒေါင်…..ဒေါင်….ဒေါင်.
ဟလို…ဟလို….အဟမ်း…အားလုံးမင်္ဂလာပါ။
“ရောက်ရှိလာကြတဲ့ ဘာသာရေးမိတ်ဆွေများကို လေးလေးစားစား အထူးကြိုဆို အပ်ပါတယ်လို့ဦးစွာနှုတ်ခွန်းဆက်သလိုပါတယ်။ဘာသာတိုင်း ဘာသာ တိုင်း က ကိုယ့်ဘာသာကိုပဲ အမှန်..ကိုယ့်ဘာသာကိုယ်ပဲ သမ္မာဒိဋ္ဌိ။ အခြားတပါး ဘာသာကိုယ်ကြတော့ အမှား..မိစ္ဆာဒိဋ္ဌိလို့မြင်တတ်ကြပါတယ်။ အဲဒီလိုဖြစ်ရခြင်းကတော့…ငယ်ငယ်ကတဲက ကိုယ့်ရဲ့အသိဦးနှောက်ဆိုတဲ့ ဟာဒ်ဝဲမှာ ကိုယ့်ဘာသာရဲ့အယူအဆ နဲ့ ယုံကြည်မှုဆိုတဲ့ ဆော့ဝဲတွေအသွင်းခံထားရလို့ ပါပဲ။
အဟမ်းအဟမ်း……..ဆက်ရန်……

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..