အကျိုးအမြတ်ကိုသာမျှော်ကိုး၍ မြစ်ချောင်းများမှ သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲမှုပိုမိုလာ

klnJune 22, 20101min690

အကျိုးအမြတ်ကိုသာမျှော်ကိုး၍ မြစ်ချောင်းများမှ သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲမှုပိုမိုလာကြောင်း မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူအချို့ထံမှ သိရှိရသည်။ မြစ်ချောင်းများတွင် သဘာဝသယံဇာတများ ရှာဖွေကာ စီးပွားရှာနေသူအချို့သည် မိမိအကျိုးအမြတ် ရရှိမှုနှင့်အတူ မြစ်ချောင်းများ၏ ရေစီးရေလာကောင်းမွန်စေမှု၊ သဘာဝရင်းမြစ်များကို ထိန်းသိမ်းနိုင်မှု စသည်တို့ကိုပါ တစ်ပါတည်း ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်သော်လည်း အားနည်းချက်များ ရှိနေကြောင်း သိရသည်။ အဆိုပါ မြစ်ကြောင်းအသုံးပြု စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကြရာ၌ သဘာဝသယံဇာတနှင့် သဘာဝရင်းမြစ်များကို ထုတ်ယူမှုတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ သဘောတူညီချက်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုကြောင်း သိရသည်။ အစဦးတွင် မြစ်ကြောင်းလည်းကောင်းစေ၊ မိမိလည်း အကျိုးအမြတ်ရစေ ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြသော်လည်း နောက်ပိုင်းတွင် မိမိအကျိုးအမြတ်ကိုသာ ရှေးရှု၍ လုပ်ဆောင်ခြင်းများ ပိုမိုလာကြောင်း သိရသည်။ မြစ်ကြောင်းကျပ်၍ သွားလာရ မလွယ်ကူသောနေရာများ၊ ကမ်းပြိုခြင်း၊ ရေဝဲတိုက်စားခြင်းများ စသည်တို့ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသော်လည်း မြစ်ကြောင်းအခြေပြုစီးပွားရေးလုပ်ကိုင်နေသူများသည် မိမိအကျိုးအတွက် လိုသလို အသုံးချမှုများသာ ရှိပြီး ပြန်လည်ထိန်းသိမ်းခြင်းနှင့် စည်းကမ်းရှိစွာ စောင့်ရှောက်ခြင်းများ မပြုလုပ်ပါက ရေရှည်တွင် မြစ်ကြောင်းပြောင်းလဲမှု၏ ဆိုးကျိုးကို ယခုထက်ပို၍ ကြုံတွေ့လာဖွယ်ရှိကြောင်း သိရသည်။