လက်စားဆိုတာ မခြေတတ်ခဲ့ရင် .. CAP from FB

Passing ByJune 5, 20123min16711

ဖတ်လို့ ကောင်း လွန်းလို့ တင်ပေးလိုက်ပါတယ် .. အရင်တင်ပြီးသားရှိရင် .. တော့ Sorry နော် သူကြီး  … ဟီး ..

FB မှာပါတာကို CAP လုပ်ထားတာပါ ..

မူရင်း link ကို ဒီမှာ Click ပါ

၁၉၈၄ ခုနှစ်….အိန္ဒိယမှာ အင်ဒီရာ ဂန္ဒီ လက်ထက်က ကြယ်ပြာစစ်ဆင်ရေး Operation Blue Star ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုကတော့ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီကိုယ်တိုင် အသတ်ခံခဲ့ရတာပါဘဲ ။ သူအသတ်ခံရပြီးနောက် သုံးရက်အတွင်းမှာ ဆစ်ခ် Sikh လူမျိုးတွေနဲ့ ဟိန္ဒူတွေအကြား ဗျင်းကြတာ အနည်းဆုံးလူ ၃ ထောင်လောက်သေတယ်။ သုံးရက်အတွင်းမှာ လူ ၃ ထောင်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါအနည်းဆုံး ခန့်မှန်းချက်ကို ပြောတာ။ တစ်ချို့ကလည်း ငါးထောင်လောက် သေတယ်လို့ ဆိုတယ်။ အဖြစ်ရဲ့ အတိုချုံးက ဒီလို ။

  • Indira Gandhi ရဲ့ပုံ (စကားမစပ် အင်ဒီရာ ဂန္ဒီနဲ့ မဟတ္တမ ဂန္ဒီ ဘာမှ မတော်ပါ။ အင်ဒီရာရဲ့အဖေ ဂျဝါဟလာနေရူး Jawaharlal Nehru က အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ အင်ဒီရာဟာ Feroze Gandhi ဆိုတဲ့ သူနဲ့ အိမ်ထောင်ကျလို့ အင်ဒီရာ ဂန္ဒီ ဆိုတဲ့နာမည်ရလာတာပါ။ သူ့ယောက်ျားကလည်း မဟတ္တမ ဂန္ဒီနဲ့ ဘာမှမတော်ပါ။ မျိုးရိုးနာမည် တူတာသာဖြစ်ပါသည်။)
  • ပန်ဂျပ်ပြည်နယ် ( အနီရောင် )
  •                အိန္ဒိယမြောက်ပိုင်းမှာ (ပါကစ္စတန်နားကပ်လျက်) ဆစ်ခ် Sikh လူမျိုးတွေ အများစုနေတဲ့ ပန်ဂျပ် Punjab ဆိုတဲ့ ပြည်နယ်ရှိပါတယ်။ အင်္ဂလိပ်လက်ထက်မှာ ပန်ဂျပ်ပြည်နယ်ကြီးကို ၂ ပိုင်းခွဲလိုက်တယ်။ ဆစ်ခ်လူမျိုးတွေအများစုနေတဲ့အရှေ့ပန်ဂျပ်က အိန္ဒိယထဲမှာ ကျန်ခဲ့တယ် ။ မွတ်ဆလင်တွေများတဲ့ အနောက်ပန်ဂျပ်က ပါကစ္စတန်ထဲရောက်သွားတယ်။ အဲဒီ ပန်ဂျပ်ဒေသကြီးတစ်ခုလုံးဟာ ၁၈ နဲ့ ၁၉ ရာစုမှာ ပေါ်ပေါက်ခဲ့တဲ့ ဆစ်ခ် အင်ပါယာကြီးရဲ့ ဘူမိနက်သန် နေရာလည်း ဖြစ်ပါသတဲ့ ။ ဒီတော့ အရှေ့ပန်ဂျပ်မှာ ကျန်ခဲ့တဲ့ ဆစ်ခ်တွေဟာ သူတို့ပြည်နယ်ကို အိန္ဒိယကနေ ခွဲထွက်ပြီး သူ့တို့အခေါ် ကာလီစတန် Khalistan အမည်ရတဲ့ ဆစ်ခ် နိုင်ငံ ထူထောင်ချင်ကြတယ်။ အဲဒီလိုနဲ့ ဆစ်ခ်နိုင်ငံထူထောင်းရေးကို လုံးပမ်းတဲ့  Khalistan movement ဆိုတာ ပေါ်လာပါတော့တယ်။ အဲဒီ ကြိုးပမ်းမှုဟာ ၁၉၇ဝ နဲ့ ၈ဝ ကြားမှာ အားကောင်းလာတယ်။ ဆစ်ခ် ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံခြားတိုင်းပြည်တွေကို သွားပြီး ထောက်ခံမှုရှာကြသလို  တိုင်းပြည်ထဲမှာလည်း လက်နက်ကိုင်တဲ့ အထိဖြစ်လာတယ်။ ဒီတော့ အိန္ဒိယအစိုးရစစ်တပ်နဲ့ ထိပ်တိုက်တွေ့တော့တာပေါ့ ။ ဒီလိုနဲ့တစ်ဖက်နဲ့ တစ်ဖက် ” ပြသာနာတွေတက်၊ ပြသာနာတွေတက် ”  ဖြစ်ကြတာ နောက်ဆုံးတော့ အဲဒီ ကြယ်ပြာစစ်ဆင်ရေးမှာ အထွတ်အထိပ်ကို ရောက်သွားပါတော့တယ်။

ပါကစ္စတန်ထဲက ပန်ဂျပ်နဲ့ အိန္ဒိယထဲက ပန်ဂျပ်

  •               ကြယ်ပြာစစ်ဆင်ရေး ဖြစ်ရတဲ့ အကြောင်းကတော့ ဆစ်ခ် အစွန်းရောက် ခွဲထွက်ရေးသမားတွေဟာ ပန်ဂျပ်ပြည်နယ် Amritsar မြို့က ရွှေဘုရားကျောင်း Golden Temple ထဲမှာ လက်နက်တွေစုဆောင်းထားတယ် ၊ အဲဒီလက်နက်တွေနဲ့ အစိုးရကို ပုန်ကန်ဖို့ ကြံနေကြတယ်လို့ အိန္ဒိယအစိုးရကသတင်းရတာက စတာပါဘဲ ။ ရွှေဘုရားကျောင်းဟာ ဆစ်ခ်ဘာသာရေး အထွတ်အမြတ်နေရာတစ်ခုဖြစ်ပြီး ယနေ့ ခေတ်မှာတော့ အိန္ဒိယမြောက်ပိုင်းကို ရောက်တဲ့ တိုးရစ်စ်တိုင်း သွားကြည့်ရတဲ့ နေရာတစ်ခုပါ ။ ဆက်ပြောရရင် အိန္ဒိယအစိုးရက ဆစ်ခ် ခွဲထွက်ရေးသမားတွေကို  လက်နက်ချဖို့၊ ဘုရားကျောင်းထဲက အေးအေးဆေးဆေး ထွက်လာဖို့  ညှိနှိုင်းတယ်။ ဆစ်ခ်အကြမ်းဖက်သမားတွေကို ခေါင်းဆောင်သူက Janail Singh Bhindranwale ဆိုသူ။

ဆစ်ခ် လူမျိုး ခွဲထွက်ရေးသမားများကို ဦးဆောင်သူ Janail Singh Bhindranwale

  •               သူက ကာလီစတန်နိုင်ငံထူထောင်ရေးကို အသည်းအသန် အားပေးနေတာ မဟုတ်ပေမယ့် ထူထောင်ခွင့်ရခဲ့ရင်လည်း လိုလိုလားလား ထူထောင်မယ် လို့ အင်တာဗျူးတွေမှာ ဆိုခဲ့ဖူးတယ် ။ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီနဲ့ သူက အရင်တုန်းက နည်းနည်း သင့်သင့်မြတ်မြတ် ရှိခဲ့တယ်။ အရင်က အင်န္ဒီရာ ဂန္ဒီရဲ့ ကွန်ဂရက်စ်ပါတီ Congress Party အတွက် တက်တက်ကြွကြွမဲဆွယ်ပေးခဲ့သူလည်း ဖြစ်တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အကြမ်းဖက်လူသတ်မှုတစ်ချို့ကို ကြိုးကိုင်သူဆိုပြီးတော့ နာမည်ထွက်လာတဲ့ အတွက် သူနဲ့ ကွန်းဂရက်စ်ပါတီကြားမှာ ဆက်ဆံရေးတင်းမာလာခဲ့တယ်။ ဘုရားကျောင်းကိစ္စမှာ လက်နက်ချခိုင်းတော့ သူ့လက်အောက်ငယ်သားတွေထဲမှာ အစွန်းရောက်တွေရှိတာကြောင့် အကြိမ်ကြိမ်ညှိနှိုင်းပေမယ့် ဘယ်လိုမှ အဆင်ပြေတဲ့ အဆင့်ကိုမရောက်ခဲ့။

ယခု Golden Temple Complex

  •               ဒီလိုနဲ့ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီက စစ်တပ်ကို ဘုရားကျောင်းထဲ ဝင်စီးဖို့ အမိန့်ပေးတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ”ဆစ်ခ်တွေ အင်မတန်အထွတ်အမြတ်ထားတဲ့ ရွှေဘုရားကျောင်းကို စစ်တပ်နဲ့ ဝင်တိုက်ရင် ဘာသာရေးနဲ့ အကြီးအကျယ်ငြိလိမ့်မယ်၊ ဒါကြောင့် တခြားနည်းစဉ်းစားပါ” လို့ အကြံပေးမိတဲ့အတွက် ကာချုပ်ခမျာ အလုပ်က ပြုတ်သွားရတယ်။ ကာချုပ်သစ်က ဝန်ကြီးချုပ်အမိန့်အတိုင်း Operation Blue Star ဆိုတဲ့ နောက်ဆက်တွဲ လူထောင်ပေါင်းများစွာသေမယ့်၊ အိန္ဒိယရဲ့ သမိုင်းကြောင်းကို ပြောင်းမယ့် စစ်ဆင်ရေးကို စီစဉ်ပါတော့တယ်။ ၁၉၈၄ ဂျွန်လ ၃ ရက် ( တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပါလား ) မှာ အိန္ဒိယအစိုးရက ပန်ဂျပ်ပြည်နယ်ထဲမှာ ၃၆ နာရီကြာ နေဝင်မီးငြိမ်းအမိန့် curfew ထုတ်တယ်။ မီးကိုဖြတ်ထားလို့ တလောကလုံး မှောင်နဲ့မည်းမည်း ။ ဘယ်မီဒီယာကိုမှ မဝင်ရ ။ ရောက်နေပြီးသား မီဒီယာသမားတွေကို ချက်ခြင်းမောင်းထုတ်ပြီး ပြင်ပ ကမ္ဘာနဲ့ ပန်ဂျပ်ကို အဆက်ဖြတ်ထည့်လိုက်ပါတယ်။ ပြီးတော့ အိန္ဒိယတပ်က ဘုရားကျောင်းရှေ့ကနေ လက်နက်ချဖို့ မိုက်နဲ့ အော်ပါသတဲ့ ။ ဒါပေမယ့် အထဲက ဆစ်ခ်တွေကလည်း တုတ်တုတ်မှ မလှုပ်တဲ့အဆုံး စစ်တပ်က ဝင်စီးပြီး အပစ်အခတ်တွေ ဖြစ်ပါတယ်။

လက်ရှိ Golden Temple ပုံ

 

  •             တကယ်ကတော့ စစ်တပ်ရဲ့ ရည်ရွယ်ချက်က ဘုရားကျောင်းကို သိမ်းပိုက်ထားတဲ့ ဆစ်ခ်ခေါင်းဆောင်နဲ့ သူ့လူတွေကို တိုက်တာပါ။ ဒါပေမယ့် ဘယ်လိုကနေဘယ်လိုကြောင့် နေ့အရွေး Timing က မှားရသလဲ မသိ ။ ဝင်တိုက်တဲ့နေ့ဟာ ဆစ်ခ်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေးပွဲတစ်ခု ကျင်းပချိန်မို့ ဘုရားကျောင်းထဲမှာ ဘုရားဖူးတွေ အများကြီးရောက်နေချိန်ဖြစ်နေတယ်။ တိုက်ပွဲအပြီးမှာ အသေအပျောက်စာရင်းကို ကြေငြာတော့ထုံးစံအတိုင်း တစ်ဖက်နဲ့ တစ်ဖက် စာရင်းက မတူပါ ။ စစ်တပ်က တရားဝင်ထုတ်ပြန်ချက်ကတော့ စစ်ဖက်က အကျအဆုံး ၈၃ ယောက် ၊ အပြစ်မရှိတဲ့ ဘုရားဖူးတွေ အကျအဆုံး ၄၉၂ ယောက်  ၊ ဆစ်ခ် စစ်သွေးကြွတွေ အကျအဆုံး ၄၃၃ ယောက်ပါတဲ့ ။ တစ်ချို့စာရေးဆရာတွေရေးတာကတော့ အားလုံးအကျအဆုံးက ငါးထောင်လောက်။ တစ်ချို့သော မျက်မြင်သက်သေတွေ အပြောက ရှစ်ထောင်။

အရေးအခင်းကာလမှ ရွှေဘုရားကျောင်းပုံ

  •              အဖြစ်က ဒီမှာတင် ပြီးသွားတယ် ထင်ပါသလား ။ အဲဒီ ကြယ်ပြာစစ်ဆင်ရေးအပြီးမှာ စစ်တပ်ထဲက  ဆစ်ခ် လူမျိုး စစ်သားတွေဟာ ဒေါသဖြစ်ပြီး နှုတ်ထွက်ကုန်ကြတယ်။ အိန္ဒိယတစ်လွှားက ဆစ်ခ်လူမျိုးတွေ ဟိုနေရာထကြွ ၊ဒီနေရာပုန်ကန်နဲ့ဖြစ်လာတာကြောင့် အစိုးရစစ်တပ်က တစ်ခါ အလုပ်ရှုပ်ပြန်တယ်။ ဒီကြားထဲမှာ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကို နီးစပ်သူတွေက အကြံပေးကြတယ်။

မင်းရဲ့ ဆစ်ခ်လူမျိုး ကိုယ်ရံတော် Satwant Singh ကို အလုပ်ဖြုတ်ပစ်လိုက်ပါ။ မင်းအသက်ကို အန္တရာယ်ပြုနိုင်တယ်။

  •             ဒါပေမယ့် အင်ဒီရာ ဂန္ဒီက ဆစ်ခ်တွေနဲ့ ဖြစ်နေတဲ့ ရန်ကြွေးကို ကြေရာကြေကြောင်း ရည်ရွယ်ပြီး မဖြုတ်ခဲ့ဘူး။ သူ့ကိုယ်ရံတော်ဟာ သူ့ဘေးမှာ နှစ်ပေါင်းများစွာ နေခဲ့သူတစ်ယောက် ၊ နိုင်ငံခြားခရီးတွေကိုပါ လိုက်ပါခဲ့တဲ့ လူရင်းတစ်ယောက်မို့ ဘယ်သူတွေက ဘာပြောပြော သူကတော့ ယုံကြည်အားထားကြောင်းပြခဲ့တယ်။ ဒါပေမယ့်  ကြယ်ပြာစစ်ဆင်ရေးအပြီး လေးလအကြာ ၁၉၈၄ အောက်တိုဘာ ၃၁ မှာ အဲဒီလူယုံသတ်လို့ဘဲ အင်ဒီရာ ဂန္ဒီ သေပါတယ်။ အင်တာဗျူးတစ်ခုအတွက် အိမ်နဲ့ကပ်နေတဲ့ ရုံးခန်းကို အသွား ခြံထဲဖြတ်လျှောက်လာတဲ့သူ့ကို သူ့လူယုံ Satwant Singh နဲ့ နောက် ဆစ်ခ် ဘော်ဒီကပ်တစ်ယောက်က ပစ်ထည့်လိုက်တာပါ။ ချက်ချင်းဆိုသလို အနားမှာ ရှိတဲ့ ကျန်တဲ့လုံခြုံရေးတွေက သူတို့ နှစ်ယောက်ကို ပြန်ပစ်တဲ့အတွက် Satwant Singh က နေရာတင် ပွဲချင်းပြီးသေပြီး သူနဲ့ ပူးတွဲလုပ်ကြံသူကိုတော့ အရှင်ဖမ်းမိ၊ နောက်ပိုင်းမှာ ကြိုးမိန့်ပေးလိုက်ကြပါတယ်။

အင်ဒီရာ ဂန္ဒီကတော့ ၃၁ ချက်အပစ်ခံရတာမှာ အချက် ၃ဝ ထိသွားတယ်။ အဲဒီထဲက ၂၃ ချက်က ခန္ဒာကိုယ်ကို ဖောက်ထွက်သွားပြီး ကျည် ရ တောင့် ကတော့ ခန္ဒာကိုယ်ထဲမှာ ကျန်ခဲ့ပါတယ်။ လူယုံသတ်လို့ သေတယ်ဆိုတာ ဒါမှ အစစ်။

 

အင်ဒီရာ ဂန္ဒီရဲ့ နောက်ဆုံးခရီး ( မျက်မှန်နဲ့ အမျိုးသမီးက အင်ဒီရာရဲ့ ချွေးမ မူလက အီတလီသူ၊ ယခုလက်ရှိ ကွန်ဂရက်စ်ပါတီရဲ့ ဥက္ကဌ ဆိုနီယာ ဂန္ဒီ၊ သူ့ဘေးကတော့ အင်ဒီရာရဲ့ သား ရာဂျစ် ဂန္ဒီ …သူလည်း အမေသေပြီး နောက်ငါးနှစ်အကြာ ၁၉၈၉ မှာ လုပ်ကြံခံရ )

 

 

  •            အင်ဒီရာ သေတဲ့နေ့ကစပြီး နောက်သုံးရက်တိတိဟာ ဆစ်ခ်လူမျိုးတွေအတွက် ကမ္ဘာပျက်တဲ့နေ့တွေဘဲ။ ကာလီစတန်တည်ထောင်မယ်တို့ ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့၊ စစ်သွေးကြွတွေ ရွှေဘုရားကျောင်းထဲမှာ လက်နက်စုဆောင်းပြီး အစိုးရကို ပုန်ကန်မယ်တို့ဆိုတာ သာမန်ဆစ်ခ်တွေတော်တော်များများနဲ့ ပတ်လည်းမပတ်သက်။ ကိုယ်တိုင်ပါဝင် ထောက်ခံကြတာလည်း မဟုတ် ။ ဒါပေမယ့် ခေါင်းဆောင်လုပ်ကြံခံလိုက်ရတဲ့ ဟိန္ဒူတွေဟာ သူတို့ရဲ့ ဒေါသတွေကို နီးစပ်ရာ ဆစ်ခ်တွေဆီမှာ ပေါက်ကွဲကြပါတယ်။  ဒီလိုနဲ့ အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရပြီး သုံးလေးရက်အတွင်းမှာ အိန္ဒိယမြောက်ပိုင်း၊ အထူးသဖြင့် ဒေလီမြို့တော်ကြီး တဝိုက်မှာ ဆစ်ခ်လူသတ်ပွဲကြီး ဖြစ်ပါတော့တယ်။အရင်က အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် နေခဲ့ကြတဲ့ အိမ်နီးချင်းတွေ အချင်းချင်း ရက်ရက်စက်စက် ထသတ်ကုန်ကြပါတယ်။ ဟိန္ဒူတွေဟာ ဆစ်ခ်လူမျိုးပိုင် အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးကြတယ်။ မီးရှို့ကြတယ်။ ဒီလိုအချိန်ဆိုရင် သိတယ်မဟုတ်လား…..ပစ္စည်းလုယူသူ တောကြောင်တွေကလည်း အကြိုက်တွေ့ လက်ခမောင်း ခတ်ကြပါတယ်။ ဆစ်ခ် အမျိုးသမီးတွေ မုဒိန်းကျင့်ခံရပြီး အသတ်ပါခံရတယ်။

 

အာဏာရ ကွန်ဂရက်စ်ပါတီကလည်း အစကတည်းကမှ ကျောင်းတော်က ရန်စတွေရှိထားသေး၊ အခုတစ်ခါ သူတို့ခေါင်းဆောင်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရလို့ ဒေါသဖြစ်နေသူတွေပီပီ မျက်စိရှေ့က လူသတ်ပွဲကို ( ပထမရက်တွေမှာ ) မဟန့်တား မဖြန်ဖြေတဲ့အပြင်  သတ်တဲ့လူတွေက ဆစ်ခ်လူမျိုးတွေကို ခွဲသိနိုင်ဖို့( ရှာရလွယ်အောင် ) အိမ်ထောင်စုစာရင်းတွေကိုပါ ထုတ်ပေးခဲ့တယ် လို့ သတင်းထွက်လာပါတယ်။ အဲဒီလူသတ်ပွဲမှာ ဘုမသိဘမသိနဲ့ ဆစ်ခ်လူမျိုး အနည်းဆုံး ၃၀၀ဝ ထောင်လောက် သေပြီး ( တစ်ချို့ကလည်း ၄၀၀၀၊ တစ်ချို့က ၅၀၀ဝ လို့ ဆိုတယ် ) ဆစ်ခ် နှစ်သောင်းကျော် ဒေလီက ထွက်ပြေးရတယ်။ အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုကတော့ အိုးမဲအိမ်မဲ့ ဖြစ်သွားသူ ဆစ်ခ် ငါးသောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၄ ဆစ်ခ် သတ်ဖြတ်ပွဲကြီး 1984 Anti-Sikh Riots မှာ ပုံရိပ်များ

  •            အင်ဒီရာ ဂန္ဒီ သေတဲ့နာရီပိုင်းအတွင်းမှာဘဲ သားဖြစ်သူ ရာဂျစ်ဂန္ဒီ Rajiv Gandhi က ဝန်ကြီးချုပ်အဖြစ် ကြမ်းကျိန်ပါတယ်။ ဒါပေမယ့် အမေကို ဆုံးရှုံးလိုက်ရတဲ့ ဝန်ကြီးချုပ်အသစ်စက်စက်ဟာ လူသတ်ပွဲကို ဟန့်တားဖို့နေနေသာသာ သူကိုယ်တိုင်တောင် ဆောက်တည်ရာ ရပုံမပေါ် ။ ရက်အတော်ကြာပြီးနောက် အင်တာဗျူးတစ်ခုမှာပြောတဲ့ ” သစ်ပင်ကြီးတစ်ပင်အလဲမှာ အောက်က မြေသားလှုပ်ခါသွားတာ သဘာဝပါဘဲ  When a giant tree falls, the earth below shakes . ဆိုတဲ့ စကားအတွက်လည်း ရာဂျစ်ဂန္ဒီဟာ အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ ဆစ်ခ်တွေ သေကြေတာကို ပေါ့ပေါ့ပျက်ပျက် ပုံစံနဲ့ ပြောတယ် ဆိုပြီးတော့ပါ။

 

လုပ်ကြံခံရစဉ်က ဝတ်ထားတဲ့ (သွေးစွန်းနေတဲ့) ဆာရီနဲ့ အသုံးအဆောင်များ ( နယူးဒေလီမြို့က အင်ဒီရာ ဂန္ဒီအောက်မေ့ဖွယ် ပြတိုက်မှာ ပြထား )

  •            အဲဒီ ၁၉၈၄ က ဆစ်ခ် လူသတ်ပွဲကြီးမှာ ပါတဲ့လူတွေကို ဖော်ထုတ်ဖို့ဆိုပြီး အစိုးရက ကော်မရှင်ဖွဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် တကယ့် လက်သည် တော်တော်များများကတော့ ပေါ်မလာပါ။ စစ်ဆေးမှုတွေကို မကျေနပ်လို့ ထပ် ထပ်ပြီး ဖွဲ့တဲ့ ကော်မရှင်တွေဟာ ဒီနေ့အထိဆို ၁ဝ ခုထက်မနည်း ။ ဒီနေ့ထိလည်း တန်းလန်းအမှုတစ်ချို့ကျန်နေဆဲ ။ အိန္ဒိယအစိုးရဌာနတွေရဲ့ ခြစားမှု လာဘ်ပေးလာဘ်ယူဆိုတာကလည်း ကမ္ဘာမှာ နာမည်ကြီးမဟုတ်လား။ ဆစ်ခ်နဲ့ ဟိန္ဒူတွေကြားက ခါးသီးတဲ့ ခံစားချက်တွေကလည်း ယနေ့ထိ တောက်လောင်ဆဲ …………..။
  •            အခုလောက်ထိ အတိုချုံးရေးထားတာကို ဖတ်ကြည့်ရင် နိုင်ငံရေးအရ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ခဏထားဦး ၊ အနည်းဆုံးတော့ အမုန်းကို အမုန်းနဲ့ တုန့်ပြန်တာ၊ အကြမ်းဖက်ပြီး ဒေါသကို ထွက်ပေါက်ပေးတာဟာ ပြသာနာကို ဖြေရှင်းတာ မဟုတ်ဘူးဆိုတဲ့ လိုရင်းကို မြင်မယ်လို့ ထင်မိပါတယ် ။
  •                အခုတလော Facebook မှာ မြင်လိုက်ရတဲ့ ရွှံနွံ့တွေကြား လွှင့်ပစ်ထားခြင်းခံခဲ့ရတဲ့ မိန်းကလေးရဲ့ ပုံဟာ မျက်စိထဲကမထွက်တာ အမှန် ။ သူ့ကို မသတ်ခင် ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတဲ့ ခန္ဒာပေါ်က ဒဏ်ရာဒဏ်ချက်တွေအကြောင်းရေးထားတဲ့ သတင်းဟာလည်း ဦးနှောက်ထဲက မထွက် ။ ခံရသူရဲ့ အဖြစ်ကို ကိုယ်ဆိုရင် ဘယ်လို လုပ်မလဲ ၊ ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်သာ အဲဒီလို ခံလိုက်ရရင် ဘယ်လို ခံစားရမလဲ လို့ တွေးမိပြီး အတွေးနဲ့တောင် တုန်လှုပ်မိတယ်။ ခံရသူရဲ့ မိဘဆွေမျိုးတွေ သောကဟာ ကိုယ့်ကို ကူးစက်လာသလို ခံစားရတယ်။ ပုထုဇဉ်ဆိုတာ စကားတစ်ခွန်းနဲ့ အကြောခံရတယ်ထင်ရင်တောင် တနုံ့နုံဖြစ်နေတတ်ကြတာ မဟုတ်လား ။ ဒီလောက် လူမဆန်အောင် ရက်စက်မှုကို ဘယ်သူက ဘာကြီးမို့လို့ အေးအေးသက်သာ ခံစားနေနိုင်မှာတဲ့လဲ ။
  •                  ဒါပေမယ့်လည်း အဆုံးထိ တွေးကြည့်ရင်တော့ လက်စားဆိုတာ အချေမတတ်ရင် ဖြစ်ပြီးသား ကြေကွဲစရာထက် ပိုကြေကွဲစရာတွေ ဖြစ်တတ်တယ် ဆိုတာ ငြင်းလို့မရပါဘူး ။ မဟတ္တမ ဂန္ဒီရဲ့ အကြမ်းမဖက်ရေး ဝါဒဟာ ဒီနေ့ထိ ရှင်သန်နေတာ အကြောင်းမဲ့မဟုတ်ပါ ။ ဘယ်ဘာသာကမှ ( စစ်မှန်တဲ့ ဟောကြားချက်တွေကို ကြည့်ရင် ) ရန်ကို ရန်နဲ့ တုန့်ပြန်ဖို့ အားမပေး ။ မေတ္တာတရားကို မဟောတဲ့ ဘုရားလည်း မရှိပါဘူး။

ဆရာကြီးစတိုင်နဲ့ ဘေးက လေထွားရတာ လွယ်တာပေါ့၊ ဒါဆိုရင် တစ်ခုခုဖြစ်ရင် ငြိမ်ခံနေရမလားဟဲ့၊ ငါတို့ကို လာစော်ကားတာကို ဝေသန္တရာလုပ်နေရမှာလား လို့ မေးရင်တော့ အဲဒီလို ငြိမ်နေဖို့ ပြောတာ လုံးဝ မဟုတ် ။ မှန်ကန်တဲ့ တရားဥပဒေနဲ့ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးရမှာပါ။ အဲဒီလို ပေးနိုင်ဖို့အတွက် တိုင်းပြည်မှာ ” စစ်မှန်ထိရောက်တဲ့” တရားဥပဒေစိုးမိုးရေးရှိဖို့ လိုပါတယ်။ မရှိသေးရင် ရှိအောင်ကို လုပ်ရပါမယ်။ ဒီကြားထဲမှာတော့ ကိုယ့်ရဲ့ သောကကို မသမာတဲ့ တောကြောင်တွေက အသုံးချဖို့ ချောင်းရင် ချောင်းနေမယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။

  •              ကိုယ့်ဒေါသကို မဆုံးနိုင်တဲ့ အမုန်းတွေ ထပ်ပွားပြီး  ဘုမသိဘမသိတဲ့ လူတွေရဲ့ အသက်တွေ ပျက်စီးဖို့ လမ်းမှာ ပေါက်ကွဲလိုက်ရတာထက် နိုင်ငံတစ်ဝှမ်းမှာ မတရားမှုတွေကို ရေရှည်ထိန်းချုပ်ထားနိုင်မယ့်၊ အပြစ်ရှိသူကို ထိုက်တန်တဲ့ အပြစ်ပေးနိုင်တဲ့  (အကျင့်ပျက်ခြစားနေတဲ့ လူတွေ မပါတဲ့) တရားဥပဒေစိုးမိုးရေးတစ်ခုရှိလာအောင် ကြိုးစားဖန်တီးရင်း ဖြေလျှော့လိုက်ရတာက အားလုံးအတွက် ကောင်းတဲ့ လက်စားေချေနည်း မဟုတ်ပါလား …………။

**********************************

P.s

အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေထားတာတစ်ခုကို ( အရမ်းကြီး မဆိုင်ဘူးလို့ ထင်ချင် ထင်လို့ရပေမယ့် ) သတိရလို့ ထည့်ပေးလိုက်ပါတယ်။ အနှစ်သာရအားဖြင့်တော့ အတူတူပါဘဲ ။ အဲဒီအင်တာဗျူးကို တရုတ်ဘာသာကနေ မြန်မာပြန်ပေးထားတဲ့ သူကို ကျေးဇူးတင်ပါတယ်။

 

  • မေးသူ။    ။ ကျနော်ကြားဖူးတယ်၊ အန်တီက လစ်ဗျားလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူးဆို၊ ဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်။   ။ ဘယ်အခြေအနေမျိုးမှာမဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကို အန်တီအားပေးတယ်။ အန်တီတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝ သွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်၊ ဒါပေမယ့် သူ့နဲ့အတူ တွဲပါလာမယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်။ လစ်ဗျားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အချိန်အများကြီးပေးပြီး ကုစားရမှာ၊ အပေါ်ယံကြည့်လိုက်ရင် အရာရာ အနည်ထိုင်သွားပြီဆိုပေမယ့် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ ရန်လိုမှုတွေက မမြင်ရတဲ့နေရာတွေမှာ ပလုံစီနေလိမ့်မယ်၊ အပြန်အလှန် သတ်ကြ ဖြတ်ကြပြီး လူတွေအများကြီး သေသွားကြပြီ၊ ဒါတွေ (နာကျင်မှုတွေ) က ချက်ချင်း ပျောက်သွားနိုင်တာမှ မဟုတ်ပဲ။。

 

http://en.wikipedia.org/wiki/1984_anti-Sikh_riots

http://en.wikipedia.org/wiki/Indira_Gandhi

http://en.wikipedia.org/wiki/Assassination_of_Indira_Gandhi

http://en.wikipedia.org/wiki/Punjab_insurgency

http://en.wikipedia.org/wiki/Operation_Bluestar

11 comments

  • nozomi

    June 5, 2012 at 5:27 pm

    ပို့စ် လေးကို ရှာဖွေတင်ပေးတဲ့ မူရင်းရေးသူရော တင်ပေးသူရော ကျေးဇူးပါ

    ရန်ကို ရန်နဲ့ တုံ့ပြန်နေလို့ကတော့ အဆုံးမရှိနို်င်ပါဘူး

  • ဗိုက်ကလေး

    June 5, 2012 at 5:30 pm

    အင်း..
    သူတို ့လိုမဖြစ်အောင် သတိထားကြဖို ့လိုတယ်ဗျား..
    စိတ်လွတ်ကိုယ်လွတ် မဖြစ်အောင် သတိပေးကြပေါ့
    မင်းဘာလဲ ငါဘာလဲ ထလုပ်ရင်တော့ အင်အားနဲတဲ့ဘက်က အရင်ခံရမှာပဲ..
    အခုအဖြစ်အပျက်တွေလိုမျိုး တစ်ခါမှ မကြုံဖူးတော့ အံ့လဲ ဩမိပရဲ့ဗျာ
    စုန်းပြူးလေးတွေတော့ ရှိမှာပဲ..ဒါကြောင့်..
    အားလုံးလဲ သတိလေးတော့ ထားကြပေါ့…
    တာဝန်ရှိသူတွေ ၊ အာဏာရှိသူတွေ၊ ဩဇာညောင်းသူတွေ ဒီကိစ္စကို လျှော့မတွက်ပဲ အဆင်ပြေအောင် အရေးယူ ညှိနိုင်းပေးကြစေချင်ပါဒယ်..

    • မဟာရာဇာ အံစာတုံး

      June 5, 2012 at 5:38 pm

      ဟေ့ .. ငဗိုက်
      ဒီထဲမှာ နင့်ပုံ တွေ့လိုက်ပါတယ် ..
      ရေကန်ကြီးဘေးမှာ ဘာလုပ်နေတာတုံး ..
      ရေကူးမလို့ လုပ်နေတာလားဟင် ..

  • မောင်ဘလိူင်

    June 5, 2012 at 5:56 pm

    Satwant Singh က လက်နက်ချလို့ အဖမ်းခံရပါတယ်။ နေရာတွင် ပွဲချင်းပြီးသေတာ
    တခြားတစ်ယောက်ပါ။ သူ့ကို ဇန်နဝါရီ ၆ ရက် ၁၉၈၉ ကျမှ ကြိုးပေးသတ်တာ။
    ဒါတောင် ငတိက ၁၉၈၈ မှာ မင်္ဂလာဆောင်လိုက်သေးတယ်။ သူ့နဲ့ မင်္ဂလာဆောင်
    တဲ့ အမျိုးသမီးက သူမရှိလို့ (ထောင်ထဲမှာကိုး) ဓာတ်ပုံကိုင်ပြီး ဆောင်ရတာ။
    ကို siamonone ရဲ့ပို့စ်မှာ နည်းနည်းလေးလွဲနေတာကို ဖြည့်ပေးလိုက်ပါတယ်ခင်ဗျ။
    “http://en.wikipedia.org/wiki/Satwant_Singh”

  • ဦးဦးပါလေရာ

    June 5, 2012 at 7:08 pm

    ဒီပိုစ့်ကို အထူးလေးစားပါတယ်…။

    အကြိုက်ဆုံးစာလေး ကုတ်ပါရစေ…………

    (မှန်ကန်တဲ့ တရားဥပဒေနဲ့ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးရမှာပါ။ ၏
    အဲဒီလို ပေးနိုင်ဖို့အတွက် တိုင်းပြည်မှာ ” စစ်မှန်ထိရောက်တဲ့” တရားဥပဒေစိုးမိုးရေးရှိဖို့ လိုပါတယ်။
    မရှိသေးရင် ရှိအောင်ကို လုပ်ရပါမယ်။
    ဒီကြားထဲမှာတော့ ကိုယ့်ရဲ့ သောကကို မသမာတဲ့ တောကြောင်တွေက အသုံးချဖို့ ချောင်းရင် ချောင်းနေမယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။)

    • မှော်ဆရာ

      June 5, 2012 at 9:42 pm

      ကျွန်တော်ကူးပြီး ကွန်မန့် ပေးမလို့ဟာ … ဦးပါလေရာ ဦး သွားတယ်

  • မောင်ပေ

    June 5, 2012 at 9:49 pm

    ထူးအိမ်သင်ဆိုခဲ့တဲ့ သီချင်းလေးကိုဘဲ ရွတ်ဆိုမိတယ်။
    “ သီချင်းများနဲ ့လူ ဒီကမ္ဘာကို သာယာအောင် ကူညီနိုင်ပါစေသားကွယ် ”

  • kyaw zin

    June 6, 2012 at 10:05 am

    ဘယ်သူုမပြုမိမိမှုပါဗျာ

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 6, 2012 at 12:10 pm

    သူများတွေ အမှား ကို ကိုယ့်အမှားဖြစ်အောင် မလုပ်ကြပါနဲ့ ၊
    ဘာသာတရားရဲ့ အထိမ်းအကွပ်အောက်မှာ ငြိမ်းချမ်းစွာ နေထိုင်
    နိုင်ကြပါစေ ။

  • mayjuly

    June 6, 2012 at 12:18 pm

    ရှေးဘဝက မကောင်းခဲ့ လို့ ယခုဘဝမကောင်းတာ ..
    ယခုဘဝမကောင်းလျှင် ..နောင်ဘဝလည်းကောင်းမည် မဟုတ်ပါ …

Leave a Reply