ဘကြီးဖြိုးတို့အိမ် ပျက်စီးနေပါသည်

အဇဋာJune 7, 20121min1847

ကျွန်တော်တို့ ငယ်ငယ်က ပျက်စီးနေသော ဘကြီးဖြိုးတို့အိမ် ထဲတွင် နေထိုင် ကြီးပြင်းခဲ့ကြသည်။

ဘကြီးဖြိုးတို့အိမ် ပျက်စီနေကြောင်းကိုတော့ သိနှင့်နေခဲ့သည်မှာကြာပြီ။ သို့ပေမယ့် ဒီအိမ်က ကိုယ့်အိမ်ပဲဆိုတော့ ဒီမှာပဲ ပေတေပြီးနေကြရတာပဲ။ ရွာသားတွေကလည်း မကူညီပေးတော့ ပိုဆိုးတာပေါ့။ ကာလသခေါင်းဆိုတာ ဝေလာမှ ဝေးကရော။ တစ်ချို့ ကလည်း ဒီရွာကို စွန့်ခွာသွားကြတဲ့သူတွေရှိရဲ့…။ ရွာပြင်ရောက်မှ အော်ချင်တာကို အော်နေကြတော့ ရွာမှာကျန်ခဲ့တဲ့ ရွာသူရွာသားတွေက အနေကြပ်တာပေါ့။ ထားပါတော့လေ…။

အဲ….ဘကြီးဖြိုးတို့အိမ် ထဲမှာ ကျန်ခဲ့တဲ့သူတွေကလည်း အလင်းရောင်ပျပျ မြင်ရရင်ကို သေပျော်နေကြတာ။ ရွာသားတွေကလည်း အလိုက်ကန်းဆိုးကိုမသိ။ တစ်ခါတစ်ခါ ဒီ ဘကြီးဖြိုးတို့အိမ် ကို ခဲနဲ့ထု၊ တစ်ခါတစ်ခါကျတော့လည်း သူတို့ပဲ ဘကြီးဖြိုးဆီလာပြီး တောင်းပန်ခယနေကြတော့ အခက်သားကလား။ ထားပါတော့လေ…။

ဘကြီးဖြိုးတို့အိမ် က ဟိုတုန်းကတော့ အိမ်ကောင်းကြီးတစ်အိမ်ပေါ့။ ရွာနီးချုပ်စပ်ရွာတွေဆိုရင် တယ်ပြီးအားကျကြတယ်ဆိုပဲ။ ခုတော့…..။

ဒီအိမ်ကြီးမှာ ပြင်စရာတွေကလည်း အများသား။ မိုးယိုနေတယ်၊ မြောင်းပေါက်ရမယ်၊ မြက်ရှင်းရမယ်၊ ခြတောင်ပို့တွေ တက်နေတာလည်း ကြာပြီ၊ အကောင်ပလောင်တွေလည်း များသား၊ များလွန်းလို့ ဘာကောင်တွေမှန်းတောင် မသိတော့ဘူး။ အဲ….ပြင်မယ်ဆိုပြန်တော့လည်း ဘယ်က စပြင်ရမှန်းမသိပြန်ဘူး။ အိမ်ခေါင်က စပြင်ရမလား၊ အိမ်တိုင်တွေက စပြင်ရမလား၊ အိမ်နံရံတွေပဲ ကာရမလား(ဒီနေ့ခေတ်ကလည်း အကာအကွယ်လုပ်တယ်ဆိုတာ တယ်ဈေးကြီးသကိုး)၊           အင်း ပြင်တာကတော့ ပြင်ကို ပြင်ရမယ်။

အိမ်မှာကလည်း အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းဆိုသလို အမြဲတမ်း ပြဿနာက ရှိနေတယ်။ တစ်ခါတလေတော့ အပေါ်ရော အောက်ရော ဆွေးနွေးကြရတာပေါ့ဗျာ။ အဲ ဆွေးနွေးတာကတော့ အိမ် အလည်ခန်းမှာ လုပ်ဖြစ်တာများတယ်(အိမ်အလည်ခန်းက လုံခြုံတယ်ထင်ရတာကိုး)။

ဟိုတစ်လောတုန်းက ရွာပြင်ထွက်သွားတဲ့သူတွေ ပြန်လာတယ်ကြားတယ်။ ဘကြီးဖြိုးတို့အိမ် ကိုဘယ်လို ကူညီမလဲ၊ ဘယ်တွေ လုပ်ပြီး၊ ဘာတွေကို  လုပ်ကြမှာလဲ၊ ရွာထဲမှာပဲ အရှုပ်တွေထပ် လုပ်ဦးမှာလား စောင့်ကြည့်ရဦးမယ်။

ဘကြီးဖြိုးတို့အိမ် ကို ဧည့်သည်တွေတော့ အမြဲတမ်းလာတယ်။ လာတဲ့ဧည့်သည်တွေကလည်း စားလိုက် ပြန်လိုက်၊ သူတို့လာရင် ကြက်လှီးရတဲ့သူတွေ၊ ဝက်ပေါ်ရတဲ့သူတွေအမြဲတမ်းအလုပ်ရှုပ်တယ်။ ဘယ်သူတွေပဲလာလာ၊ ပြန်ပြန်၊ နောက်ဆုံး ဘာမှလည်း ပြောမသွားကြပါဘူး။ ဘယ်တတ်နိုင်မလဲ ဘကြီးဖြိုးကလည်း သိပ်ရိုးသကိုးကွဲ့။

ဘကြီးဖြိုးတို့အိမ် ကတော့ ညဘက်ဆိုရင် ကြယ်မြင်၊ လမြင်ပါပဲ။ ကြိုက်တဲ့သူလာ ကြိုဆိုတယ်။ အားလုံးအဆင်ပြေစေရမယ်။ သဘာဝလက်ဆောင်တွေ(မြစ်ဆုံက သစ်ခွပန်းတို့၊ ထားဝယ်က ပအုံးရည်၊ ရခိုင်က ငါးခြောက်တို့) ပါ လက်ဆောင်ပေးလိုက်ဦးမယ်။

အဲတစ်ခုတော့ရှိတယ် ဘကြီးဖြိုးတို့အိမ် မှာနေတဲ့ သူတွေနဲ့ ရွာသားတွေကို မယုတ်မာဖို့တော့လိုတယ်။                                                                                              ဟုတ်ပါတယ် ဘကြီးဖြိုးတို့အိမ် ပျက်စီးနေပါတယ်။

 

7 comments

  • မောင်ပေ

    June 7, 2012 at 6:46 pm

    ဟိုဘက်ကမ်းက မီးထိန်ထိန်
    ဒီဘက်ကမ်းက မီးပိန်ပိန်
    ကြယ်မြင်လမြင် ညခင်းချိန်
    ဘကြီးဖြိုးတို ့အိမ်

  • မြတ်ကျော်သူ

    June 7, 2012 at 7:09 pm

    ကျွန်တော်တို့ ဘယ်တော့လောက် မီးတွေ ထိန်နေနိုင်မလဲဆိုတာတော့…
    ကိုပေပဲ ပြောပါတော့ဗျာ…

  • Rain drop

    June 7, 2012 at 8:18 pm

    အကောင်ပလောင်တွေလည်း များသား၊ များလွန်းလို့ ဘာကောင်တွေမှန်းတောင် မသိတော့ဘူး။ အဲတစ်ခုတော့ရှိတယ် ဘကြီးဖြိုးတို့အိမ် မှာနေတဲ့ သူတွေနဲ့ ရွာသားတွေကို မယုတ်မာဖို့တော့လိုတယ်။ ဟုတ်ပါတယ် ဘကြီးဖြိုးတို့အိမ် ပျက်စီးနေပါတယ်။
    ( credit )

  • ahnyartamar

    June 7, 2012 at 9:02 pm

    ဘကြီးဖြိုးတို့အိမ် ပျက်စီးနေတာကဝိုင်းဝန်းပြီး ပြင်လို့ရပါတယ်။ ပျက်စီးနေတာကို မမြင်ချင်ရောင်စောင်ပြီး တာဝန်မဲ့တဲ့လူတွေ မရှိဖို့လိုပါတယ်။

  • မိုးတိမ်

    June 7, 2012 at 10:03 pm

    အား အတော်အတွေးတူတာပဲကိုးဗျ။
    ကိုမြတ်ကျော်သူရေ လေးစားပါတယ်ခင်ဗျာ။

    ===============================
    ရွာပြင်ရောက်မှ အော်ချင်တာကို အော်နေကြတော့ ရွာမှာကျန်ခဲ့တဲ့ ရွာသူရွာသားတွေက အနေကြပ်တာပေါ့။
    ===============================
    ခြတောင်ပို့တွေ တက်နေတာလည်း ကြာပြီ၊ အကောင်ပလောင်တွေလည်း များသား၊ များလွန်းလို့ ဘာကောင်တွေမှန်းတောင် မသိတော့ဘူး။
    ===============================
    အဲတစ်ခုတော့ရှိတယ် ဘကြီးဖြိုးတို့အိမ် မှာနေတဲ့ သူတွေနဲ့ ရွာသားတွေကို
    မယုတ်မာဖို့တော့လိုတယ်။
    ===============================

    သိပ်ကြိုက်တဲ့ စကားလုံးလေးတွေပါ။ congratulation ပါခင်ဗျာ။

  • သားဦး၊မြေးဦး

    June 7, 2012 at 10:41 pm

    ငါ့ညီ မြတ်ကျော်သူတစ်ယောက် ခေတ်အမြင်နဲ ့အတွေးသစ်လေးဝိုင်းတွန်း
    နေတာ တွေ ့ရ၊ဖတ်ရတော့ ဝမ်းသာပါတယ်ဗျာ။ပို ့စ်ကိုဖတ်ရတာ အရမ်း
    ကောင်းပါတယ်။

Leave a Reply