တစ်နေ့ညနေ ကြည့်ပေါက်တို့ အိမ်ရှေ့မှာထိုင်နေတုန်း ရပ်ကွက်ထဲက ဆွမ်းလှူအသင်းအဖွဲ့တွေ လာအလှူခံတယ်။ ခုနောက်ပိုင်း အလှူခံထွက်ရာမှာ ယောက်ျားလေးတွေချည်း ထွက်ကြတာများတယ်။ သီချင်းတွေဖွင့်၊ မိုက်နဲ့အော်တွေ မလုပ်တော့ဘူး။ ငွေလည်းကုန်၊ ကရိကထလည်းများတယ်။ ဆိုတော့ လူငယ်ဆွမ်းလောင်းအသင်းဆိုတဲ့ပုံစံနဲ့ လူငယ်လေးတွေပဲလုပ်လာကြတယ်။ ကောင်းပါတယ်။ “အလှူခံပါတယ်ခင်ဗျာ။ ကျွန်တော်များ —-လူငယ်ဆွမ်းလောင်းအသင်းမှ မြတ်စွာဘုရားအမှူးရှိသော သဗ္ဘုတိသံဃာတော်အသျှင်သူမြတ်များအား အရုဏ်ဆွမ်းလောင်းလှူမည်ဖြစ်ပါသဖြင့် မိမိတို့သဒ္ဓါတရားရှိသရွေ့ နည်းများမဆို ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျား။ ဤသို့လောင်းလှူရသောအကျိုးအားကြောင့် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ အစရှိသော သူတော်ကောင်းတရား၇ပါးနှင့်ပြည့်စုံကြပြီးလျှင် ရွှေပြည်နိဗ္ဗာန်သို့ တက်လှမ်းတော်မူနိုင်ကြပါစေခင်ဗျား။ အလှူခံပါတယ်ခင်ဗျာ။” ဆိုပြီးသံပြိုင်အော်ကြတယ်။ ဒီလိုအလှူခံရင်း အိမ်တစ်အိမ်ကကောင်မလေးတစ်ယောက်ထွက်လှူတယ်။ ကြည့်ပေါက်လည်း စပ်စပ်စုစုလှမ်းကြည့်လိုက်တယ်။ သူကငွေလှူတာကို လက်ထဲကငွေကို အရင်မလှူသေးဘူး။ ကိုင်ထားတုန်း။ အလှူခံဖလားထဲကြည့်တယ်။ ပြီးတော့ ဇွက်ဆိုဖလားထဲလက်နှိုက်မွှေတယ်။အကြွေရှာတာနေမှာပေါ့။ ငွေလှူရင်းအကြွေလဲတာ။ အဲဒီဖလားကိုင်ထားတဲ့ကောင်လေးမှာ လိုအပ်သလောက်ငွေအကြွေမပါဘူးထင်တယ်၊ နောက်တစ်ယောက်ကိုလှမ်းခေါ်တယ်။ အဲဒီမှာ အပေးအယူ၊ အအမ်းအနှုတ်နဲ့ အလှူဖြစ်၊ အလုပ်ဖြစ်သွားကြတာ။ ဒါလေးတွေမဆိုးပါဘူး။ သူရောကိုယ်ရော အဆင်ပြေကြပါတယ်။ မပြေတာလည်းရှိသေးတယ်။ ကြည့်ပေါက်ဈေးဝယ်သွားတယ်။ ဈေးထဲမှာ ကုန်စိမ်းဆိုင်ရှေ့ကုန်စိမ်းဝယ်နေပြီးလှည့်အထွက် လေးငါးဆယ်နှစ်အရွယ် ဆရာလေးသီလရှင်လေးတွေ လာအလှူခံတယ်။ အဲဒီမှာ ကုန်စိမ်းသည်က “ဆရာလေးတို့ အမ်းစရာအကြွေပါသလား။ ရှိရင် ဒီမှာ —-တန်ကို —-အမ်းနိုင်မလား။ အမ်းနိုင်ရင်လှူမယ်၊ မအမ်းနိုင်ရင် မလှူတော့ဘူး” တဲ့။ ကြည့်ပေါက်လည်း “ဟ၊ အဆန်းပါလား” ဆိုပြီး အံ့သြတာပေါ့။ သူလည်းလှူဖြစ်လား၊ ဆရာလေးတွေရော အကြွေအလုံလောက်ပါလား မသိလိုက်ခဲ့ပါဘူး။ အချိန်မရှိတာနဲ့ ကိုယ့်ဘာသာလှည့်ပြန်ခဲ့ရပြီး အဲဒီမြင်ကွင်း ကြည့်ပေါက်ရှေ့က ပျောက်သွားတယ်ဆိုပါတော့။

About panpan

chit has written 61 post in this Website..