နယ်ပယ်အစုံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းကြီးများ၊ ဝင်ရောက်လာနိုင်သည့် နိုင်ငံခြားလုပ်ငန်းအချို့နှင့် ယှဉ်ပြိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းအချို့ ညှိနှိုင်းပြင်ဆင်

klnJune 22, 20101min500

၂၀၀၈ ခုနှစ်နောက်ပိုင်း လုပ်ပိုင်ခွင့်ပမာဏအများအပြား ရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများ၊ ၂၀၁ဝ ပြည့်နှစ်နောက်ပိုင်း ဝင်ရောက်လာနိုင်ဖွယ်ရှိသော နိုင်ငံခြားလုပ်ငန်းအချို့နှင့် ယှဉ်ပြိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းအချို့ ညှိနှိုင်းပြင်ဆင်လျက်ရှိကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ သိရှိရပါသည်။ “စီးပွားရေးလုပ်ငန်းလေး၊ ငါးခုကနေ ၁ဝခု၊ ၁၅ခု လောက်ထိစုပြီး ပြင်ဆင်နေတာမျိုးပါ။ အဓိကကတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်ပါ။ လက်ရှိအခြေအနေမှာ တစ်ဦးတစ်ယောက်ချင်းဆိုရင် မပြိုင်နိုင်ဘူး။ ပြီးတော့ ဒီပုံစံအတိုင်းဆို ရေရှည်မှာလည်း ပြိုင်နိုင်ဖို့မလွယ်ဘူး။ နိုင်ငံတကာလုပ်ငန်းတွေလည်း ဝင်လာနိုင်တယ်။ ဒါ့အပြင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသဖြစ်လာရင်လည်း ဒေသတွင်းနိုင်ငံက လုပ်ငန်းတွေနဲ့ ပြိုင်ရဦးမယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေစုစည်းပြီး ညှိနှိုင်းပြင်ဆင်နေတယ်။ လိုအပ်ရင်လိုအပ်သလိုလုပ်ငန်းတွေ ပေါင်းစည်းပြီး အရင်းအနှီးစုစည်းသွားမှာပါ ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။ ထိုသို့ စီးပွားရေးလုပ်ငန်းများ ညှိနှိုင်းနေမှုတွင် နယ်ပယ်မတူသော စီးပွားရေးလုပ်ငန်းများ အများစုပါဝင်ပြီး နယ်ပယ်စုံတွင် လုပ်ငန်းများဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများကဲ့သို့ လုပ်ကိုင်နို်င်ရန် အဓိကဦးတည်ကြောင်း၊ လက်ရှိအချိန်တွင် နယ်ပယ်အလိုက် လုပ်ငန်းများတွင်ကျယ်စေရန် ပံ့ပိုးဆောင်ရွက်မှုများပြုလုပ်လျက်ရှိပြီး အချင်းချင်းတွေ့ဆုံဆွေးနွေးမှုများအပြင် နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ဆွေးနွေးမှုများလည်းရှိကြောင်း သိရသည်။ လက်ရှိစီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနယ်ပယ်များတွင် ပမာဏအများဆုံးဝင်ရောက်ဆောင်ရွက်လျက်ရှိပြီး အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နေကြကြောင်း၊ ထိုကဏ္ဍများအပြင် ဝင်ရောက်လုပ်ကိုင်လိုသည့် စီးပွားရေးနယ်ပယ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ငွေရေးကြေးရေး စသည့် ဝန်ဆောင်မှုနယ်ပယ်များ ပါဝင်လျက်ရှိကြောင်း သိရသည်။