သူတို့သည် အမှိုက်ကောက်သမား ကောင်လေးနှင့် သူ၏အဖော် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။

×××××

ညမှောင်ပြီး လမသာသော နေ့တစ်နေ့..

လမ်းမီးတိုင်အောက်ရှိ ပလပ်ဖောင်းပေါ်တွင်ထိုင်ကာ သူတို့စကားပြောနေကြသည်။

“လောကမှာ ကျွန်တော်အမုန်းဆုံးက ဘာလဲသိလား ဦးလေး”

“အောင်မယ် ကြီးကြီးကျယ်ကျယ် ဘာတုန်း မင်းမုန်းတာက၊ အမှိုက်ပုံနားက ကြွက်တွေလား၊ ညစ်စုတ်စုတ် အနံ့ဆိုးတွေလား”

“တစ်ခုမှမဟုတ်ဘူး၊ ကျွန်တော်မုန်းတာက ပိုက်ဆံဗျ၊ ပိုက်ဆံ”

“ကြီးကျယ်လှချည်လားကွ၊ ငါတို့မှာတော့ ဒီပိုက်ဆံကို ကုန်းရုန်းရှာနေရတာ နေ့မအား ညမအားပဲ၊ နင့်မေကလွှား၊ မင်းကမုန်းတယ်ဆိုတော့၊ ထူးထူးဆန်းဆန်းပါလားကွ”

ဘတ်စ်ကားတစ်စီးဆိုက်လာသည်… “တပ်ထိပ်၊ စက်မှု့ဇုန်၊ … ဘီအိုစီ၊ သမကုန်း၊ အဝေးပြေးသွားမှာလာ၊ ရောက်တယ်လာ”

“ကျွန်တော်မုန်းတာ အဲ့ဒါတွေကြောင့်ပဲဗျ၊ လောကမှာပိုက်ဆံဆိုတာကြီးသာမရှိရင် ဘယ်သူမှ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတော့မှာမဟုတ်ဘူး၊ ကိုယ့်အိမ်ကိုယ်နေ ကိုယ့်ထမင်းကိုယ်စား၊ သာသာယာယာပဲ”

“ပိုက်ဆံမရှိမှတော့ အဲ့ဒီထမင်းဘယ်ကရမှာလဲ၊ ဆန်ဆိုင်တွေကလည်း ပိုက်ဆံမရရင် ဘယ်သူကရောင်းမှာတုန်း၊ ရုံးတွေမှာရော ပိုက်ဆံနဲ့ လခမပေးထားရင် ဘယ်သူကအားအားယားယား လာလုပ်မှာလဲ၊ ပစ္စည်းအသစ်အဆန်းတွေ နည်းပညာအသစ်အဆန်းတွေရော ပိုက်ဆံမရရင် ဘယ်သူက အပင်ပန်းခံထုတ်လုပ်မှာတုန်း…၊ လူ့လောက ယန္တရားကြီးတစ်ခုလုံးက ပိုက်ဆံဆိုတဲ့လောင်စာ နဲ့လည်ပတ်နေတာကွ၊ ခြင်တွေကလည်း ကိုက်လိုက်တာ (ဖြန်း) ”

“ဟက်ဟက်၊ ဒါဆိုလောကမှာ အရေးအကြီးဆုံးက ဘာလဲဗျ၊ ပိုက်ဆံတဲ့လား၊ ပိုက်ဆံမရှိပဲ ကျွန်တော်တို့ မရှင်သန်နိုင်တော့ဘူးတဲ့လား၊ လူ့လောကထဲက ပိုက်ဆံကိုဖယ်ထုတ်လိုက်ဗျာ၊ ဘာဖြစ်မတဲ့တုန်း”

“ဟကောင်ရ၊ ပိုက်ဆံဆိုတာ လူတွေသုံးရစွဲရ၊ အပေးအယူလုပ်ရ အဆင်ပြေအောင် တမင်ဖန်တီးထားတဲ့ ဟာပဲ၊ အဲ့ဒါကို မင်းကဘာလို့ ဖယ်ထုတ်ချင်ရတာတုန်း၊ ဖယ်ထုတ်စရာမလိုဘူးလေ၊ သူ့ဟာသူရှိနေတဲ့ဟာကို အလိုက်အထိုက်လေးအသုံးချသွားယုံပဲ၊ အဓိကက ပိုက်ဆံကိုခိုင်းစားတက်ဖို့ ပဲလိုသဗျာ”

တစ်ချက်တစ်ချက် လျှပ်စီးများလက်လာကာ မိုးခြိမ်းသံကလည်း သဲ့သဲ့လေး ကြားလိုက်သေး၏၊ ကြယ်တွေလည်း အိမ်ပျော်ကုန်ပြီထင်ရသည်…..

“ဒါဆို သူ့ထက်အရေးကြီးတာဘာလဲ၊ လောကမှာ အရေးအကြီးဆုံးကဘာလဲ ??”

“(တစ်ချက်ပြုံးရင်း) အရေးအကြီးဆုံးဆိုတာ ရှိဖို့လိုအပ်လို့လား၊ မင်းအခုဗိုက်ဆာနေတယ်မှတ်လား၊ ခုချိန်မှာ မင်းအတွက်အရေးအကြီးဆုံးက စားစရာရဖို့ပဲ၊ ပိုက်ဆံနဲ့ဝယ်ရသည် ဖြစ်စေ၊ ထမင်းကျန်ဟင်းကျန်ပဲ စားရသည် ဖြစ်စေ၊ အခုမင်းအတွက် အရေးအကြီးဆုံးက ဗိုက်ပြည့်ဖို့၊ ရေဆာတဲ့ အချိန်မှာရေက အရေးကြီးတယ်၊ အိမ်သာတက်ချင်ရင် အိမ်သာက အရေးကြီးတယ်၊ အိမ်သာတက်ပြီးသွားပြန်တော့ ဆေးဖို့ ကြောဖို့က အရေးကြီးပြန်ရော၊ ပိုက်ဆံကတော်တော်တော့ အရေးကြီးတယ်၊ ဒါပေမဲ့ ပိုက်ဆံရှိပြီး ထမင်းမရှိလို့ လည်းမဖြစ်၊ အိမ်သာအရမ်းတက်ချင်ပြီးမှ ၀မ်းချုပ်နေလို့လည်း မဖြစ်ဘူးမှတ်လား”

မိုးများတဖွဲဖွဲ ကြွေကျလာသည်၊ မိုးခြိမ်းသံခပ်ကျယ်ကျယ် တစ်ခုနားထဲသို့ဝင်လာပြီးနောက်၊ ရပ်ကွက်ထဲတွင် မီးပျက်သွားသည်…

“ဦးလေး ဒါဆိုဦးလေးအတွက် အရေးအကြီးဆုံးက ဘာလဲဗျ”

ဂျိန်းး.. ဂျလိမ်းး (မိုးခြိမ်းသံ)၊

ပေါက် ပေါက် ပေါက် (မိုးစက်များ မြေပေါ်ကျသံ)၊

ဝူးးး ဗလွမ်းး (ကားတစ်စီး ရေအိုင်ထဲကို ဖြတ်သွားသံ)

ကောင်းကင်ကိုတစ်ချက်မော့ကြည့်ရင်း..

“အမိုးတစ်ခု၊ ဒါမှမဟုတ် ထီးတစ်ချောင်းပေါ့ကွာ ဟား၊ ဟား၊ ဟား….”

ထို့နောက်သူတို့သည် အမိုးရှိသော ဘတ်စ်ကား မှတ်တိုင်အောက်သို့ပြေးဝင်သွားကြသည်။

ဘတ်စ်ကားတစ်စီးရောက်လာသည်၊ “မြန်မြန်လာမြန်မြန်လာ နောက်ကားပါတယ်၊ မောင်း မောင်း….”

ဘတ်စ်ကားကြီးသည် ပိုက်ဆံနောက်ကို အရှိန်ဖြင့်လိုက်သွားသည်၊ သူ၏ နောက်တွင် ပိုက်ဆံလုမည့် သူပါလာချေပြီ၊ ဘတ်စ်ကားဂိတ်တွင် ပိုက်ဆံလေးများ ရပ်စောင့်နေကြသည်၊ ထိုပိုက်ဆံလေးများသည် ပိုက်ဆံကြီးများထံတွင် အလုပ်လုပ်ရင်း အိမ်ရှိပိုက်ဆံပိစိကွေးလေးများအတွက် ရှင်သန်နေကြသည် ဆိုပါလျှင်……

…ငှက်ငယ်…

About ငှက်ကလေး

has written 18 post in this Website..

ကျွန်တော်သည် ကျွန်တော်မျှသာ၊ ကျွန်တော့်အကြောင်း ကျွန်တော်ပင်မသိ။ ကျွန်တော်၏ ဘလော့မှာ www.blogpieces.blog.com ဖြစ်သည်။