ဂေဇက် ဓါတ်ပုံပြပွဲ မေလ (ဈေးသည်) သုံးသပ်ချက်

ムラカミJune 4, 20122min26336

ဟုတ်ကဲ့ ..

စပါပြီ ..

ဆန်းဒေးကတည်းက အကြမ်းခြစ်ထားတာလေးတွေပါ။

 

 

သည် တပါတ် အိမ်ပြန်မအိပ်ဖြစ်လို့ ဗျာ …

အဲ့ဒါ  သုံးသပ်ချက် ရေးတာ …နည်းနည်း နောက်ကျသွားပါတယ်..

ဟိုဘက် ပို့စ် ထဲက ကောမန့်တွေနဲ့ ဘယ်ပုံကို ဘယ်သူ

ဘယ်လို ရိုက်ထားသလဲ ဆိုတာလေး ထည့်ပေးလိုက်ပါတယ်ဗျာ…။

 

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁

အန်တီ ပဒုံမာ ရဲ့ လက်ရာဖြစ်ပါတယ်။

အားမနာတမ်း ဝေဖန်ရရင်တော့

 

သာမန် စနပ်ရှော့ပ် ပုံ တစ်ပုံထက် မပိုပါ

စွဲညိစရာ တခုခု ကျန်မနေပါ…

ဈေးသည်ရဲ့ ကိုယ်တစ်ပိုင်းပုံ

နယ်နေတဲ့လက်တွေကို ဖိုးကပ်စ်ထားပြီး ဇွမ်း ဆွဲရိုက်ရင် အတော်လေး

တွေးစရာပြောစရာ ဖြစ်လာမယ် ထင်ပါသည်။

 

Disc: ကိုလုလင် ဆီက မေးပါလို့ ဆိုလာပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၂

 

လေးပေါက် လက်ရာ ဖြစ်ပါတယ် ။

 

ဖွဲ့စည်းတည်ဆောက်ပုံ ဘဲလန့်စ် ကောင်းပါသည်။

သို့သော် ထူးမခြားနား ပါ။ ရေအိုး ရှေ့သွားပြီး

ရေအိုးကတဆင့် ဈေးသည် ဈေးသည် နောက်မှ ဘုရား

ရှေ့ဝါး-အလယ်ဖိုးကပ်စ်-နောက်ဝါး

ပုံစံမျိုးရိုက်လျှင် ယခုပြထားတာတွေလည်း အကုန်ပေါ်ပြီး

ဓါတ်ပုံသဘောတရားအရ ပိုကြည့်ကောင်းမည် ထင်ပါသည်။

 

Disc: 1/125s ISO 100

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၃

 

ကို နိုဇိုမိ ရဲ့ ပုံဖြစ်ပါတယ်။

 

mood ပါတဲ့ပုံဖြစ်ပါသည်။

စောင်းနေတာလေးကပင် ပိုအသက်ဝင်သယောင်

သို့သော် လှည်းထဲ ဘာတွေထည့်တွန်းလာလဲ မပြောနိုင်ခြင်းက

(အမှိုက် ? အသီး? အခြား?) အကြီးဆုံးသော အားနည်းချက် လို့ထင်ပါသည်။

 

Disc: မပါလာပါ။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၄

ဒါကတော့ မှော်ဆြာ့ လက်ရာ ဖြစ်ပါတယ်။

အလှဆုံးပုံ ဖြစ် တယ်လို့ ပြောပါရစေ …

ဘရာကြော်ပါ။

 

ပရို လက်ရာ ပါ။ပြိုင်ပွဲဝင် အဆင့်မျိုး ပါ။

တောင်းထဲက ပန်းတွေအပြည့်မပါတာ (ကျုပ်က ဝိုက်သမားမို့ ဝိုက် ကြိုက်လို့လား မသိ..)တော့ မနှစ်သက်။

နောက်ထပ် မနှစ်သက်တဲ့အချက် က ပိုစ့်ပေးခိုင်းပြီး ရိုက်တဲ့ပုံမျိုးဖြစ်ပြီး

ဈေးသည်တော့မည်ပါရဲ့ ဈေးရောင်းနေတဲ့ပုံမဟုတ်လို့ပါ။

ဈေးသည် နောက်ကျော ဝါးထွက်သွားသော ဘိုခေဲးများကိုတော့ အလွန်နှစ်သက်ပါသည်။

Disc: F/5.6/ ISO320, 1/30s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၅

ဒေါ်ခိုင်ခိုင့် လက်ရာ ဖြစ်ပါတယ်။

ကွန်ဂရက် ကျူလေး ရှင်းပါ ..။

 

အသက်ဝင်ပြီး ဖွဲ့စည်းပုံလည်း ကောင်းပါသည်။ (အတုယူပါ သဂျီး)

ဖိုးကပ်စ် နည်းနည်း အောက်တာတော့ အားနည်းချက်ဖြစ်ပါသည်။

ဟန်းရှိက်ခ် ဖြစ်နိုင်ပါသည် ။ (ပြန်ဖတ်ပေးပါ့မည်)

 

Disc: f/27, ISO-80, 1/160s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၆

အန်တီ အေးကေကေရဲ့ လက်ရာပါ.

ဈေးတန်းတခု၏ ရောင်းဝယ်ဖောက်ကားနေပုံ အပေါ်စီးမှ ရိုက်ထားတာဖြစ်ပါသည်။

သတင်းဓါတ်ပုံဆန်ပါသည်။ ဈေးဟူသော ခေါင်းစဉ်နှင့် ပိုမို သင့်တော်ပါမည်။

 

Disc: မပါလာပါ။

 

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၇

အလွန် ရက်စက်တဲ့ ညလေး ရဲ့ လက်ရာ ဖြစ်ပါတယ်။

ရက်စက်တယ် ဆိုတာ ဒီလိုပါ ။ဘယ်လိုနေရာမှာ နေတယ်တော့မသိ

ကျနော့်ကို ၃ဝမဂ္ဂါဘိုက် ကြီးများတောင် ကြီးတဲ့ ပုံဧရာမ ကြီး ပို့လာလို့ပါ။

(ဆိုက်ဇ်ချုံ့ပါ ဆြာမ…)

ပုံကတော့..

ဖွဲ့စည်းပုံ ပြတ်သားမှု အလင်းအမှောင် အားလုံး ပြောစရာမရှိပါ။

ဘေးတစောင်း၉ဝဒီဂရီ မှ ရိုက်ထားတာဖြစ်လို့ ၄၅ လောက် ၆ဝလောက် ကရိုက်ရင်

ဈေးသည်မျက်နှာ ၃ပုံ၂ပုံလောက် မြင်ရမှာ ဖြစ်ပြီး ပိုမို အသက်ဝင်မည် ထင်ပါသည်။

 

Disc: f/8, ISO 320, 1/160s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၈

ဆြာ လုလင်ရဲ့ လက်ရာဖြစ်ပါတယ်။ Abstract လို့ ဆိုလာပါတယ်။

ဟုတ်ကဲ့

 

နောက်ထပ် လက်ရာကောင်းတခုပါ။ အရိပ် ကျနေပုံ နဲ့ အလင်းအမှောင် အယူအဆ

ကို အလွန်နှစ်သက်ပါသည်။ တွေးစရာတွေ အများကြီး ပေးသော ပုံလည်း ဖြစ်ပါသည်။

ဈေးသည် ဆိုသော ခေါင်းစဉ်ထက် အရောင်းအဝယ် ဟူသော ခေါင်းစဉ်နှင့်များ

ပိုလိုက်မလား လို့ တွေးမိပါသည်။ ဖိုတိုအက်ဆေး ကောင်းကောင်းလေးတစ်ပုဒ် ရေးနိုင်မယ့်ပုံ

ဖြစ်ပါသည်။

Disc: ကိုယ့်ဆြာ ရေ …ပြန်ပေးပါဦး … အဲ့တုန်းက မေးလ်မှာမပေးဘဲ ဖေ့စဘုတ်မှာ

ပြောလိုက်တယ်ထင့် ..ခု မေးလ်မှာ ပြန်ကြည့်တော့ မတွေ့တော့လို့

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၉

အန်တီပဒုံမာ့ တူမလေး လက်ရာ လို့ ယူဆရပါတယ်။

(နာမည်မသိပါ.. ဂယ် မသိတာပါ)

ပုံကောင်း တစ်ပုံ ဖြစ်သင့်လျက် ဖိုးကပ်စ် နည်းနည်း အောက်သွားသော ပုံ ဖြစ်ပါသည်။

လှုပ်ရှားသက်ဝင်မှု ကို အမိဖမ်းထားတာကို သဘောကျပါသည်။

 

Disc: လက်ခံ မမရှိပါ။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၀

 

မွန်ကစ် ရဲ့ လက်ရာ ဖြစ်ပါတယ်။

 

နောက်က စေတီများကို သည်ထက် ပိုပေါ်လွင်အောင် ပြနိုင်လျင်

အားကောင်းသော ဘက်ဂရောင်း ရလာမယ် ထင်ပါသည်။

သည်အတိုင်းကတော့ အတော်အတန် ကြည့်ပျော်ရှုပျော်သော ပုံလို့

ပြောချင်ပါသည်။

 

~~~~~~~~~~~~~~~~~~~~~~~~

Disc: f/3.4 ISO 160 1/200s

 

ပုံ-၁၁

ကိုကျော်မွန်ခန့် ရဲ့ လက်ရာ ဖြစ်ပါတယ်။

 

နှူးဘာ ဒါ့ပုံဆြာများ ဖင်အကြောင်း ဆွေးနွေးခဲ့ကြသည့် ပုံဖြစ်ပါသည်။

ပုံကောင်းလေး ၁ပုံပါ။ အလျားလိုက် မဟုတ်ဘဲ ဒေါင်လိုက် ရိုက်သင့်သည့်ပုံ

လို့ ပြောချင်ပါသည်။ ဖင်ပိုင်ရှင် ခေါင်းမပြတ်အောင်ပါ

 

Disc: f/6.3 ISO 800, 1/125s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၂

 

ကိုရွှေမင်းသား ထင်ပါတယ်။ Johny Walker ဆိုတဲ့ အကောင့်နဲ့ ပို့လာတာပါ။

 

အလွန်အသက်ဝင်သောပုံ ဖြစ်ပါသည်။ ဘီယာရောင်းသူမို့ ကွန်ဇာဗေးတစ်များထံမှ

ဗုတ်ရမည် မထင်ပါ။ ကျနော်ကတော့ အနှစ်သက်ဆုံး ပုံ လို့ ကိုယ်ပိုင် အမြင်နဲ့ ပြောချင်ပါသည်။

(ဘီဘီ ကြောင့်မဟုတ်ပါ။)

ဘာကြောင့်လဲ ဆို ဖိုးကပ်စ်ကို ဈေးသည်မျက်နှာမှာ ထားလို့ပါ။

လှုပ်ရှားမှု ကို အမိအရ ဖမ်းယူထားသောပုံ ဖြစ်ပြီး ကန့်လန့်ဖြတ် ရွှေ့လျားမှု (လှေ)

ကလည်း ထူးထူးခြားခြား အားဖြည့်ထားပြန်ပါသည်။

Disc: f/4.5 ISO250, 1/250s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၃

(ကျော်ပါမည်)

အဲ့ မကျော်ပါ

Disc: f/16, ISO 400, focal length 38mm 1/125s

အင်ဖော်မေးရှင်း အပြည့်စုံဆုံး ကတော့ သဂျီး ဖြစ်ပါတယ်။

ပုံကောင်းတာမကောင်းတာထား အင်ဖော်မေးရှင်း အတွက်တော့

ဗရာကြော်ပါ။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၄

ဒါကတော့ စိုလား ကိုကို အကောင့် ကတဆင့် မအားတဲ့ကြားက ပေးပို့ ပေးလိုက်တဲ့

ကိုချောကြီးရဲ့ လက်ရာဖြစ်ပါတယ်။

အနုပညာ ဈေးသည် တယောက်ရဲ့ ပုံပါ။

ရောင်းနေပုံမဟုတ်ဘဲ ဖန်တီးနေပုံ သက်သက် ဖြစ်တာက ပြောစရာ ပါ။

ဈေးသည်မျက်နှာနှင့် ရေပြင်ညီလောက် ကရိုက်ရင် (ထိုင်ရိုက်ရင်)

အသက်ဝင်မှာပါ။

Disc: လက်ခံရရှိခြင်း မရှိပါ။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၅

 

ဒါကတော့ ဆြာကိုစိန်သော့ လက်ရာပါ ..

မြင်တာလေးတွေ ပြောရရင်တော့

 

ဒါ့ပုံရိုက်နေတဲ့ တိုးရစ်စ်တွေ ကျောဘက်မှ နေပြီး ဈေးသည်ကို ဦးတည်ရိုက်ရင်

ပိုလှမယ် ထင်ပါသည်။ ကျနော်က ချောင်ချိုချောင်ကြား ကြိုက်တတ်လို့လားတော့မသိပါ။

ခါးထောက်ထားတဲ့ လက် အတွင်းကနေ ဇွမ်းပီး ရိုက်ရတာတို့ ..

လူ၂ယောက်ကြားက နေ ဆွဲရိုက်ရတာတို့ (သက်ရှိဘောင်အဖြစ်သုံးပြီး) နှစ်သက်ပါသည်။

 

Disc: f13, ISO 1600, 1/2500s

 

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၆

မနောဖြူလေး ရဲ့ လက်ရာ ဖြစ်ပါတယ်။

 

သည်ပုံလေးလည်း နှစ်သက်ပါသည်။ အပြစ်ပြောစရာ မရှိပါ။

ခေါင်းစဉ်နှင့် ကိုက်ညီပြီး ပြေပြစ်မှု လည်း ရှိပါသည်။

 

Disc: f/3.5 ကျန် ၂ခု မပါလာပါ။

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၇

 

စာဖတ်သူ တယောက်ဖြစ်တဲ့ ဒေါက်တာ ဇာနည်သောင်း ရဲ့ လက်ရာဖြစ်ပါတယ်။

 

ဈေးသည်လား ဈေးဝယ်လား ရုတ်တရက် မခွဲနိုင်တာက လွဲရင်

ပုံကောင်းလေး ၁ပုံ လို့ ပြောပါရစေ ..။ သည်ပုံကိုလည်း ဒေါင်လိုက်ရိုက်မယ် ဆိုရင်

နောက်က ဈေးလမ်း တူရူ ပေါ်မှာ ဖြစ်ပြီး မျှော်လို့ရတာမို့ ကြည့်ရှုသူ ကို

ဆွဲဆောင်မှု ပိုရှိစေမည် ဟု ထင်ပါသည်။

 

Disc: f/6.3, ISO 200, 1/80s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၈

 

ဒါကတော့ စာဖတ်သူတယောက် ဖြစ်တဲ့ မန္တလေး က ကိုဇော်မင်းလတ် ပါတဲ့

 

ဖွဲ့စည်းပုံကောင်းရဲ့သားနဲ့ ဘာကြောင့် တက်စခြာ ထည့်လွှတ်လိုက်သည် မသိပါ။

(ဖရက်စကို ထင်ရဲ့..)

 

Disc: f 5.9, ISO 100, 1/1000s

 

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၁၉

စာဖတ်သူတယောက် ဖြစ်တဲ့ ကိုတင်ကိုကို ရဲ့ လက်ရာပါ..

 

နည်းနည်းလေး စောင်းနေတယ်ထင်ရဲ့။

နောက်ခံ ဘက်ဂရောင်း တဲ ခေါင်မိုးဟာ ရေပြင်ညီ ဖြစ်မနေတာ ကြည့်လို့ မကောင်းပါ။

ကောင်းကင်ပြာမှာ တိမ်လှိုင်းကြက်ခွပ်လေးတွေ ထနေတာ ..သည့်ထက် ပိုပါအောင်

ရိုက်နိုင်ရင် အတော် ကောင်းမယ် ထင်ပါသည်။

 

Disc: f/6.3, ISO 200, 1/160s

 

~~~~~~~~~~~~~~~~~~~~~~~~

ပုံ-၂၀

ဒါကတော့ သတ်ပုံဂိုဏ်းချုပ် မမ ရဲ့ လက်ရာ ဖြစ်ပါတယ်…

 

 

ကျနော် ဒုတိယအကြိုက်ဆုံး ပုံပါ။

ဈေးသည် ဆိုတာ ဒါမျိုးလို့ ကျကျနန ခင်းကျင်းပြထားပါတယ်။

အလင်းအမှောင်လည်း ကောင်းပြီး

ဒေါင်လိုက်ရိုက်ထားတာကိုက ဈေးသည် ဈေးခြင်း မုန့် အကုန်ပါဝင်ပြီး

အဲ့သည့် လူနဲ့ပစ္စည်းတွေ နေရာကျနမှုဟာ ဖွဲ့စည်းတည်ဆောက်ပုံအရ

အလွန် သဘောကျစရာကောင်းပါသည်။

နောက်ကစက်ဘီး တွေကလည်း ပြင်းပြတဲ့ ဘက်ဂရောင်းနေရာင်ကနေ

ဈေးသည်ကို ခြားနား ပေးထားပြီး ပံ့ပိုး နေပြန်ပါတယ်။

ဗရာကြော်ပါ။

 

Disc: မရရှိပါ။

 

ပုံ-၂၁

ကို အန်စာတုံး ရဲ့ လက်ရာ ဖြစ်ပါတယ်ခင်ဗျား။

 

ရှေ့တူရူကို ပြထားတဲ့ အတွက် ဈေးသည်က handicap ဖြစ်တဲ့အတွက်

တွေးစရာနဲ့ ခံစားချက်တွေ ပေးပါသည်။ သို့သော ကျော ကရိုက်ထားတာကိုတော့

မနှစ်သက်လှပါ။

 

Disc: f/5.8 ISO 200, 1/350s

 

ပုံ-၂၂

မဝေဝေ ရဲ့ လက်ရာဖြစ်ပါတယ်။

 

ဘယ်ဘက် အပေါ် ထောင့်က ဖွေးထွက်နေတဲ့ နေရောင်ကြီးက ကြည့်ရဆိုးပါသည်။

ဇွမ်း ထပ်ဆွဲရင် အနားပိုကပ်ရင် ဒါမှမဟုတ် ဒေါင်လိုက် ပြောင်းစမ်းကြည့်ရင်

ဘယ်လိုနေမလဲဆိုတာ သိချင်မိပါသည်။ ဒေါင်လိုက်ဆိုလို့…

ဘယ်နဲ့ညာက ရွှေရောင်နဲ့ အနီရောင်တိုင်၂လုံးကို ဘောင်အနေနဲ့ သုံးပြီး

အားဖြည့်ယူလို့ ရတာလေး လက်တို့လိုက်ပါသည်။

Disc: f/3.5 ကျန်၂ခု ပါမလာပါ။

 

ပုံ-၂၃

ကျနော် မေ့ကျန်ခဲ့လို့ နောက်မှ ထပ်ဖြည့်လိုက်ရတဲ့ပုံပါ။

ချစ်ရင်ထူး-၂ ရဲ့လက်ရာ ဖြစ်ပါတယ်။

 

သည်ပုံလေးလည်း နှစ်သက်ပါတယ်ဗျာ…

ဝိုက်သမား မို့လို့တော့ မဟုတ်ပါ.. ပြောရရင်တော့

ဘယ်ဘက် က နေရာလွတ် အစား ညာဘက်အောက်ထောင့်က

ဈေးသည်ကြီး တက်ထိုင်နေတဲ့ ခုံ လား စားပွဲလား .

အဲ့သည့် အစွန်းလေး ပါခဲ့ရင် ပိုပြည့်စုံမယ်ထင်ရဲ့…

ဖွာထွက်နေတဲ့ အခင်းတို့ .အကျိုးအပဲ့တို့စတဲ့ ထောင့်ချိုးလေးတွေက

တခါတခါ စကားအများကြီးပြောတတ်ပါတယ်။

 

f/4 ISO400, 1/60s

 

 

ဟုတ်ကဲ့ ..

ခြုံပြောရရင် aperture, ISO, shutter speed စတာတွေကို

မသိသေးတဲ့သူတွေ ထည့်မပေးသူတွေ ပါနေပါသေးတယ်။

မသိသေးတဲ့လူတွေကတော့ နီးစပ်ရာ မေးမြန်းကြည့်ပါ။ ကျနော်တို့

ပိုစ့် အဟောင်းတွေမှာလည်း ရှာဖတ်နိုင်ပါတယ်။

ထည့်မပေးသူတွေကတော့ နောက်တခါ ဆက်ဆက် ပေးစေချင်ပါကြောင်းနဲ့..။

(စာနဲ့လည်း တောင်းမှာ ဖြစ်ပါကြောင်း)

 

နောက်တခုကတော့ ဖိုင်ဆိုက်ဇ် တွေကိစ္စပါ….။

ဖိုင်အကြီးကြီးတွေ ချိတ်ပို့နေသူတွေတွေ့ပါတယ်။

ကျနော်က ပြဿနာ မရှိပေမယ့် 5MB လောက် ဖိုင်ကြီးတွေကိုချိတ်ပို့နေတာ

ဒီ ကော်နက်ရှင် နဲ့ ဘယ်လောက် အံကြိတ်ပြီး ပို့ရတယ် ဆိုတာ

ကိုယ်ချင်းစာလို့ပါ။

 

နောက်ဆုံး ကျနော့်ဆီရောက်လို့ ဒေါင်းပြီး ပြန်တင်ရင်လည်း 800x600px

ပြန်ချုံ့ မှာ မို့ ..ကနဦးကတည်းက ဆိုက်ဇ် ချုံ့ပြီး ပို့တာ ..ပို့လို့လည်း လွယ်

ကျနော်လည်း ဒေါင်းရတာ မြန် (ပြန်ချုံ့စရာမလို) အားလုံး အဆင်ပြေစေပါကြောင်း။

 

ဖိုတို အက်ဒင်းတင်း ဆော့ဖ်ဝဲ တခုခု အလွယ်သုံး ကို

တယောက်ယောက်ကသာ ရေးတင် ပေးမယ်ဆိုရင် အားလုံးက အလွန်

ကျေးဇူးတင်မှာ အသုံးတဲ့မှာ ဖြစ်ကြောင်းလည်း ..တောင်းဆိုလိုက်ရပါတယ်…

 

နောက်ပွဲတွေ ပေးပို့တဲ့အခါ ..မိမိ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာလေးကိုလည်း

ပြောပြစေချင်ပါကြောင်း …။ ရွာထဲက နာမည်နဲ့ မေးလ်အကောင့် နာမည် တွဲမသိ

သူတွေ ရှိတဲ့အတွက်ပါ။

တော်သေးဘီ။

ခင်တဲ့

ဂီ

 

P.S

ဇွန်လ အတွက် ခေါင်းစဉ်ကတော့ “ချစ်စရာ့ အရွယ်” ဖြစ်ပါတယ်လို့။

36 comments

  • water-melon

    June 4, 2012 at 10:05 am

    ဟေး
    ဘူတွေရလဲဟင်
    ရတဲ့လူ ဘီယာဝယ်တိုက်ရမယ်
    အဟီ ပျော်မိပါသည်

  • etone

    June 4, 2012 at 10:13 am

    မိုက်တယ်နော် … မန်ဘာတွေတင်မကပဲ … စာဖတ်သူတွေပါ … ဝင်ပြိုင်ကြတာ တကယ်အားရဖို့ကောင်းတယ် … ။ ကျွန်မအကြိုက်ဆုံးပုံက နံပါတ်(၂၀)ပါပဲ … ။ကျွန်မက ဓါတ်ပုံပညာနဲ့ ပတ်သတ်လို့ .. ဘာဗဟုသုတမှမရှိလို့ မပြောတတ်ပေမယ့် …. အဲ့ဒီပုံလေးကြည့်ပြီး ဟတ်ထိသွားတယ် … ။ …

    အန်တီမမရေ .. အသက်ဝင်တဲ့ … ဓါတ်ပုံလေးရိုက်ခဲ့တဲ့ စိတ်ကူးနဲ့ .. အကြံဉာဏ်ကို ချီးကျူးမိပါတယ် … 🙂

    • MaMa

      June 4, 2012 at 8:00 pm

      ရွာရဲ့ ပထမဦးဆုံး ဓာတ်ပုံပြပွဲ အောင်မြင်သွားလို့ ..
      ပထမဦးဆုံး စိတ်ကူးရခဲ့တဲ့ ချစ်ရင်ထူး
      တာဝန်ယူပြီး ဦးဆောင်ပေးခဲ့တဲ့ နှူးဘာဂိုဏ်းချုပ်ကြီး မောင်ဂီ
      ဆုလက်ဆောင်တွေ ချီးမြှင့်ပေးတဲ့ သဂျီး၊ မောင်ဂီ နဲ့ ချစ်ရင်ထူး တို့ကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။
      ကိုယ့်အတွက်ကတော့ ဆုမရပေမယ့် အထူးအင်တိုက်အားတိုက် အားပေးတဲ့ အီတုံးကို ကျေးဇူးတင်ပါတယ်။
      ဓာတ်ပုံပြပွဲမှာကတည်းက အီတုံး မန့်တာကိုဖတ်ပြီး ကျိတ်ပြီး ဝမ်းသာနေတာ။ 🙂
      ပြောပြချင်ပေမယ့် ပြောပြလို့ကလည်း မရ။
      ဆုမရပေမယ့် ဆရာ့ဆရာကြီးတွေ ကြားထဲမှာ ဒီလောက်လေး နေရာရတာနဲ့တင် အတော်ပျော်ပြီး ပိုးဝင်သွားလို့ နောက်လအတွက် တွေ့ရာနေရာမှာ ကုန်ကြမ်းရှာနေပါကြောင်းးးးးးးးး 🙂
      ကိုယ်တိုင်တော့ လုင်ရဲ့ နံပါတ် ၈ ကို အလင်းအမှောင်ရော၊ အယူအဆကိုပါ ကြိုက်လို့ ဗုတ်ခဲ့ပါကြောင်း။
      ဒီလအတွက် နောက်ဆုံးပို့ရမယ့် နေ့ရက် အချိန်ကို သိချင်ပါတယ်။

  • Moe Z

    June 4, 2012 at 10:30 am

    23 ကို vote ခဲ့တာ :mrgreen:

    • Azzurri

      June 4, 2012 at 10:31 am

      အကြော်သည် ဒေါ်ဂျီးမိုး ပုံ မို့လားဟင်င်င်

      • Moe Z

        June 4, 2012 at 10:37 am

        ပထမတင်တုန်းက အဲပုံမပါဘူးလေ
        နောက်ကျတော့ တစ်ခြားပုံတွေထက် အားပေးတဲ့သူနည်းမယ်ထင်တာရယ်
        ပုံထဲကအဖွားကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာရယ်ကြောင့်ပါ ..
        ဓာတ်ပုံပညာထက် ခံစားမှုနောက်လိုက် လိုက်တာ 🙂

  • we R one

    June 4, 2012 at 10:45 am

    ဲJune လ အတွက် ပို့လို့ ရပြီလား ဗျို့….

    • Azzurri

      June 4, 2012 at 10:51 am

      ပို့လို့ရပါပြီ
      သောကြာနေ့ကတည်းက ၁ယောက်တောင် ပို့ထားပါပြီ

  • Azzurri

    June 4, 2012 at 10:51 am

    ဝါသနာရှင်တွေအတွက်ပါ …

    ဒီပုံတွေကိုကြည့်ပြီး
    အကြမ်းဖျဉ်း ပြောချင်တာက
    ISO နှိမ့်နိုင်သလောက် နှိမ့် ရိုက်ပါ… (အစက်အပြောက် ဗြုတ်တွေ မပါချင်ရင်)
    ညဘက်တွေ ဆိုရင်တော့ ISO မြှင့်နိုင်ပါတယ်။

    Aperture ကတော့ တပုံလုံး ရှေ့လည်နောက် ပြေပြစ်စွာ focus မိချင်ရင်
    ဂဏန်း အကြီး (f/8) နဲ့ အထက် သုံးပါ။

    ဖော်ပြချင်တဲ့ subject ပဲ focus မိပြီး background blur လိုချင်ရင်တော့
    f/1.8, f/2.8, f/3.5, f/4.0, f/5.6 သင့်တော်တာ သုံးနိုင်ပါတယ်။

    shutter speed ကိစ္စပါ ..tripod မသုံးရင် 1/80s အောက်ကို ချ မရိုက်သင့်ပါဘူး
    မြန်ရပါမယ်။ still အတွက် 1/120s နဲ့ အထက် ဟာ သင့်တော်မှု ရှိတယ် ဆိုနိုင်ပါတယ်
    fast moving objects ဖြစ်တဲ့ ဖြတ်သွားတဲ့ ကား လို အရာမျိုးအတွက်တော့
    ပြတ်သားချင်တယ် ဆိုရင် သည့်ထက်ပိုတဲ့ shutter speed လိုပါတယ်။
    အရာဝတ္ထုဟာ ဘယ်လောက် မြန်နေသလဲ ဆိုတာ မူတည်ပြီးတော့ပေါ့..

    တော်သေးဘီ။

    • ချစ်ရင်ထူးနှစ်

      June 4, 2012 at 6:28 pm

      ကိုဂီ အဲသာဆိုရင် 1/160s နဲ့ ရိုက်ခဲ့ပါတယ် ဆိုတဲ့ ပုံ(၅)က ဘာလို့ Hand Shade ဖြစ်နေတာလဲ သိချင်ပါတယ် .. နောက်တစ်ခုက (မနေနိုင်လို့ ပြောပါဦးမယ်) ကျွန်တော် နေ့ခင်းကပြောတဲ့ Aperture 27 ဆိုတာပါ ။ သူပြောသလိုပဲ ကျွန်တော် ရိုက်ကြည့်ခဲ့ပါတယ် ။ ISO ကတော့ 80 မရှိလို့ 100 နဲ့ ရိုက်ပါတယ် ၊ Aperture က 27 မရှိလို့ 25 နဲ့ ရိုက်ပါတယ် ၊ Shutter Speed ကတော့ 1/160s နဲ့ပါ ။ နေ့လည် 12.00 ကျော်ကျော် မှာနေပူထဲက Subject ကိုရိုက်တာ မဲမဲ ပဲထွက်လာပါတယ် ။ နံပါတ်(၅) ပိုင်ရှင်က ဘယ်လို ရိုက်လဲဆိုတာကို ကျွန်တော် တစ်ကယ်ပဲ သိချင်ပါတယ် .. ရွာထဲက ပညာ ရှင်များလည်း ကျွန်တော့်ကို နားလည်အောင် ရှင်းပြ ပေးကြပါဦးနော်..
      ခင်တဲ့
      ချစ်ရင်ထူး

      • Azzurri

        June 4, 2012 at 10:26 pm

        အပါချာ ဘယ်လောက်တုန်းဗျ
        နောက်တခု ဖလက်ရှ် ကျွေး မကျွေး မရေးထားဘူးလေဗျာ

        ဖိုးကပ်စ် ကတော့ ပရီ ဖိုးကပ်စ် ထင်ကြောင်းပါ
        Halfway down or mirror lockup သုံးကြည့်ပါလားဗျ

        ခင်တဲ့

        • Mလုလင်

          June 5, 2012 at 5:15 am

          ဟဲ .. ဟဲ … ဟဲ …. …….

        • ချစ်ရင်ထူးနှစ်

          June 5, 2012 at 8:48 am

          သူ့ကင်မရာက ၊ Sonny DSC -W550 ပါတဲ့ ။

        • Mလုလင်

          June 5, 2012 at 10:08 am

          Sonny DSC -W550 ဆိုရင်ဖြင့် …… FNumber ကို 27 အစား ……….. ——> 2.7 လို့ ပြင်ဖတ်ကြပါကုန်။

        • Azzurri

          June 5, 2012 at 10:15 am

          အိုက်ဒလို လုပ်ကြပါဂျာ …
          ပို့ပေးလိုက်တဲ့စာထဲ 27 ဆိုဒေါ့ ..
          ဘက်ဂရောင်းလည်း မဝါးဒေါ့ ..
          ဖလက်ရှဲ များ ဖိုင်းယား သေးလား တောင် တွေးပီး
          အုံးနှောက်တွေ ခြောက်ကုန်တာ …
          ဂယ်ဘဲ ….

          စဂါးအတင်းစပ် ..ကိုလုလင်ရေ…
          ကွန်ပက် ကင်မလာ မှာ
          play button နှိပ်ပီး f number ISO
          shutter speed ဖတ်တာလေးကို ..
          ပုံလေးတွေနဲ့ ရေးတင်ပေးပါလားဗျာ..
          ကျနော့် မှာ ကွန်ပက် မရှိလို့ဗျာ ..
          :mrgreen:

        • Mလုလင်

          June 6, 2012 at 10:27 am

          ဖြစ်နိုင်တာ ထပ်ပြောရရင် .. ISO က 160 ဖြစ်နိုင်ပြီး shutter speed က 80 ဖြစ်နိုင်ပါကြောင်း

        • Khaing Khaing

          June 6, 2012 at 1:22 pm

          ဟုတ်ကဲ့ မှားပို့မိကြောင်းပါ FNumber 2.7 ပါ … ချစ်ရင်ထူး ဇွန်လ (၄) နေ့ကမှားနေကြောင်း ပြောပါသည် ထပ်ကြည့်တော့ “.” ကျန်ခဲ့ပါကြောင်း ……. ကိုMလုလင်ပြောတာအားလုံးမှန်ပါ ကြောင်း ………

  • htoosan

    June 4, 2012 at 11:19 am

    etone နဲ့ အကြိုက်တူတယ် .. ကိုယ့်ဆရာမ ဖြစ်နေတာကိုး…. ၂ဝ ကိုဘဲ ဗုတ်ခဲ့တာ.. ဆေးလိပ်တိုချေထားတာလေးပါ ပါလိုက်သေး .. 😀

    • MaMa

      June 4, 2012 at 10:09 pm

      စီဂျေကြီး အားပေးတာကိုလည်း မှတ်မှတ်ရရပါပဲ။
      ကျမလည်း ဒီဓာတ်ပုံရဖို့ အမွှာညီအမနဲ့အတူ ငွေကုန် သံပြာ ဖိနပ်ပြား ဗိုက်ကားအောင် အားထုတ်ခဲ့ရပါတယ်။
      ပထမနေ့မှာ ဈေးသည်ကြီးကို ရိုက်တော့ ပုံကောင်းမရတာနဲ့ စကားရော ဖောရောလုပ်ပြီး ထပ်ရိုက်ဖို့ ကြိုးစားပေမယ့် ဈေးသည်ကြီးက ရှက်လွန်းလို့ ခေါင်းတောင် မမော့တော့ တာနဲ့ လက်လျှော့လိုက်ရပါတယ်။
      နောက်နှစ်ရက်လောက်နေမှ ပဒုမ္မာက ဈေးသည်ရဲ့ အရှေ့ကနေပြီး သွားဝယ်တယ်။
      စကားပြောပြီး မုဒ်ရအောင် ကြိုးစားတယ်။
      ပြောင်းဖူးတွေကို အပိုင်းချိုးပြီး အိတ်ထဲ့ထည့်ပြီး လှမ်းပေးတော့မှ ကျမဘက်ကို ပေးလိုက်လို့ ပြောတဲ့အချိန်မှာ ကင်မရာကို ကြိုချိန်ထားပြီး အမိအရ ရိုက်ယူလိုက်ရတာ။
      အဲဒီပိုစ့်ကို ဖုံးနဲ့ဖွင့်ပြီး ကျမတို့က ကမာ္ဘပေါ်က ဓာတ်ပုံပြိုင်ပွဲမှာ ဝင်ပြထားတာ လို့ ပြောပြီး သူ့ပုံကိုပြတာ ရဲရဲတောင် မကြည့်ပဲ ရှက်နေလိုက်တာများ ထပ်တောင် ရိုက်ပြချင်စိတ်ပေါ်လာတယ်။ 😀
      ဈေးသည်ခေါင်းစဉ်အောက်မှာ လိုက်ရိုက်ထားတာ ပုံတွေ အများကြီးပဲ။
      အဲဒီပုံတွေထဲကမှ ကိုယ်ကြိုက်တဲ့ ပုံ ၅ ပုံလောက် လုင်ဆီပို့ပြီး ရွေးခိုင်းတာပါ။
      အနီးကပ်ကြီးကြပ်မှုပေးတဲ့ ဆရာလုလင်ကိုလည်း ကျေးဇူးတင်ပါတယ်။
      အရင်ကတည်းက ဝါသနာပါတာမို့ အခုတော့လည်း ပိုးဝင်သွားပြီမို့ နောက်လခေါင်းစဉ်အတွက် တွေ့သမျှကလေးတွေကို ဓာတ်ပုံလိုက်ရိုက်နေပါကြောင်းးးးးးးးး 🙂

      • Azzurri

        June 4, 2012 at 10:40 pm

        မာမား
        သည်လ အတွက် ပုံကို အလွန် သဘောကျ နှစ်ခြိုက်မိတာ လေး ပြောပါရစေဗျ

        နောက်လအတွက်တော့

        ရိုက်ကူးဆက်တင်လေးတွေကိုလည်း ကိုုံလင် ကိုမေးပြီးထည့်ပေးစေလိုပါကြောင်း

        ခင်တဲ့
        ဂီ

  • Khaing Khaing

    June 4, 2012 at 11:43 am

    ဒီကနေ့ရုံးဖွင့်တော့ ရွာထဲဝင်ကြည့်လိုက်မိတယ် အရမ်းကိုအံ့ဩဝမ်းသာသွားမိတယ် ပြပွဲ စတင်ချိန်ကဖွင့်ကြည့်လိုက်တော့ နံပါတ် ၄ နဲ့ နံပါတ် ၈ အဲဒီပုံလေးတွေရဲ့လက်ရာက တစ်ခြား သူတွေနဲ့မတူပဲ ထူးခြားမှုတစ်ခုခုရှိနေခဲ့ပါတယ် ဓါတ်ပုံအကြောင်းကိုလုံးဝနားမလည်ပါဘူး ဒါပေမယ့် ဒီလက်ရာတွေက ထူးခြားမှုတစ်ခုခုကိုပေးနေတယ်လို့စိတ်ထဲခံစားမိပါတယ် …… မထင်မှတ်ပဲ အဲဒီပုံတွေကြားမှာ ကျွန်မရဲ့ဘာမှမဟုတ်တဲ့ ပုံနံပါတ် (၅) က ဗုတ်သူအများဆုံးရ သွားခဲ့တာ ဝမ်းလည်းသာတယ် ရှက်လည်းရှိမိတယ် ….. ကျွန်မကို ဗုတ်ပေးတဲ့သူတွေကိုလည်း အရမ်းကိုကျေးဇူးတင်ဝမ်းသာမိပါတယ် ……… အခုပြပွဲလေးက တစ်ကယ့်ကို မှန်မှန်ကန်ကန်ပြု လုပ်ခဲ့တဲ့ပွဲလေးဆိုတာ ကျွန်မယုံကြည်ခဲ့မိပါတယ် ကျွန်မဓာတ်ပုံပြပွဲဝင်တာ မည်သူကိုမျှလည်း မပြောခဲ့ပါဘူး မည်သူမျှလည်းမသိခဲ့ဘူး ကျွန်မကပထမဆုံး ပြပွဲမို့လို့ဝင်ပြချင်စိတ်လေးရိုးရိုးနဲ့ပြမိတာပါ တစ်ကယ်တန်းကျွန်မပြဖို့ရည်ရွယ်ခဲ့တာ June လ မှာလုပ်မယ့် “ချစ်စရာ့အရွယ်” မှာဖြစ်ပါတယ် ……
    ဒီပုံလေးရိုက်စဉ်တုံးက မန်းဂေဇက်မှာပို့စ်တင်ဖို့အတွက် ရည်ရွယ်ရိုက်ခဲ့တာပါ ရန်ကုန်တိရိစာ္ဆန်ဥယျာဉ်မှာရိုက်ခဲ့တာဖြစ်ပါတယ် ကျွန်မပုံတွေတင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကွန်မကောင်းတာကြောင့်မတင်ဖြစ်ခဲ့ပဲ Draft ထဲမှာပဲ ရှိနေခဲ့ပါတယ် ပြပွဲလုပ်မယ့်အချိန်မှာ ဒီပုံလေးက ကလေးတွေနဲ့ဈေးသည်ဦးလေးကြီးအတော် ရင်းနှီးနေပုံဖြစ်နေလို့ ကျွန်မပြပွဲအတွက် ပြဖို့စိတ်ကူးမိပြီး ပို့ခဲ့တာပါ အဲဒီဈေးသည်ကြီးက ဆင်တွေကပြတဲ့ရှေ့မှာရောင်းပါတယ် မနေ့က (တနင်္ဂနွေ ၃.၆.၂၀၁၂) မှာသူနဲ့တွေ့တော့ ကျွန်မထပ်ပြောခဲ့သေးပါတယ် အင်တာနက်ပေါ်မှာ အစ်ကို့ပုံကိုတင်ပြီးပြပွဲမှာ ပြထားတဲ့ အကြောင်းလေးကိုပါ …… အဲဒီဈေးသည်ကြီးကအလွန်သဘောကောင်းပါတယ် ကျွန်မသမီးလေးနဲ့အခြားကလေးတွေကသူ့အနားမှာ ဝိုင်းနေတာသူက အားလုံးသေချာရှင်းပြပြီး စိတ်ရှည်လက်ရှည်လုပ်ပေးနေပါတယ် အရုပ်လေးတွေကို ဈေးလျော့ပေးတဲ့အပြင် ကျွန်မတို့အပြန်မှာ လက်ဆောင်အဖြစ် အရုပ်တစ်ရုပ်ပေးလိုက်သေးပါတယ် …. ဒီလိုသဘောကောင်းတဲ့အရုပ်ဈေးသည်ကြီးကို ကျွန်မပြပွဲဝင်ပြဖို့ စိတ်ကူးလေးဖြစ်ခဲ့တာပါ သမီးလေးပုံက ခေါင်းငုံနေပါတယ် သမီးလေးမျက်နှာမြင်ရတဲ့ပုံတွေဆိုရင် တစ်ခြားရွာသူ ရွာသားတွေ မြင်ရင်သိမှာစိုးလို့ မမြင်ရတဲ့ပုံလေးကိုရွေးတင်လိုက်တာပါ ………

    စာဖတ်သူများလည်း ဝင်ရောက်ပြတာသိရတော့ အရမ်းကိုဝမ်းသာမိပါတယ် ….. ကျွန်မကော့်မန့်ပေးတာတွေမှာ အမှားအယွင်းများပါခဲ့ရင် အားလုံးခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ် ….

    ကျွန်မက လေးမှော်နဲ့ ကိုလုလင်ရိုက်တဲ့ပုံတွေကို လက်ရာကောင်းမှန်းခံစားမိပါတယ် ……
    ကျွန်မသဘောကျတာ ၁၂၊ ၂ဝ နှင့် ၂၃ပုံတွေကိုပါ ….. အခုပွဲလေးရဲ့အဓိက ရလဒ်အဖြေက ဓာတ်ပုံပိုးရှိ တဲ့ကိုကိုမမတွေ ဓာတ်ပုံပညာနဲ့ပတ်သတ်ပြီး အတော်ဗဟုသုတရမယ့်ပွဲလေးတစ်ပွဲဖြစ်ပါတယ် …..

    ခင်မင်လေးစားစွာဖြင့်
    Khaing Khaing

    • Azzurri

      June 4, 2012 at 11:50 am

      ဟိုဘက် ဒါ့ပုံပြိုင်ပွဲ ပိုစ့် ကို ပရင့်ထုတ်ပြီး
      အဲ့လူကြီး ကို အမှတ်တရလက်ဆောင် သွားပေးရမှာဗျ ….
      မော်ဒယ် ရီလိစ်(ကာယကံရှင် ခွင့်ပြုချက်) ယူလာခဲ့တဲ့အတွက်
      ထပ်လောင်း ချီးကျူးပါတယ်ဗျာ …

      ၁၈မမ နဲ့ ရိုက်ရင် အပြည့်ပါနေမစိုးလို့ ၃၈မမ နဲ့ ဟိုလူမသိ ဒီလူမသိအောင်
      ခိုးရိုက်တဲ့လူဂျီးနဲ့တော့ ကွာထှာအေ…။
      ကွန်ဂရက်ကျူလေးရှင်းပါအေ….

      ညည်းပြောတဲ့ မျှမျှ တတ မှန်မှန် ကန်ကန် ဖြစ်အောင် ..
      ကျုပ် ဝင်လည်း မပြိုင်ခဲ့ ဘယ်သူဘယ်ပုံ ဆိုတာလဲ မပြောခဲ့တာပေါ့..
      (သူငယ်ချင်းတွေထဲက မေးတာ မြန်းတာ ရှိပေမယ့် အားနာပေမယ့် မဖြေခဲ့ပါဘူး..)

      ဆက်တင်တွေ အကြောင်း မေးတုန်းကမေးထားပြီး နောက်မှ တင်တယ်ဆိုတာကလည်း
      အဲ့သည့် ဂဏန်းတွေ ဖတ်ပြီး ပုံ၁ပုံကို သင်္ချာဆန်ဆန် ချဉ်းကပ်မှာ စိုးလို့ပါပဲ …

      အဲ ..
      စကားအတင်းစပ် …
      ပွင့်၂လင်းလင်း ပြောရရင် ..ဓါတ်ပုံပညာအရ .. ခင်ဗျားပုံကို ကျုပ် မကြိုက်ဘူးဗျ. ..

      :mrgreen:

      အန်းနီးဝေး …
      လူအများစုရဲ့ အသည်းအညှာ ကို ဆွဲခါနိုင်ခဲ့တဲ့ ပုံ ဖြစ်ကြောင်းကိုတော့
      လက်ခုတ် တီး အားပေးသွားပါတယ်ဗျ..

      အတတ်ပညာပိုင်းအရလည်း…
      ပိုကောင်းတဲ့ပုံတွေ ရိုက်နိုင်ပါစေဗျာ…

      • Khaing Khaing

        June 4, 2012 at 12:06 pm

        ကျွန်မပုံကို ဓာတ်ပုံဆရာတွေက တန်းမဝင်ဘူးလို့ပြောကြပါတယ် ……. မှန်ပါတယ် …… ကျွန်မကလည်း ကင်မလာပိုင်းဆိုင်ရာ အယူအဆကောင်းစွာရိုက်ထားတာမဟုတ်ဘဲ သဘာဝပုံလေးတွေကို ရွာထဲ မှာပို့စ်တင်ပြချင်တာနဲ့ရိုက်ထားတာပါ …….. ကြည့်ယုံသက်သက်ဆိုမမှားပါဘူး ….. ပိုကောင်းတဲ့ ပုံတွေရိုက်ဖို့ သင်ယူဦးမယ်ကိုဂီရေ …….. ဒါပေသည့် ကျွန်မက ပစ္စည်းကောင်းတွေဝယ်ရမှာ တော့နှမြောတယ်ရှင့် ……. အဲဒီဘက်ကို ဝါသနာသိပ်မရင့်သေးဘူးရှင့် အိမ်မှုကိစ္စဘက်ကိုပဲ ဦးတည်နေရလို့ပါ …….

        စကားအတင်းစပ် ကိုဂီနောက်နှစ် ဝဲဒီကို တက်ချင်တယ်နော် မဖိတ်ရင်စိတ်ဇိုးမှာ ………

        ိခင်မင်ရင်းနှီးစွာဖြင့်
        Khaing Khaing

        • Azzurri

          June 4, 2012 at 1:55 pm

          ဈေးကြီးတဲ့ပစ္စည်းတွေ ဝယ်ဖို့ မပြောပါဘူး..
          လက်ထဲက ကင်မလာ ကိုဘဲ ..
          စေလိုရာ စေ အစွမ်းကုန်
          အသုံးချနိုင်ဖို့ သင်ယူနိုင်ပါစေဗျာ..

          နောက်တခေါက်လည်း ..ကျုပ် ဘယ်သူ့မှ ဗုတ်မည် မဟုတ်ပါ..။
          အဘယ့်ကြောင့်ဆိုသော် ..ကျုပ်ကိုယ်ပိုင် ပြဌာန်းတဲ့
          ချစ်စရာ့အရွယ်ဆိုတာ ..၁၆နှစ်ကမှ စပြီး မိန်းကလေး သီးသန့် ဖြစ်ပါတယ်…
          😀

  • manawphyulay

    June 4, 2012 at 4:07 pm

    ၂၃ ပုံလေးလည်း သဘောကျတယ်။ အတော်များများကို သဘောကျမိတယ်။ ဒါနဲ့ ချစ်စရာ့အရွယ်က ဘယ်အရွယ်ကိုပြောတာလဲ မိန်းကလေးပဲလား ဘယ်သူမဆိုမရဘူးလား… ဒါလေးလည်းပြောပြပါဦး

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2012 at 10:29 pm

    ဓာတ်ပုံပြိုင်ပွဲ ဥက္ကဋ္ဌဂျီးများ ဘာမသိကြီးများဂို တင်ပြ အကြံပေးဆရာလုပ်အပ်ဘာဒယ်
    အကြောင်းအရာ
    ပြီးခဲ့တဲ့ ဈေးရောင်းစားသူများ 😀 ပြိုင်ပွဲမှာ ဘယ်လိုပုံကို ဘယ်လိုအနေထားနှင့် အဆင့်သတ်မှတ်မယ်
    ဆိုဒါဂို သေသေချာချာ မပြောဆိုထားဒဲ့အတွက် ကိုယ်သန်ရာ သန်ရာ
    အားပေးကြည့်ရှု့ချီးမြှောင်ထောက်ခံတိုက်တွန်းဩဘာပေးဝိုင်းဘုတ်ခဲ့ဂျဘာဒယ်
    ယခုတဖန် ချစ်စရာ့အရွယ် ဆိုတာကိုတော့ သတ်မှတ်ချက်များ ထားသင့်ဘာဒယ်
    ( 1 ) ချစ်စရာ့အရွယ်ဆိုတာ ဘယ်အရွယ်ကိုခေါ်သလဲ ( ရွာထဲမှာလည်း ချစ်စ/ဆရာ ဆိုတဲ့လူတစ်ယောက်
    ရှိတဲ့အတွက် အဲ့သည်အရွယ်ကြီးလား )
    ( 2 ) ဥက္ကဋ္ဌဂျီးများ ဘာမသိကြီးများ ချစ်စရာလို့ထင်တဲ့အရွယ်ကို ချစ်စရာလို့သတ်မှတ်ရမှာလား
    ( 3 ) ပုံ များကို ဘယ်လို ဝိသေသတွေပေါ် မူတည်ပြီး အဆင့်သတ်မှတ်မလဲ
    ဆိုဒါလေးအား ဥက္ကဋ္ဌဂျီးများ ဘာမသိကြီးများမှ အသိပေးကြေငြာပေးပါရန်
    ရိုသေလေးစားဦးညွှတ်ဖင်ကုန်းပြီး တောင်းပန်လျှောက်ထား အကြံပေးဆရာလုပ်အပ်ဘာသည်
    ဥက္ကဋ္ဌဂျီးများ ဘာမသိကြီးများ ခင်ဗျား

  • YE YINT HLAING

    June 4, 2012 at 11:57 pm

    ( 1 ) Childhood ( p-5 )
    ( 2 ) Sweet Smile ( p-20 )
    ( 3 ) Pretty Girl ( p-4 )

  • weiwei

    June 5, 2012 at 10:05 am

    အင်တာနက်ပျက်နေတာနဲ့ ဒီနေ့မှ ဝင်ကြည့်ဖြစ်တယ် …
    နံပါတ် (၂၀) ကို ဗုတ်ခဲ့တာ အန်တီ မမ ပုံဖြစ်နေတာသိရလို့ အံ့ဩသွားတယ် …
    အရမ်းကောင်းတဲ့လက်ရာတစ်ခုပါ …

    ကျွန်မကတော့ ဘုရားစောင်းတန်းမှာ လျှပ်တစ်ပြတ်တွေ့လိုက်ရတဲ့ ဈေးသည်မလေးကို အမြန်ရိုက်လိုက်ရတာမို့ ဘာမှ ချိန်ဖို့ အချိန်မရခဲ့လိုက်ဘူး … ပြပွဲမို့လို့ အားပေးတဲ့အနေသာ ဝင်ပြလိုက်တာဖြစ်ပါတယ် …

    ချစ်စရာ့အရွယ်အတွက် မြင်သမျှကလေးတွေကို လိုက်ချိန်နေပါသော်လည်း အခုထိ တစ်ပုံမှ မရိုက်ရသေးဘူး … 🙂

    • MaMa

      June 6, 2012 at 9:30 am

      ပုံတင်ပြီးကတည်းက ငါ့ပုံလေး ဘယ်သူများ ဘယ်လို ပြောပါလိမ့်မလဲဆိုပြီး မကြာခဏ ဖွင့်ကြည့်ရတာ အမောပဲ။
      ပထမဦးဆုံး ဝေဝေ ဗုတ်လိုက်တယ်လို့ ရေးတာလည်း တွေ့ရော ဝမ်းသာအားရ ဘေးနားက ရှိတဲ့လူ အကုန်လုံးကို လိုက်ကြွားတော့တာပဲ။ 😀

  • blackchaw

    June 5, 2012 at 11:18 am

    အခုလို တစ်ပုံချင်း သုံးသပ် ပြပေးတာ ကျေးဇူးအထူးပါ ညီလေးရေ။
    ဒါမှလည်း နောက်တစ်ခါ ရိုက်ရင် ဘယ်လို အနေအထားဘာညာ ရွေးတတ်လာမှာပေါ့။
    အဲဒီကောင်လေးက
    ပုဂံမှာ ပန်းချီကို LIVE ရေးပြီး တစ်ပုံ ၃၀၀ဝ နဲ့ ရောင်းနေတာဗျ။
    ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူဆွဲနေတဲ့ ပန်းချီတစ်ခုထဲမှာပဲ အာရုံစိုက်ပြီး
    လုပ်နေတာကိုက သူ့ရဲ့ MARKETING ဗျ။
    နောက်တစ်ခါဆိုရင်တော့ ဒီထက် ပိုကောင်းအောင် ရိုက်နိုင်မှာပါ ဂီဂီရေ။
    တစ်ပုံချင်း လေးလေးစားစား သုံးသပ်ပြပေးတာ ကျေးဇူးပါဗျာ။
    ဘဘ ဘလက်

  • Red Devil

    June 5, 2012 at 6:19 pm

    သိချင်တာလေးပြောပြပေးပါ တစ်ယောက်ကို ဘယ်နှစ်ပုံပို့နိုင်ပါသလဲ၊ ဘယ်ကိုပို့ရမလဲ၊ ဘယ်နေ့နောက်ဆုံးလဲ ဆိုတာလေးပါ

  • ညလေး

    June 5, 2012 at 6:30 pm

    ဦးဦးဂီရယ်……..ညလေးကိုများရက်စက်တယ်တဲ……….
    မြန်မာပြည်မှာဘဲနေတာပေါ့…..ချောင်ကျတဲ.နေရာလေးမှာ ကွန်ကတော့အမြဲတမ်းဖြူးနေတာပဲ..

    • Azzurri

      June 6, 2012 at 10:33 am

      ရက်စက်လို့ ရက်စက်တယ် ပြောတာပေါ့ဗျာ..
      ကျုပ် တိမ်ပေါ်တင်တာဗျ…
      တိမ် ပြည့်သွားရင် ဘိုလုပ်မဲ …
      စပေ့ထပ်ဝယ်ပေးမား …ကျော…
      :mrgreen:

  • ညလေး

    June 6, 2012 at 6:30 pm

    ဆော်တီးပါ……ဦးဦးဂီရာနော်………
    ဒုခပေးမိသလိုဖြစ်သွားရင်………တောင်းပန်ပါတယ်ရှင်….
    နောက်တစ်ခါပို့ရင် ………ဆိုဒ်ကိုသေချာချူံ.ပြီးမှပို.ပါ့မယ်နော်……
    အရင်လကအရမ်းလောသွားလို.ပါ………
    လက်ခံချိန်ပြည့်သွားမှာဆိုးလို.ပါ……..4:45မှပို.လိုက်ရတာလေနော်….
    ကျေးကျေးပါနော်……

  • Myo Min Oo

    June 15, 2012 at 3:57 pm

    ပုံတွေမမြင်ရဘူး၊ ဘယ်မှာကြည့်ရမှာလဲ၊ ဒိပိုစ့်မှာမဟုတ်ဘူးလား
    ဒါမှမဟုတ် ကွန်နက်ရှင်မကောင်းလို့မမြင်ရတာလား။

Leave a Reply