ပန်းတစ်ခင်းရဲ့ဒဏ္ဍာရီ

မြန်မာနိုင်ငံကြီးသာ ပန်းခင်းကြီးတစ်ခင်းဆိုရင်ဖြင့်-

ပြည်သူတွေဟာ ပန်းပွင့်လေးတွေဖြစ်လာကြမှာပါ…

ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးတွေမဖြစ်ချင်သလို… မြေဩဇာ မရတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူး…

နေရောင်မရတဲ့ လောင်းရိပ်အောက်မှာ မဖူးပွင့်ချင်သလို… သွေးစွန်းတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူးဗျာ…

ကျွန်တော်တို့နေတဲ့ ပန်းခင်းကြီး ပိုပြီးလှပတာ… ပိုပြီးအရောင်အသွေးစုံလင်တာ… ပိုပိုလှတဲ့ပန်းလေးတွေပဲ မြင်ချင်မိတာ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါဗျာ…

ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေနဲ့ဥယျာဉ်မှူးကြီးဖြစ်နေတော့ ကျွန်တော်တို့ဘဝက ဘယ်မှာ သိပ်ပြီး လန်းဆန်းနိုင်ပါ့မလဲ…

ဥယျာဉ်မှူးကြီးရဲ့အဖေ ဥယျာဉ်မှူးဟောင်းကြီး ဖဲရိုက်၊ အရက်သောက်လို့ တင်သွားတဲ့အကြွေးတွေကို သားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေထိုးဆပ်နေမှတော့ ကျွန်တော်တို့ ပန်းခင်းလေးဟာလဲ… သိပ်ပြီးတော့မလှပတော့ဘူးလေ… ဥယျာဉ်မှူးဟောင်းကြီးလက်ထက်တုန်းက ရှိသမျှရောင်းပြီး အရက်သောက်ဖဲရိုက်လို့… အဝီစိတွင်းလေးက မော်တာလေးလဲမရှိတော့ဘူး… ပန်းခင်းဘေးမှာ ထိုင်စရာခုံတန်းလေးလဲ ခြံစည်းရိုးတွေပေါက်ပြဲလို့ အပြင်ကလူတွေဝင်လာပြီး ထင်းစိုက်ဖို့ ဖြုတ်ယူသွားကြပြီ…

နောက်ဆုံးကုန်းကောက်စရာမကျန်တော့လို့ အရိပ်ရတဲ့ ဗံဒါပင်ကြီးကိုတောင် ခုတ်ရောင်းလိုက်ရတယ် မဟုတ်လား… ကျွန်တော်တို့ ဥယျာဉ်လေးဘယ်လိုများ သာယာပါတော့မလဲကွယ်… အခုဆိုရင် ကျွန်တော်တို့ ပန်းခင်းကိုလာပြီး အပန်းဖြေနေကြ ဟိုးအဝေးကြီးကဧည့်သည်တွေလဲ မလာတာတော်တော်ကြာပြီပေါ့…

ဧည့်သည်တွေမလာတော့ ဥယျာဉ်ဟောင်းကြီးခမျာ ပန်းလှလှလေးတွေလဲမရောင်းရ… ဒေသထွက်ကုန်လေး တွေကိုစုပြီးဖွင့်ထားတဲ့ အရောင်းဆိုင်လေးလဲ အရင်းပြုတ်နဲ့ ကျွန်တော်တို့ဥယျာဉ်ကြီးဟာ ဘယ်မှာများသာယာ လှပပါဦးတော့မလဲ…

ဒီလိုနဲ့ ဥယျာဉ်မှူးဟောင်းကြီး နာတာရှည်ဖြစ်ပြီး အိပ်ယာထဲလဲသွားတော့ သားဖြစ်တဲ့အခုဥယျာဉ်မှူးကြီးက ဒီဥယျာဉ်လေးကို ဆက်ပြီးထိန်းသိမ်းရတော့တာပေါ့… အကြွေးတွေဝိုင်းနေတဲ့ ဥယျာဉ်မှူးကြီးက ဘယ်လိုများ ဥယျာဉ်လေးကို ဆက်ပြီး ထိန်းသိမ်းကြမလဲ…

စေတနာကောင်းမယ်လို့ ခန့်မှန်းရတဲ့ဥယျာဉ်မှူးအသစ်က အရင်ဆုံးပန်းလေးတွေကို မေးတယ်… မင်းတို့ဘာလို ချင်လဲတဲ့… ပန်းလေးတွေကပြန်ပြောတယ်… ရေပုံမှန်လောင်းစေချင်ပါတယ်တဲ့… အဲဒီတော့ ဥယျာဉ်မှူးခမြာ ရှိတဲ့ လက်ယက်တွင်းလေးကနေ ရေကိုထမ်းလောင်းတယ်… ပန်းပွင့်တွေအတွက်မလုံလောက်ဘူးဖြစ်နေ ပြန်ရော… ပန်းပွင့်လေးတွေကလဲ လိုအပ်တဲ့ရေမရတော့ မပွင့်ဘူးဆိုတင်းခံနေတယ်… အဲဒီမှာ ဥယျာဉ်မှူး ကြီးက ဈေးထဲမှာ နေ့ပြန်တိုးနဲ့ ရေစုတ်ပန့်လေးတစ်လုံးဝယ်ပြီး ရေလောင်းပေးဖို့ စီစဉ်ရပြန်ရော…

ဘာပဲဖြစ်ဖြစ် ပန်းလေးတွေလှလှပပပွင့်တာကနောက်… လောလောဆယ်တော့ နေ့ပြန်တိုးနဲ့ အကြွေးကထပ် တင်သွားပြန်ပြီပေါ့ ဥယာဉ်မှူးကြီးရေ…

တကယ်တန်းရေလောင်းပေးလိုက်ပြန်တော့လဲ ဥယျာဉ်ထဲက ပန်းလေးတွေက ထင်သလောက်မလှပတော့ ပြန်ဘူး… ပြန်စဉ်းစားကြည့်ပြန်တော့ ဥယျာဉ်မှူးဟောင်းကြီးလက်ထက်က ငွေပေါ်လျော့ဈေးလုပ်ခဲ့ရတော့ ပန်းပင်လေးတွေကနေ အပွင့်တွေပွင့်တဲ့အထိမစောင့်နိုင်တာကြောင့် အချိန်တိုနဲ့ရောင်းအားကောင်းတဲ့ ပျိုးပင်လေးတွေကိုပဲ ဈေးပေါပေါနဲ့ရောင်းခဲ့ရပြန်တာကိုး… ကိုယ့်ဆီက ဈေးပေါပေါနဲ့ ရောင်းလိုက်ရတဲ့ ပျိုးပင်လေးတွေ သူတပါးခြံမှာ ငွားငွားစွင့်စွင့်ပွင့်နေပြန်တော့လဲ… ကိုယ့်ပန်းမို့ ပြန်ပေးပါဆိုပြီး တောင်းမရစ ကောင်းပါလားဗျာ… နောက်ဆုံးတော့ ရွေးကျန်ပန်းပင်လေးတွေကိုပဲ လှလှပပ အပွင့်ပွင့်အောင်မရှိရှိတာ ရောင်းချပြီး မြေဩဇာကျွေး၊ ပေါင်းသင် လုပ်ကြရပြန်တာပေါ့…

ကိုယ့်ရှိတဲ့ မြေဆွေးမြေဩဇာနဲ့ မလုံလောက်တော့ နိုင်ငံခြားကနေမှာယူရတဲ့ ဓာတ်မြေဩဇာကို ကျွေးရပြန် ဦးမယ်… အဲဒီတော့ နိုင်ငံခြားမြေဩဇာကို အသုံးတည့်အောင်စနစ်တကျမသုံးတတ်တဲ့ အကျွမ်းတဝင်မရှိတဲ့ ဥယျာဉ်မှူးကြီးခမျာ… ပွဲစားတွေဆီကနေပြီး ၅ကျပ်လောက်တန်တဲ့ မြေဩဇာကို ၅ဝ လောက်ပေးပြီးဝယ်ရ ပြန်ရော… တကယ်အကျိုးရှိသွားတာ ပန်းပွင့်နဲ့ ပန်းပင်လေးတွေမဟုတ်ပဲ နိုင်ငံခြားက ၅ကျပ်တန် မြေဩဇာကို (၅၀)နဲ့ လာရောင်းသွားတဲ့ ပွဲစားတွေပါဗျာ… ပန်းပင်လေးတွေကတော့ ဓာတ်မြေဩဇာစားဖူးသွားတာကလွဲရင် ထင်သလောက်တော့ အကျိုးမဖြစ်သေးဘူး…

အဲဒီအချိန်မှာ ဥယျာဉ်မှူးက တစ်ချိန်တုန်းက ဖခင်ဥယျာဉ်မှူးဟောင်းကြီးနဲ့မတည့်တဲ့ အရပ်ထဲက စာတတ် ပေတတ် စိုက်ပျိုးရေးအကြောင်းနားလည်တဲ့ အမျိုးသမီးကြီးတစ်ယောက်ကို အကူအညီတောင်းရတော့ တာပေါ့.. ဒါကိုတောင် အိပ်ယာထဲလဲနေတဲ့ ဥယျာဉ်မှူးဟောင်းကြီးက အပြစ်တင်ကျိန်းမောင်းသေးတယ်…

အကြွေးတစ်ပုံတစ်ပင်နဲ့မို့ ဘယ်ဆိုင်ကမှ မြေဩဇာအကြွေးဝယ်မရ… ပန်းရောင်းမရဖြစ်နေတဲ့ ဥယျာဉ်မှူးကြီးက အမျိုးသမီးကြီးမျက်နှာနဲ့ မြေဩဇာတွေဝယ်မယ်… ပန်းတွေရောင်းမယ်ဆိုပြီးကြိုးစားပြန်တော့လဲ… ပန်းပင် တွေက သစ်ခွပန်းမို့ သပ်သပ်နေချင်ပါတယ်… ပန်းတိမ်မနိုင်ပန်းမို့ တခြားပန်းအပေါစားတွေနဲ့ စိုက်ဘောက်တစ် ခုထည်းအမှာ အတူတူမပွင့်နိုင်ပါဘူးဆိုတာမျိုးဖြစ်ကြပြန်ရော…

အဲဒီကြားထဲ တချို့ပန်းပင်တွေက ရသမျှမြေဩဇာတွေအကုန် စုပ်ယူပြီးတခြားပန်းပင်တွေကို သေအောင်ပြု သေးသဗျ… စိုက်ပျိုးရေးအကြောင်းနားလည်တဲ့ အမျိုးသမီးကြီးခမျာမှာလဲ အခုလိုပယမ်းပဒါဖြစ်နေတဲ့ ပန်းခင်း ကြီးအတွက် ကိုယ်စွမ်းရှိသမျှကြိုးစားပါတယ်…

အရင်တုန်းက သတင်းမွေးခဲ့တဲ့ ပန်းခင်းကြီးကို အဝေးကြီးက ဧည့်သည်တွေပြန်လာကြပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ထင်သလောက်ဆွဲဆောင်မှုမရခဲ့ပါဘူး… ပန်းခင်းလေးကိုတော့ ဧည့်သည်တွေစိတ်ထဲ တစ်ကျော့ပြန်မှတ်မိသွားတာတော့ ရှိပါတယ်…

ပန်းပင်လေးတွေ ကိုယ့်နေရာနဲ့ကိုယ် ကိုယ်စီတာဝန်တွေနဲ့ ငွားငွားစွင့်စွင့်ပွင့်ပေးဖို့… အရင်တုန်းက ခုတ်ရောင်း ခဲ့တဲ့ ဗံဒါပင်ကြီးနေရာမှာ ပျိုးလိုက်တဲ့ ဗံဒါအပင်ပေါက်လေးကနေ အရိပ်ကောင်းတဲ့ အပင်ကြီးဖြစ်ဖို့ ဆိုတာ တစ်ရက်ထဲလုပ်ယူလို့မရတာမို့ ပန်းပွင့်လေးတွေနဲ့ ဥယျာဉ်မှူးရေ အချိန်ပေးပြီးစောင့်ရပေဦးမပေါ့…

ဒီလိုအချိန်… ဒီလိုနေရာမှာ… ဥယျာဉ်မှူးနဲ့ ပညာရှင်အမျိုးသမီးကြီး အစွမ်းကုန်ကြိုးစားနေချိန်မှာ ပန်းပင်လေး တွေအနေနဲ့လဲ မိမိရဲ့စွမ်းသလောက် တစ်ငုံဖြစ်ဖြစ်ပွင့်ပေးမှပဲ ပန်းခင်းအဟောင်းကြီးက ပြန်ပြီးသာယာလာပါ လိမ့်မယ်…

ပန်းပွင့်လေးတွေလဲ သာယာမယ့်ပန်းခင်းကြီးပြန်ဖြစ်လာဖို့ မျှော်လင့်နေပါပြီ…

“မြန်မာပြည် ငြိမ်းချမ်းပါစေ… ပန်းပွင့်တွေဆုတောင်းနေ…”

21 comments

  • water-melon

    June 5, 2012 at 2:37 pm

    ကိုဖတ်ပြောတဲ့အတိုင်းဖြစ်ပါစေတော်
    လက်မလေးတော့ထောင်ခဲ့ပါတယ်

  • kotun winlatt

    June 5, 2012 at 2:46 pm

    ပန်းကလေးများပွင်တော့မည်..
    ဖူးတံဝင့်လို့ချီ
    နေခြည်ရွှေရည်လောင်းးး
    ငါတို့ပြည်ကြီး လှပကြောင်းးးး
    ငြိမ်းချမ်းပါစေ…မြန်မာပြည်…လို့ဆုတောင်းတယ်ဗျာ…။

  • pooch

    June 5, 2012 at 2:47 pm

    ကိုကြောင်ဝတုတ်ရေ ဆူးလေမှာဆန္ဒပြနေကြပြန်ပြီ။ ဘေးက ကွန်းမန့်တွေဖတ်ပြီး ကျမတော့ စိတ်ပူမိတယ်။
    ဆိုင်ရာများလည်း သတိကြီးကြီးထားပြီး ကိုင်တွယ်ရတော့မယ်။

    ပန်းခင်းဖျက်မဲ့ ပိုးတွေ ဝင်မလာပါစေနဲ့ပဲ ဆုတောင်းပါတယ်။

    • etone

      June 5, 2012 at 2:53 pm

      အစ်မပုချ်ရေ .. .ဟုတ်တယ် …. လူအင်အား ၅၀ဝလောက်ရှိမတဲ့ …. ။ ရွာထဲက လွှတ်တော်မတက်တဲ့ အမတ် … အဲ့ဒီရောက်ပြီး သတင်းယူနေသတဲ့ .. ဟိဟိ ဖွပြီး ပြေးပြီ 😀

  • etone

    June 5, 2012 at 2:49 pm

    ဥယျာဉ်မှုး ယောကျာ်း သားတို့ရ ဲ့ ဇွဲမရှိမှုနဲ့ .. အရည်ချင်း မပြည့်ဝမှုတို့ကြောင့် … ထင်သလောက် အကျိုးမဖြစ်ထွန်းခဲ့လို့ … အမျိုးသမီးကြီးကို အကူညီတောင်းတယ် … ။ ကိုယ်မလုပ်နိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူညီတောင်းတာ ကောင်းတဲ့ အချက်ပါ … ဒါပေမယ့် .. ဘယ်အရာမဆို .. အချိန် အတိုင်းတာလိုတယ်ဆိုတာလည်း ယောကျာ်းသား ဥယျာဉ်မှု နှစ်ယောက်စလုံးကို သိစေချင်ပါတယ် …. ။
    ကိုယ်တိုင်တောင် ဖြစ်ဖြစ် မြောက်မြောက် မလုပ်တတ်လို့ …. အကူညီတောင်းမှတော့ … စောင့်ကြည့်ဖို့ အချိန်ပေးရမှာပေါ့ …. ဆန္ဒမစောသင့်ဘူးလေ …. ။
    ပန်းပွင့်တိုင်းကလည်း … ရေရချိန်ကို မျှော်ပြီး စိတ်ပျက်အားငယ်နေမယ့်အစား … ၊ ရှိရင်းစွဲ ခံနိုင်ရည်လေးနဲ့ .. ကြိုးစားရပ်တည်ရင်း … ရေလောင်းမယ့် အချိန်ကို စောင့်နေသင့်တာပေ့ါ …….. ။

    သရော်စာကောင်း တပုဒ်မို့ …….. လက်မထောင်သွားပါတယ်ဗျို့ 😛

  • Mon Kit

    June 5, 2012 at 2:53 pm

    တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား….

  • marblecommet

    June 5, 2012 at 3:03 pm

    အာစိယေ့…..
    မြင့်မြတ်တဲ့ ပန်းတစ်ပွင့်ကြောင့်
    ကျုပ်တို့ ဂုဏ်ယူဝင့်ကြွားရတယ်
    ဒါပေမဲ့ အရာအားလုံး က သင်္ခါရဆိုလေတော့
    ……….ဒါနဲ့ချည်း မွေ့လျှော်နေလို့ မပြီးသေးဘူး..
    အဲဒီ ပန်းပွင့်ကိုယ်တိုင်က…အမြဲမပြတ်ပြောကြားနေတာကို
    လူတွေက မေ့နေကြတယ်….
    ရှင်းရှင်းလေး သူပြောတာက
    လူတိုင်းမှာ တာဝန်ရှိတယ်…
    အဲဒါကိုကျ မေ့နေကြပြီးတော့……ချစ်တယ်.ချစ်တယ်….ဆိုတာတစ်ခုနဲ့ မပြီးသေးဘူးနော……
    ပန်းပွင့်ချပြခဲ့မယ့် မျိုးစေ့ ဂုဏ်ရည်အတွင်းသားကို
    ကျနော်တို့က လက်ဆင့်ကမ်းသင်ကြားနာယူကြရမှာမလား
    ဒီတော့ဗျာ……
    ဆြာကြီးစာပေလူကြမ်းမင်းသားကြီး ပြောသလို…
    အဖေထက်သားတော်……ဆြာထက် တပည့်တော်…..
    အဲဂလိုတွေ ဖြစ်ဖို့ အားထုတ်ကြရဖို့က..
    အားလုံးရဲ့တာဝန်ဟု ထင်ပါကြောင်း….
    …………
    ဆောဒိဗျို့ ဆိုင်လား မဆိုင်လားတော့ မသိ
    ကိုယ့်ဆြာပို့စ်မှာ-ဝင်မန့်သွားတယ်….
    ဒီရက်ပိုင်း ဒါ့စာလေး ဖျစ်နေလို့..ဟဲဟဲ..

  • ဗိုက်ကလေး

    June 5, 2012 at 6:55 pm

    ပန်းလေးတွေနဲ ့ ဥပမာထားပြီးရေးပြသွားတာ.ကောင်းပါလေ့ အူးလေးကြောင်ဝတုတ်ရာ..

    အတတ်နိုင်ဆုံး အလှဆုံး ပွင့်ပြကြရအောင်ပါ….

    လောလောဆယ်တော့ ဘီအီးသွားကစ်ပါရစေဦး 😆

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 7:39 pm

    ” ပန်းကလေးများ ပွင့်တော့မည် ..
    ဖူးတံဝင့်လို့ချီ ..
    နေခြည်မှာ ရွှေရည်လောင်း
    ငါတို့ စာသင်ကျောင်း … (ဟောင်းလောင်း) … ”
    ကျနော်တို့ ငယ်ငယ် ကလေးဘဝက ဆိုခဲ့ရတဲ့ ကဗျာလေးကို
    အမှတ်ရသွားလို့ပါ ကိုဖက်တုတ်ရေ …
    လက်မလေး တစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်နော့ ..

  • မောင်ပေ

    June 5, 2012 at 7:53 pm

    ငြိမ်းချမ်းပါစေ
    ကျန်းမာပစေ
    သောကကင်းပြီး ဘေးရန်သွေ ။

  • ahnyartamar

    June 5, 2012 at 8:41 pm

    ဖက်တီးကက်ရေ…အများပြည်သူတွေမျှော်လင့်နေတဲ့ သာယာလှပပြီး အေးချမ်းလုံခြုံတဲ့ ဥယျာဉ်ကြီး မကြာမှီလာတော့မှာပါ။ ဒါပေမယ့် အားလုံး တက်ညီလက်ညီ၊ ဇွဲရှိရှိ နဲ့ အလုပ်လုပ်ဖို့တော့လိုတယ်နော်…။

  • Shwe Ei

    June 5, 2012 at 8:46 pm

    အကိုဂျီးရဲ့ အိုက်ဒီယာတွေက မထင်မှတ်လောက်အောင် ကောင်းလာပါတယ်ဗျာ။ စိတ်ခွန်အားပေးနိူင်တဲ့ ပို့စ်တွေများများရေးနိုင်ပြီး ကိုယ်တိုင်လဲစိတ်ချမ်းသာပါစေဗျာ။

  • padonmar

    June 5, 2012 at 10:33 pm

    ဖက်ဖက်ကက်
    အခုတလော အရမ်းကောင်းနေပါလား။
    လက်မထောင်ခဲ့ပါတယ်။

    သူ့မြေမှာဖြူပြာပွင့်သလို ဒို့မြေမှာ နီဝါတင့်ချင်ပါပြီ။

    လူမျိုးစွဲ ဘာသာစွဲ ပါတီစွဲတွေ ဘေးချိတ်ပြီး တိုင်းပြည်ရှေ့ရေး အတွက်
    လက်တွဲညီညီ ဝိုင်းဝန်းကြပါစို့။

    အခုကစ ကြိုးစားကြမှ နောင်မျိုးဆက်တွေကို ရေခံမြေခံကောင်းတွေ ပေးနိုင်မှာပါ။

  • ဂျမ်းဘုံ မ

    June 6, 2012 at 12:32 pm

    အမေစု နဲ ့ဦးသိန်းစိန် တို ့ပေါ့နော် ။
    သမီးတို ့လဲ တစ်တပ်တစ်အားပါဝင်လုပ်ဆောင်ကြမယ်ရှင့်

  • ကြောင်ဝတုတ်

    June 6, 2012 at 1:02 pm

    ဒီရက်ပိုင်းမှာ ဒီမိုကရေစီကိုသွားနေတဲ့နိုင်ငံတော်ကြီးအတွက် ရင်လေးစရာတွေချည်းတွေ့နေရလို့
    ကျွန်တော်ခံစားရသလို စိတ်ရမ်းလက်ရမ်းနဲ့ရေးမိရေးရာ ရေးမိကြောင်းဝန်ခံပါတယ်…

    တစ်ချိန်ကနိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ မိဘတွေရော ဆွေမျိုးတွေပါတိုက်တွန်းတဲ့ကြားထဲက
    ဒီနိုင်ငံမှာ ဖြစ်အောင်ရှာစားမယ်ဆိုပြီး ပေကပ်နေခဲ့တဲ့ကျွန်တော်အတွက် ချစ်စရာဒီနိုင်ငံပဲရှိပါတယ်…

    ကျွန်တော်ဟာ ဒီပန်းခင်းထဲက ပန်းတစ်ပွင့်ပါ… မျိုးကောင်းမျိုးသန့်ပန်းတစ်ပွင့်ဖြစ်ချင်မှဖြစ်မယ်…
    တောရိုင်းပန်းတစ်ပွင့်ဖြစ်ရင်တောင် ဒီပန်းခင်းကြီးလှပဖို့ ကျွန်တော်အစွမ်းကုန်ပွင့်လန်းဖို့
    ကြိုးစားသွားမှာပါ…

    ပန်းတစ်ပွင့်-
    ကြောင်ဝတုတ်

  • kyeemite

    June 6, 2012 at 3:47 pm

    ဖက်ကက်ရေ…မနေ့ကထုတ်တဲ့ မြန်မာ့အလင်းမှာ
    နိုင်ငံတော်ရဲ့မျှော်လင့်ချက် ခေါင်းဆောင်ကြီး
    နှစ်ဦး ဆိုပီး ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်..
    တော်တော်ကောင်းတဲ့ဆောင်းပါးပါ..ဦးသိန်းစိန်နဲ့
    ဒေါ်စုကို အတူတွဲလုပ်ဆောင်နေလို့ ဂုဏ်ပြုရေးထားတာ
    ခင်ဗျားအခုရေးတဲ့ ပန်းခင်းတစ်ခင်း သဘောပါဘဲ..
    တွေးတတ် ရေးတတ်ပုံကိုတော့ ချီးကျူးပါတယ်ဗျို့
    လက်မတစ်ချောင်း…ထောင်သွားဂျောင်း

  • amatmin

    June 6, 2012 at 4:14 pm

    ကိုကြောင်ဝတုတ်ရေ..
    စနစ်ဆိုတဲ့ ပို့စ်မှာကတည်းက လက်မတချောင်းထောင်ချင်နေတာရယ်..
    အခုတော့ နှစ်ခုပေါင်းပြီး တေချောင်းထောင်လိုက်သဗျာ.. 🙂
    ကိုယ်တိုင်လည်း ပန်းခင်းသောလမ်းမှာ ပျော်မွေ့ဖို့ မျှော်လင့်နေပါတယ်ဗျ..
    ဘယ်သူများ ရေလောင်းပါ့မလဲ စောင့်စားရင်းပေါ့. 😆

  • blackchaw

    June 6, 2012 at 5:45 pm

    ပန်းပွင့်လေး ကြောင်ဝတုတ်ရေ
    ဘလက်ချောတို့လို ပန်းပွင့်ကြီးတွေကိုရော
    ပန်းပွင့်အရာသွင်းမှာလားဟင်င်င် ???
    ပန်းခင်းကြီးထဲက
    ပန်းတစ်ပွင့်ဖြစ်ချင်တဲ့
    ပန်းပွင့်ကြီးဘလက် … ။

  • အရီး Khin Latt

    June 6, 2012 at 9:27 pm

    အတွေးကောင်း တဲ့ ကြောင်ဝလေး ပါဘဲ၊ 🙂

    ဒါဆိုရင် အရီးတို့လို အဝေးကနေ “လေအား” ပေးနေသူတွေက ဝတ်မှုံ လေးတွေ ကို သယ်ပြီး ပန်းလေးတွေ မျိုးဆက်ဖို့ ပေါ့။
    ဒါပေမဲ့ လေမပြင်းဖို့ တော့ လိုမယ်။
    မဟုတ် လို့ အခန့်မသင့်ရင် ပန်းခင်းပျက်သွားမယ်။ 😀

  • ကြောင်ဝတုတ်

    June 7, 2012 at 10:40 am

    လေးမိုက်ခ်ရေ…
    အရင်တုန်းက အမုန်းတွေရှိပေးမယ့် နိုင်ငံနဲ့လူမျိုးအတွက် ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်လေးရှိတာကို အလွန်လေးစားပါတယ်… အမေရိကန်သမ္မတရွေးပွဲမှာ အိုဘားမားနိုင်သွားပေးမယ့် နိုင်ငံတော်အတွက်ကျရာနေရာမှာ ပြိုင်ဘက်ဖြစ်ဖူးသူ ဟေလာရီကလင်တန်လာရောက်ပြီးတာဝန်ထမ်းနေတာမျိုး ကျွန်တော်တွေ့တိုင်း လေးစားလျက်ပါ…
    အခုလို ပြိုင်ဘက်တွေ မြန်မာနိုင်ငံအေးချမ်းဖို့အတွက်… မြန်မာနိုင်ငံတိုးတက်ဖို့အတွက်
    လက်တွဲလုပ်ဆောင်ခြင်းကို စိတ်ရင်းခံဖြင့်လေးစားလျက်ပါဗျာ…

    ကိုအမတ်မင်းရေ-
    ကျွန်တော့အမြင်တော့ပေါ့ဗျာ… ကိုယ်ကသာပွင့်ဖို့ အားသွန်ခွန်စိုက်ကြိုးစား ရေလောင်းပေးမယ့်လူအလိုလို ပေါ်လာပါလိမ့်မယ်…

    လေးဘလက်ရေ-
    ပန်းခင်းထဲမှာ ပန်းပွင့်အကြီးကြီးတွေလဲပါမယ်… ပန်းပွင့်သေးသေးလေးတွေလဲပါမယ်… အရွက်နဲ့အပွင့်နဲ့ မကွဲတဲ့ရွက်လှပင်လိုအပင်လေးတွေလဲပါမယ်… ဒါမှ ပိုကောင်းပိုပြည့်စုံတဲ့ပန်းခင်းဖြစ်မှာပေါ့ဗျာ…

    အရီးလတ်ရေ-
    အရီးလတ်တိုက်ပေးမယ့် လေပြေလေညှင်းဟာ ပန်းပွင့်လေးတွေအတွက်အင်အားဖြစ်နေပါပြီ…
    လေပြေအောက်မှာ နောက်ထပ်ပွင့်ဖူးလာမယ့် မျိုးဆက်သစ်ပန်းလေးတွေဟာလဲ အဆင်သင့်ပါဗျာ…
    ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းကြပါစို့နော်…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • မိုးတိမ်

    June 7, 2012 at 12:55 pm

    မိုးတိမ် တစ်ခုအနေနဲ့ တတ်စွမ်းနှိုင်သလောက်
    ဥယျာဉ်ကြီးထဲ မိုးရွာချပေးချင်ပါတယ်ဗျာ။
    “မြန်မာပြည် ငြိမ်းချမ်းပါစေ… ပန်းပွင့်တွေဆုတောင်းနေ…”

Leave a Reply