ပြည်တန်ဆာမှတ်စု

chityimhtooJune 4, 20121min21514

ပြည်တန်ဆာမှတ်စု
~~~~~~~~~~~

ကျွန်မတို့ဟာ
မြို့ကြီးရဲ့ လက်နှစ်ဖက်ကို ကုတင်တိုင်မှာ ပုဝါပါးနဲ့ ဖွဖွလေးချည်ထားတယ်။
မြို့ကြီးထဲက လူကြီးမင်းဆိုသူများ
ကျွန်မတို့ရဲ့ အပေါစားပေါင်ဒါအနံ့မှာ လာလာအညံ့ခံကြ။

ကျော်မကောင်းကြားမကောင်းဖြစ်မှီ လူကြီးလူကောင်းများ
ဖွတ်မထွက်မှီ ကြောင်သူတော်ကြီးများ
လိင်စိတ္တဇမဝင်မှီ လူရိုးလူအ ဆိုသူများ
အားလုံးအတွက်စီစဉ်ထားပါတယ်။

ကျွန်မတို့ရဲ့ အိမ်တံခါးပေါက်ကို
အချစ်ကံခေသူတို့ရဲ့ ထွက်ပေါက်အဖြစ် ညလုံးပေါက်ဖွင့်ထားပါတယ်။
လွယ်ကူပြီးဈေးနှုန်းသက်သာ ကျွန်မတို့ကို
အသင့်ဖေါက်စားလိုက်ရုံနဲ့
ကာလသားများရဲ့ မုန်ယိုရောဂါဟာ သက်သာပျောက်ကင်းစေနိုင်မှာပါ။

အချစ်တို့ စိန်တစ်ဆင်စာတို့ တိုက်တစ်လုံးကားတစ်စီးတို့
လက်ဆောင်ပစ္စည်းတို့နဲ့
တစ်ယောက်ကိုတစ်ယောက် ရှည်ကြာလှည့်စား လုပ်မနေပါနဲ့ရှင်
ကျွန်မတို့ရဲ့ ဆံညှပ်ကလက်လေးကို
ခဲရာခဲဆစ် ကတုန်ကယင်လက်နဲ့ ဖြုတ်နေစရာမလိုပါဘူး
ရှင်တို့နဲ့ကျွန်မကြား ခြားဖို့ အပေါစားအကာအကွယ်တစ်ခုပါရင်ပဲ
အိုကေပြီလေ။

ကျွန်မတို့ရဲ့ ငခုံးမတစ်အုပ်စုကြောင့်
တစ်မြို့လုံးပုပ်နေတယ်လို့ မထင်ပါနဲ့
ကျွန်မတို့ဟာ ဒီမြို့ကြီးရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတဲ့ သားရဲတွင်းတစ်တွင်းပါ။
ရက်စက်တဲ့ မုဆိုးတွေလက်ချက်နဲ့
ဒဏ်ရာရ ယုန်မလေးတွေ သမင်မလေးတွေ နေ့စဉ်နဲ့အမျှ
အသစ်အသစ်ရောက်ရှိလာနေတာပဲ ကြည့်လေ။

အဲဒါ ကျွန်မတို့ရဲ့ ရှိစုမဲ့စုပစ္စည်းကို
ထု ခွဲ ရောင်း ချ ခြင်း ပဲ။
တွတ်တွတ်ရဲအောင် ခြယ်သထားတဲ့ ကျွန်မတို့ရဲ့ ဘဝအားမာန်ဟာ
မိဘအမွေအနှစ်မှန်တင်ခုံရှေ့က ရွှေရည်စိမ်မိန်းကလေးတွေထက် ပိုမလှဘူးလား။

ကျွန်မတို့ရဲ့ ဘဝအမြှေးပါးတွေ၊ ကျွန်မတို့ရဲ့အမဓါတ်အပြည့်နဲ့ ပိရိသေသပ်ခဲ့တဲ့နှုတ်ခမ်းသားတွေဟာ
ဘယ်တော့မှ အကောင်းအတိုင်းပြန်မရတော့ပေမယ့်
ကျွန်မတို့ကန့်လန့်ကာနောက်ကွယ်က ကျွန်မတို့မိသားစု ကျွန်မတို့ချစ်ရတဲ့သူတွေ
ဘဝကို ဗိုင်းကောင်းကျောက်ဖိနေနိုင်ကြဖို့ပဲ မဟုတ်လား။

ကျွန်မတို့ဟာ ဖာသည်မတွေပါ
လူကြီးမင်းတို့ လိုအပ်ချက်နဲ့ကွက်လပ်များကို ဖာပေးနိုင်ပါတယ် ဖြည့်ပေးနိုင်ပါတယ်
ပူးပေါင်းပါဝင်လိုပါက အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်ရှင်။ ။
_________
မောင်ယုပိုင်
၂၀၀၄

လေးစားပါတယ် မောင်ယုပိုင်…အရမ်းဘဲလေးစားပါတယ်
ဖေ့ဘုတ်စာမျက်နှာလေးမှာတွေ့လို့တင်လိုက်ရတာပါ

14 comments

  • water-melon

    June 4, 2012 at 6:25 pm

    ဘယ်လို မန့်ရမလဲ မသိတော့ဘူး
    ဒီတိုင်းဖတ်ခဲ့ပါတယ်

  • သားဦး၊မြေးဦး

    June 4, 2012 at 6:44 pm

    “”ကျွန်မတို့ရဲ့ ငခုံးမတစ်အုပ်စုကြောင့်
    တစ်မြို့လုံးပုပ်နေတယ်လို့ မထင်ပါနဲ့
    ကျွန်မတို့ဟာ ဒီမြို့ကြီးရဲ့တောင်းဆိုမှုကြောင့်
    ပေါ်ပေါက်လာတဲ့ သားရဲတွင်းတစ်တွင်းပါ။
    ရက်စက်တဲ့ မုဆိုးတွေလက်ချက်နဲ့
    ဒဏ်ရာရ ယုန်မလေးတွေ သမင်မလေးတွေ နေ့စဉ်နဲ့အမျှ
    အသစ်အသစ်ရောက်ရှိလာနေတာပဲ ကြည့်လေ။””
    ————
    နားလည်ခံစားသွားပါတယ် ဗျာ။

  • Potter Herry

    June 4, 2012 at 6:52 pm

    အမေပေးတဲ့ လယ်ကွက်လေးနဲ့ပေါ့လေ ။

  • ဗိုက်ကြီး

    June 4, 2012 at 7:23 pm

    ပြဿနာတက်နေတာ အဲ့ လယ်ကွက်ပေါ့ဟ

  • ahnyartamar

    June 4, 2012 at 7:35 pm

    ကျွန်မတို့ဟာ ဖာသည်မတွေပါ
    လူကြီးမင်းတို့ လိုအပ်ချက်နဲ့ကွက်လပ်များကို ဖာပေးနိုင်ပါတယ် ဖြည့်ပေးနိုင်ပါတယ်
    ပူးပေါင်းပါဝင်လိုပါက အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း
    သတင်းကောင်းပါးအပ်ပါတယ်ရှင်

    ကန်စွန်းရွက်နဲ့ပေါက်ပေါက်လည်းမပါဘဲနဲ့…အာလူး…

  • မောင်ပေ

    June 4, 2012 at 7:36 pm

    ပြည်တန်ဆာ ဆိုတာ ရှိသင့်ရှိထိုက်တဲ့ လူတန်းစားတစ်ရပ်လို ့ဘဲ မြင်မိပါတယ် ။ မြတ်စွာဘုရားရှင် လက်ထက်မှာတောင် ရှိပါတယ် ။ အမျိုးသမီးအချို ့အတွက် ၊ ငွေနောက်ကို အလွယ်လိုက်တယ်ဘဲ ပြောပြော.. ၊ ပိုက်ဆံ ကို ဘယ်သူမှ အလကားမရကြပါဘူး ။ ရန်ကုန်မှာဆိုရင် အထည်ချုပ်စက်ရုံတွေက အချို ့အမျိုးသမီးလေးတွေဟာ ငွေရေးကြေးရေး အဆင်မပြေမှု အဆုံးမှာ အနှိပ်ခန်း ကိုရောက် ၊ စင်တင်တွေကိုရောက် ၊ ပြည်တန်ဆာ ဖြစ်သွားကြသူတွေ အများကြီးပါဘဲ ။ ထို ့အတူ အထက်အညာဒေသ က အမျိုးသမီးလေးတွေလဲ ပါပါတယ် ။ ပြည်တန်ဆာ လုပ်ရင်းနဲ ့လိမ်မာပါးနပ်စွာနေရာကနေ ၊ တိုးတက်သွားတဲ့ သူတွေလဲ အများကြီးပါဘဲ ။ ( ရာနှုန်းအားဖြင့်တော့ မဖြစ်စလောက်ပေါ့ ) ပြည်တန်ဆာတွေအတွက် တစ်ခုတော့ ရှိတာက ကွန်ဒုံး ကိုတော့ အမြဲမပြတ် ဆောင်ကြရပါမယ် ။ ကွန်ဒုံး ဟာ sexually transmitted diseases တွေကိုကာကွယ်ရုံတင်မကပါဘူး ၊ အသက်ဆုံး စေနိုင်တဲ့ HIV အန္တရာယ်ကပါ ကာကွယ်ပေးနိုင်တယ် ဆိုတဲ့အသိကို ပြည်တန်ဆာတိုင်း သိအောင် ပညာပေးရပါမယ် ။
    ကွန်မင့်ကို အဆုံးသတ်ရရင်ဖြင့် ၊ သဂျီး တို ့ယူအက်စ်မှာဆိုရင် တစ်ကယ့်အလန်းစားကြီးတွေ ပါကလား
    ဟီဟိ

  • ဇောက် ထိုး

    June 4, 2012 at 8:25 pm

    ကျွန်တော် စာသားတွေကိုဖတ်ရတာ အရမ်းထိတယ်ဗျာ…
    အဖွင့်အပိတ်… အထိအခတ်.. အဖုံး..အဖော်.. အားလုံးကွက်တိပဲ။
    အားမန်လဲ အပြည့်လိုခံစားလိုက်ရတယ်။
    အလှောင်အပြောင်လဲပါတယ်။ လောကဒဏ်လဲထုတ်ပြတယ်။ ဘဝကိုလဲ ထင်ဟတ်စေတယ်။ ကျွန်တော်တော့ ကြိုက်သွားတယ်။

    • yan moe moe

      June 5, 2012 at 9:57 am

      အဲဒီလောက်ကြိုက်နေရင် သူပြောတဲ့ ဖာသည်မတွေဆီသာ ဇောက်ထိုးဆင်းသွားလိုက် ဇောက်ထိုးရေ

  • ကိုရင်မောင်

    June 4, 2012 at 8:47 pm

    စိတ်မကောင်းစရာဘဝလေးတွေလို့ဘဲ
    ပြောလိုက်ပရစေတော့…..

  • မြတ်ကျော်သူ

    June 4, 2012 at 10:05 pm

    မှတ်စုက တစ်ခုခုမှားနေသလိုပဲ…
    ကျွန်တော်ကိုယ်တိုင် တစ်ခုခုမှားနေတာလဲ ဖြစ်နိုင်ပါတယ်…
    နှစ်ခုလုံးမှားနေတာလဲ ဖြစ်နိုင်တယ်…
    နှစ်ခုလုံးမမှန်တာတော့ သေချာတယ်…

  • yan moe moe

    June 5, 2012 at 9:56 am

    မောင်ယုပိုင်….မင်းပြောပုံအရဆိုရင်……….. ဘဝစားဝတ်နေရေးအတွက် စည်ပင်မှာ ပင်ပင်ပန်းပန်းနဲ့ မြို့တော်သန့်ရှင်းရေးလုပ်နေတဲ့ မိန်းကလေးတွေ…ဆောက်လုပ်ရေးမှာ အုတ်သယ်နေတဲ့မိန်းကလေးတွေ…..စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေ….အလုပ်သမားအခွင့်ရေးအပြည့်အဝရရေးအတွက် ကြိုးစားနေတဲ့မိန်းကလေးတွေထက် မင်းပြောတဲ့ ဖာသည်မတွေက ပိုမြင့်မြတ်နေပြီမောင်ယုပိုင်ရေ….

  • etone

    June 5, 2012 at 10:42 am

    ကဗျာဆရာရဲ့ ပုံဖော်ရေးသားနိုင်စွမ်းကို ချီးကျူးပါတယ် … ။ ဒါပေမယ့် …
    အဝှာလုပ်စားနေတဲ့ ..မိန်းကလေးတွေရဲ့ ဘဝကိုစာနာသလိုလိုနဲ့ … အပြာစာသားဆန်ဆန်ရေးထားတဲ့ ကဗျာမို့လို့ … လုံးဝ မနှစ်သက်ပါဘူး ။

    တချို့ မိန်းမတွေ ကြပ်တည်းပေမယ့် … ပန်းရံလုပ်တယ် ၊ အဝတ်လျှော်တယ် .. စသဖြင့် ရရာ အလုပ်ရှာလုပ်ကြတယ် ..လုပ်ခ လစာ ၊ ငွေပမာဏအားဖြင့်နည်းပေမယ့် …. ပတ်ဝန်းကျင်ရဲ့ တန်ဖိုးထားခံရမှုကတော့ .. မနိမ့်ပါဘူးလေ … ။

    ဇယားမတွေကတော့ … ဘယ်သူ့ရဲ့ လိုအပ်ချက်ကြောင့် ဘာဖြစ်လာတယ်ပဲ ပြောပြော … ၊ ကြပ်တည်းလွန်းလို့ပဲပြောပြော .. လိုအပ်တဲ့ ငွေအရင်းနှီးရလာတဲ့အခါ .. ဒီလို ဘဝထဲက ရုန်းထွက်ဖို့ မေ့နေကြတယ် … ။ ချော်လဲရောထိုင် ၊ ပေါက်တဲ့ နှဖူး မထူးတော့ဘူးဆိုပြီး … ဒီဘဝထဲ ဆက်မျောသွားတဲ့ မိန်းမမျိုးအတွက်ကတော့ .. ဘာမှကိုမဝေဖန်ချင်တော့ဘူး ။ 🙄

  • kyaw moe moe

    June 5, 2012 at 10:43 am

    ဘယ်သူတွေးဘာဘဲတွေးခေါ်ယူဆနေပါစေ ဘဝရဲ့စေစားမူ့အရလျှောက်လှမ်းနေရတဲ့ လူသားအချင်ချင်းတွေးပါ စာနာနားလည်စွာနဲ့ တစ်ဦးပေါ်တစ်ဦး နာလည်မူ့ပေးကျပါဗျာ—–

  • kyeemite

    June 5, 2012 at 12:59 pm

    ကျွန်မတို့ရဲ့ အိမ်တံခါးပေါက်ကို
    အချစ်ကံခေသူတို့ရဲ့ ထွက်ပေါက်အဖြစ် ညလုံးပေါက်ဖွင့်ထားပါတယ်။
    လွယ်ကူပြီးဈေးနှုန်းသက်သာ ကျွန်မတို့ကို
    အသင့်ဖေါက်စားလိုက်ရုံနဲ့
    ကာလသားများရဲ့ မုန်ယိုရောဂါဟာ သက်သာပျောက်ကင်းစေနိုင်မှာပါ။

    ကိုင်း..ရွာထဲရှိကြကုန်သော ဂေါ်မစွံ လူဗျိုဂျီးများ…ညလုံပေါက်ဖွင့်ထားသတဲ့..
    ကိုပေဆီက ကွန်ဒုံး တောင်းပြီး မုန်ယိုရောဂါ ပြေးကုကြပေတော့..

Leave a Reply