ဖြစ်သော ဆင်းရဲ ၊ အိုမင်းသော ဆင်းရဲ မချစ်သောသူနှင့်တကွ နေသော ဆင်းရဲ ၊ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ ၊လို၍မရသော ဆင်းရဲ …………………….။
ညီမလေးရေ သိင်္ဃသူ့ သမီး ကျောက်စာပါ စာသားတွေကို အကိုပြန်တွေးမိပါတယ်။ ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ…တဲ့ ဝေးကွာခြင်းဆိုတဲ့ နိပ်စက်ချက်အောက်မှာ နှလုံးသားတွေကြွေကျလို့ ပူဆွေးသောကတွေကို ညီမလေး တွေးကြည့်ဖူးလား။ တစ်ယောက်နဲ့ တစ်ယောက် မမြင်မတွေ့နိုင်လောက်အောင် အဝေးကြီးဝေးသူတွေရဲ့ လွမ်းစိတ်၊ မြင်ချင်တွေ့ချင်လွန်းတဲ့ ဆန္ဒတွေ ဟာ ပူလောင်လွန်းလှပါတယ်ကွယ်။ ချစ်သူကရက်စက်လို့ ၊ ချစ်သူက ဖြတ်လိုက်လို့ အသစ်တစ်ယောက်တွဲ ပြီးနေတာကိုတွေကို ကြားသိရတဲ့ အစွန့်ပစ်ခံ ချစ်သူဟာ ကြေကွဲမူနဲ့ အတူ နာကြည်းခြင်း ဖြစ်လို့ နောက်တော့ အသွင်ပြောင်းပြီးဒေါသကနေ လက်စားခြေ လိုစိတ်တွေ ဖြစ်ခဲ့ကြတယ်။ ညီမလေးရေ ဆေးကျောင်းသူလေးကို ချစ်သူက ဓါတ်ဆီလောင်းပြီး မီးရှို့ သတ်တဲ့ သတင်း အကို ဖတ်ရတော့ စွန့်ပြစ်ခံရတဲ့ ကြေကွဲမူ နောက် ဒေါသရဲ့ လောင်မြိုက်ခြင်းတွေ ညီမလေးရယ် စိတ်ဆိုတာ လေ့ကျင့် ထိန်းကျောင်းရပါတယ်။ မထိန်းနိုင်ရှာတဲ့ မောင်လွင်ဦးဆိုတဲ့ သင်္ဘောသားလေး တစ်ယောက်ကတော့ ပြစ်ဒဏ်ကျခံရတော့တယ်ကွယ်။ ဒီသတင်းက ညီမလေးလည်း ဖတ်ရမှာပါ။ ချစ်သူနဲ့ အတူနေမယ်ဆိုပြီးမျှော်လင့်ချက်တွေ ပျက်ဆီးလို့ အသစ်ရှာ ခဲ့တဲ့ ချစ်သူကို ငြိုးမာန်ဖွဲ့ လို့ ရက်စက်ခဲ့တယ်။
တကယ်တော့ ညီမလေးရယ် စိတ်မခိုင်သူတွေ ကိုယ်စိတ် ကိုယ် မစစ်နိုင်သူတွေ လို့ပဲ အကိုဆိုချင်ပါတယ်။အလိုမပြည့်တဲ့ ဒုက္ခ ဆင်းရဲ ခြင်းကို နားလည် သိတတ် ထိန်းညှိ တတ်ရမယ်လေ။မမြဲတရားကို လက်ခံနာယူထားရမယ် မဟုတ်လား ။
တခါကပေါ့ ချစ်သူနှစ်ယောက် တစ်ဦးက သစ္စာပျက်ယွင်းခဲ့တာ ကြောင့်ဝေးကွာ ခဲ့ကြတယ် ။အမျိုးသမီးလေးက မတုန်လှုပ်ခဲ့ပါဘူး။ အချစ်မရှိဘူးလားလို့ ညီမလေးကမေးလိမ့်မယ်။သူမ အချစ်က ခွင့်လွှတ်တဲ့ အချစ်
သူစိတ်ချမ်းသာပါစေတော့တဲ့ တကယ်တော့ အချစ်ဆိုတာ အကို့ အမြင်တော့ သူစိတ်ချမ်းသာစေချင်တာပါပဲ ညီမလေးရယ် ပူလောင်မူကို အနစ်နာခံခြင်းနဲ့ အစားထိုးလို့ ဖြေဖျောက်ခဲ့တာလို့ အကို ထင်ပါတယ်။ သူ့စကား လေးက သိပ်လှ သိပ်လေးနက်တာပဲ ညီမလေး။
ကျမ ဘ၀မှာ စွန့်ခွာသွားတဲ့ ချစ်သူကို နာကြည်းတမ်းတ နေမယ့် အစား စိတ်ရဲ့ ပေါ့ပါးမူကိုရှာတွေးခဲ့တယ် သူက ကိုယ့်ကို မချစ်နိုင်လို့ စွန့်ခဲ့တယ် ကိုယ့်ထက် ပျော်မယ် သာယာမယ်ဆိုသူနဲ့ တွဲခဲ့တယ်
ဒီတော့ သူပျော်ပါစေ သူစိတ်ချမ်းသာပါစေ ကျမ မမုန်းဘူး ကျမလည်း လူ့ ဘ၀မှာ အချိန်ရှိတုန်း တိုင်းပြည် အတွက် လူမျိုး အတွက် မိသားစု အတွက် အလုပ်လုပ်ရအုံးမယ်လေ။ ဒါကြောင့် နှလုံးသားရေးရာကို
တရားနဲ့ပဲဖြေလိုက်ပါတယ်..တဲ့။
ဘယ်လောက် သဘောကျဖို့ကောင်းလိုက်တဲ့ စကားလည်းညီမလေးရယ် စိတ်ဓါတ်ကြံ့ခိုင်ဖို့ ဆိုတာ လေ့ကျင့် ယူရတာပဲ မဟုတ်လား။နောက်တစ်ယောက်ကတော့ ချစ်သူပစ်လိုက်လို့ ချစ်သူရည်းစားတွေ ထည်လဲတွဲ တဲ့ ကလေးမလေး တစ်ယောက်ကို အကိုမြင်ဖူးခဲ့တယ်။နာကြည်းခြင်းကို ဒီလိုပုံဖေါ်လိုက်တာ သိပ်မှားတယ် ညီမလေးရယ်။မိန်းကလေးရဲ့ အလှ ဟာ သိက္ခာပဲ လေ။ သူမနာမည် ၊ သူမ ဂုဏ် ကို ထိခိုက်နိမ့်ပါးစေတဲ့ အလုပ်ကို လုပ်ခဲ့ရင် အတိတ်ဆိုတာ အရိပ်လို လိုက်ပါ လာလိမ့်မယ်လေ။
တလောက အိမ်ထောင်ဖက်က ဖေါက်ပြန်လို့ အိပ်နေတုန်း ဓါတ်ဆီလောင်း မီးရှို့ သတဲ့ မူခင်းတွေ ထဲ ဖတ်ရပြန်ပါတယ်။ နောက်တစ်ယောက်က လင်ယောက်ကျား အိပ်နေတုန်း ဓါးနဲ့ ခုတ်သတ်သတဲ့ ..။တကယ်တော့ သစ္စာဆိုတဲ့ မြတ်ပန်း တစ်ပွင့်ကြွေ ကျခဲ့လို့ ဒီလို နာကြည်းခြင်းဒတွေ ဖြစ်ရတာပါ ကွယ်။တစ်ဦးနဲ့ တစ်ဦး နားလည်မူညီတူ သစ္စာ တူညီကြရင် ရိုးမြေကျ ပေါင်းသင်း ပျော်ရွှင်နိုင်တာပဲလေ။

ညီမလေးရေ အချစ်မှာမှ မဟုတ်ဘူး ဘယ်နေရာမဆို သစ္စာ ရှိကြဖို့ အရေးကြီးပါတယ်။ချစ်သူအပေါ် အိမ်ထောင်ဘက်အပေါ် မိတ်ဆွေအပေါ် စောင့် စည်း ရမယ့် သစ္စာတရား လူတိုင်း လက်ကိုင်ထားရမယ်လေ။နောက် မိမိအလုပ် အပေါ် ၊ လက်အောက်ငယ်သား အပေါ် သစ္စာ စောင့်သိရမယ်လေ။မှန်ကန်တဲ့ စိတ် ၊ တည်ကြည်တဲ့ စိတ်ရှိမှသာ လောက အလယ်မှာ ဂုဏ်ဝင့်နိုင်မယ်။မိသားစု အပေါ်မှာပဲ ဖြစ်ဖြစ် အဖွဲ့ အစည်း အပေါ်မှာပဲ ဖြစ်ဖြစ်
ဖြောင့်မတ်စွာကျင့်မူဆက်ဆံနိုင်မှသာ ၊ မှန်ကန်မူ သစ္စာတရားကို အသက်နဲ့ ထပ်တူ မြတ်နိုးနိုင်မှသာ လူပီသမယ်လေ။ အကိုကတော့ ဒီလူတွေကို မဟာလူသားလို့ ဆိုချင်ပါတယ်ကွယ်။
ဆရာဝန်တစ်ယောက်ဟာ လူနာအပေါ်မှာ ညှာတာရမယ် စေတနာမေတ္တာ ထားရမယ် ဒါဟာ သစ္စာတရားပါပဲ ညီမလေး။ သူ့ တာဝန်ကို သူ သစ္စာရှိတာပဲလို့ အကိုဆိုချင်ပါတယ်။လူနာတစ်ယောက် ကို ပစ်ထားပြီး ဂရု မစိုက်တာဟာ အလုပ်တာဝန်နဲ့ လေးစား အားကိုးမူ အပေါ် သစ္စာမဲ့တာပါပဲလေ။ လယ်သမား ဟာ လယ်ယာမြေပေါ် သစ္စာရှိရမယ်၊ စာပေသမား ဟာ စာပေ အပေါ် ၊ စာပေဘက်တော်သားချင်း အပေါ် သစ္စာရှိရမယ်။
ညီမလေးရေ အကိုတို့မြို့မှာ (၃.၄.၂၀၁၂)ရက်နေ့က စာပေဟောပြောပွဲ လုပ်ခဲ့တယ် ။ အကိုကတော့ စာရေးဆရာတွေကို ကြိုဆိုခေါ်ဆောင်ရတဲ့ တာဝန်ယူရပါတယ်။ အကိုတို့က ငွေကြေးက မပြည့်စုံတော့ စာရေးဆရာတွေကို လိုင်းကားနဲ့ပဲ ခေါ်ယူ ဖို့ ဖြစ်ခဲ့တယ်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကို အကိုက
“ ဆရာရယ် စာပေဟောပြောပွဲလုပ်ချင်လို့ပါ ရန်ကုန် -အိမ်မဲကိုတော့ ကားမငှားနိုင်လို့ အဝေးပြေးကားနဲ့ ပဲ လိုက်ပါလို့ ”မေတ္တာရပ်ခံလိုက်တော့ ဆရာက
“ ကျွန်တော် ဒီနှစ် စာပေဟောပြောပွဲ ကို လိုက်ဟော တာ ပွဲတစ်ရာနီးပါးပဲ ဘယ်မြို့မှ လိုင်းကားနဲ့ မခေါ်ဘူး ဒါပေမယ့် စာပေ ဟောပြောပွဲကို နားထောင်ချင်တဲ့ ပရိသတ်ရှိတယ် လာခေါ်တဲ့ သူက လည်း ကဗျာဆရာဆိုတော့ ကျွန်တော် ဘာမှ မပြောလိုဘူး ခင်ဗျားလှည်းနဲ့ခေါ်လည်း လိုက်မယ်.”.တဲ့။
ညီမလေးရယ် ဘယ်လောက်သဘောကျဖို့ ကောင်းလိုက်သလဲ ။ အကိုတော့ ဆရာ့ကို ကျေးဇူးတင်လို့ နောက် ဆရာ အကြည်တော်လည်း ဒီလိုပဲလေ စာပေသမား နာမည် အကျော်အမော်တွေကိုး စာပေ အပေါ် ၊ စာပေ သမားတွေ အပေါ် သစ္စာ စောင့်သိတယ်လေ။ ဒီမှာပဲ လိုက်ပါဟောပြောမယ့် ဆရာ ဒါရိုက်တာအောင်စိုးဦးက သူ့မိတ်ဆွေ ဦးမျိုးတင့်ကြည်ကို ကား အကူအညီတောင်းလို့ ဆီဖိုးစိုက်ထုတ်ပြီး ကိုယ်ပိုင်ကားလေးနဲ့ အကို
တို့ မြို့ကို လာခဲ့ကြတယ်။ ဆရာ ဒါရိုက်တာက “ အိမ်မဲဆိုတာ ကိုယ့်မြို့ပါ ကိုယ့်မြို့မှာဟောရမှာကို ဂုဏ်ယူ သလို မြို့ ကိုလာမယ့် ဧြ့်သည် တွေ အတွက် ကိုယ်မှာ စီစဉ်ပေးဖို့ တာဝန်ရှိပါတယ်တဲ့။ မြို့ အပေါ်ထားတဲ့ သစ္စာ စကားပါ ညီမလေး။ ဆရာရဲ့ တာဝန်သိစိတ် ၊ သစ္စာစိတ်ကို မြင်ရ သိရတာ ၀မ်းသာမိတယ် ညီမလေးရယ်။
ညီမလေးရေ ဘ၀ဆိုတဲ့ တိုတောင်းတဲ့ ကာလတွင်းမှာ ကိုယ့်စိတ်ကို ကိုယ်လေ့ကျင့်စစ်ဆေးလို့ ကိုယ်တာဝန်ကိုယ်ကျေပါစေကွယ်။ အချစ်ဆိုတဲ့ ပူလောင်မူ သောက ကြုံရင်လည်း တရားနဲ့ဖြေသိပ်လို့
ကိုယ့် သမာဓိကို ကိုယ် ဖြည့်ကျင့်ပါလို့ အကိုပြောချင်ပါတယ်။ အများအကျိုး အတွက် တာဝန် ထမ်းရွက်တဲ့ အခါ မှန်ကန်မူ တာဝန်သိမူ နဲ့ သစ္စာရှိနိုင်ပါစေကွယ်။လောကဓံ အရိုက်အပုတ်မှာ ညီမလေး မတုန်လှုပ်ပါစေနဲ့
ကိုယ်က အထက်ကဆိုပြီးလည်း အနိုင်ကျင့်စိတ် မမွေးမိပါစေနဲ့ကွယ်။
လောကမှာ သေချာတာတစ်ခုကတော့ သစ္စာပျက်ယွင်းခဲ့ရင် သစ္စာ စူးတတ်တယ်၊သစ္စာဖေါက်သူဟာ သူ့ သစ္စာ က သူ့ကို ပြန်ခြောက်လှန့်နေတာပါပဲ။ ဒါကြောင့် သစ္စာအရောင် ပြောင်ပါစေ။
သစ္စာ မြတ်ပန်း ဆင်မြန်းကေသာ ပြုံးပျော်စွာဖြင့် ညီမလေး လောကကို ခရီးဆက်နိုင်ပါစေလို့ အကို ဆန္ဒပြု လိုက်ရပါတယ်ကွယ်။

About htet way

has written 133 post in this Website..