ကလေးသူငယ်များ ငယ်ဘဝဆိုင်ရာ စမ်းသပ်ရှာဖွေတွေ့ရှိမှု

introJune 21, 20101min960
ကလေးသူငယ်များ ငယ်ဘဝဆိုင်ရာ စမ်းသပ်ရှာဖွေတွေ့ရှိမှု

အသက်(၉)လ အရွယ်အထိ မိမိဖာသာ ဝမ်းလျားမမှောက်နိုင်သေး၊ မထိုင်တတ်သေးသည့် ကလေးငယ်များသည် ကျောင်းနေသည့်အရွယ်တွင် စာလိုက်နိုင်ရန် ရုန်းကန်ရတတ်ကြောင်း သုတေသီများက
ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကျောင်းစာသင်ခန်းတွင် ညံ့ဖျင်းကြောင်း
သတ်မှတ်ခံရသည့် ကလေးအတေ်ာများများသည် ငယ်စဉ်က မိမိဖာသာ တည့်မတ်စွာ
ထိုင်နိုင်ခြင်း၊ ဝမ်းလျားမှောက် သွားလာခြင်းနှင့် အခြားသော ကလေးငယ်များ
ကိုယ့်အားကိုယ်ကိုး စမ်းသပ်သည့် အပြုအမူများတွင် သာမန်ထက် နောက်ကျပြီးမှ
ပြုလုပ်လာနိုင်ကြောင်း ပညာရှင်များကဆိုသည်။ (၂၀၀၀)ပြည့်နှစ်မှ
(၂၀၀၁)ခုနှစ်အတွင်း မွေးဖွားလာသည့် ကလေးငယ် (၁၈၈၁၈)ဦး၏ ငယ်ဘဝ
အလေ့အထများကို ခြေရာခံ စစ်တမ်းပြုစုပြီးနောက် လန်ဒန်တက္ကသိုလ်၊ ပညာရေးဌာနက
ယခုသုတေသနရလဒ်အား ကြေညာခဲ့ခြင်းဖြစ်သည်။ လန်ဒန်တက္ကသိုလ်မှ ပညာရှင်များသည်
ယခင်ကလည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များသည် ချမ်းသာသော
မိသားစုများမှ ကျောင်းနေဖက်များထက် အများအားဖြင့်
ကျောင်းစာလိုက်နိုင်မှုစွမ်းရည်တွင် တစ်နှစ်စာမျှ နိမ့်ကျတတ်ကြောင်း
ဖော်ပြခဲ့သေးသည်။

ယခုစစ်တမ်းမှာမူ ကလေးငယ်များ၏ ရှင်သန်ဖွံ့ဖြိုးမှုနှင့် ကျောင်းသင်ပညာရေးနယ်ပယ် ဆက်စပ်မှုကို ပထမဆုံးအကြိမ် တိုက်ရိုက်မီးမောင်းထိုး
ပြသလိုက်ခြင်းဖြစ်သည်။ Motor Skillခေါ် ခန္ဓာကိုယ် လှုပ်ရှားနိုင်မှု
လှုံ့ဆော်စွမ်းရည်သည် ကလေးငယ်ဘဝကတည်းက လူ့ခန္ဓာကိုယ်တွင် သဘာဝအလျောက်
တိုးတက်ဖြစ်ပေါ်လာလေ့ရှိပြီး ယင်းMotor Skill ပေါ်ပေါက်လာမှု
အဆင့်နိမ့်ကျနေပါက ကလေးများသည် သာမန်ထက် နောက်ကျပြီးမှ ခန္ဓာကိုယ်
လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်လာနိုင်လေ့ရှိသည်။ သမားရိုးကျ
အခြေအနေများအရ Motor Skillဖွံ့ဖြိုးမှု ပုံမှန်ရှိသည့် ကလေးများအနက်
(၉၆)ရာခိုင်နှုန်းသည် လူကြီးသူမများ၏ အကူအညီမပါဘဲ ထိုင်နိုင်ပြီး
(၉၂)ရာခိုင်နှုန်းမှာမူ ဝမ်းလျားမှောက်တတ်ကာ (၆၉)ရာခိုင်နှုန်းမှာမူ မိမိဖာသာ
မတ်တပ်ရပ်နိုင်ကြသည်။ (၄)ရာခိုင်နှုန်းခန့်မှာမူ စကားပင် စမ်းတဝါးဝါး
စပြောတတ်လေ့ ရှိလာကြောင်း သိရသည်။ Motor Skillလှုံ့ဆော်မှု အလွန်ကောင်းသော
ကလေးများတွင်မူ (၉၉)ရာခိုင်နှုန်းသည် ပစ္စည်းများကိုပင် ကောက်ယူနိုင်နေပြီး
(၉၅)ရာခိုင်နှုန်းမှာ လက်နှစ်ဖက်လုံးဖြင့် အရုပ်ကလေးများကို
ဆော့ကစားနိုင်လာကြပြီး (၈၉)ရာခိုင်နှုန်းမျှကမူ လက်ညှိုးနှင့် လက်မကိုသာ
အသုံးပြုပြီး အရာဝတ္ထုများကို ကိုင်တွယ်လာနိုင်လေ့ရှိသည်။ ပညာရှင်များက
Motor Skill ဖွံ့ဖြိုးမှုသည် ကျောင်းနေအရွယ်ဟု သတ်မှတ်ထားသည့်
အသက်(၅)နှစ်ဝန်းကျင်တွင် ကျောင်းစာလိုက်နိုင်သည့် အရည်အသွေးအပေါ် များစွာ
သက်ရောက်တတ်သလို ငယ်စဉ်က Motor Skill နိမ့်ပါးခဲ့သည့် ကျောင်းသားလေးများသည်
မျှဝေတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လူမှုရေးကဏ္ဍများတွင်
အားနည်းနေတတ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် Motor Skillကို
လှုံ့ဆော်ပေးနိုင်သည့် လမ်းလျှောက်ခြင်းစသော ကိုယ်လက်လှုပ်ရှားမှုများတွင်
ဗြိတိန်ရှိ မူလတန်းအရွယ် ကျောင်းသားများအကြား တစထက်တစ လျော့နည်းလာပြီး
တစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းသား ထက်ဝက်ကျော်သည် ကျောင်းသို့
လမ်းလျှောက်မလာကြတော့ဟု သုတေသီများကဆိုသည်။ (၂၀၀၈)ခုနှစ်က
ဗြိတိန်တစ်နိုင်ငံလုံး လမ်းလျှောက်ပြီး ကျောင်းတက်သည့် မူလတန်းကျောင်းသား
အရေအတွက်မှာ (၄၈)ရာခိုင်နှုန်းသာ ရှိတော့ရာ (၁၉၈၉)ခုနှစ်စာရင်း
(၆၂)ရာခိုင်နှုန်းထက် များစွာလျော့ကျသွားသည်။ ထိုအချိန်တွင်
ကျောင်းသားများအား ကားမောင်းပြီး ကျောင်းလိုက်ပို့သည့် မိဘဦးရေမှာလည်း
(၂၇)ရာခိုင်နှုန်းမှ (၄၃)ရာခိုင်နှုန်းထိ ထိုးတက်လာသည်။ ယခုလိုဖြစ်ရခြင်းမှာ
မိဘများသည် ကလေးများအား ကျောင်းအသွားတွင် မတော်တဆ ယာဉ်တိုက်မှုအန္တရာယ်မျိုး
ကြုံတွေ့မည်ကို စိုးရိမ်ခြင်းကြောင့်ဟုလည်း သုတေသနစစ်တမ်းများက
ဖော်ပြထားသည်။

Source: DailyMail