မြန်မာနိုင်ငံအနှံ့တွင်ရှိသော လမ်းများကို ကုမ္ပဏီများအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးနှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီက ဂွေးချို-ပခုက္ကူလမ်းပိုင်း လုပ်ကိုင်ခွင့်ရ

klnJune 22, 20101min640

မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးစနစ်ကို ပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံအနှံ့တွင် ရှိသောလမ်းများကို ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများအား BOT စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့်ပေးခဲ့ရာ နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီက ဂွေးချို-ပခုက္ကူလမ်းပိုင်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ဂွေးချို-ချောက်-ဆိပ်ဖြူ-ပခုက္ကူ လမ်းပိုင်းအရှည်သည် ၇၈မိုင်ခန့်ရှည်လျားပြီး ယင်းလမ်းပိုင်းတွင် တန့်ကြည့်တောင်အပါအဝင် ချောက်မြို့နယ်အတွင်း မကြာခဏယာဉ်တိမ်းမှောက်မှု ဖြစ်ပွားလျက်ရှိသော အလိမ်ကွေ့ကိုပါ အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖောက်လုပ်ပေးသွားမည်ဟု သိရသည်။ “ ကျွန်တော်တို့ တာဝန်ယူတည်ဆောက်ပေးမယ့် လမ်းပိုင်းက ရန်ကုန်ကနေ ပခုက္ကူကိုသွားလာရမယ့် အဝေးပြေးကားတွေ အပါအဝင် ကုန်တင်ကားတွေလဲ ဒီလမ်းကနေအဓိက သွားလာနေရပါတယ်။ ဒီလမ်းပိုင်းကနေပြီး ပခုက္ကူမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မကွေး၊ မင်းဘူး၊ ပုဂံ၊ ဆောနဲ့ မြိုင်မြို့တွေ အပါအဝင် ပေါက်မြို့နယ်တွေကိုပါ သွားလာလို့ရပါတယ်။ အဲဒီကမှတစ်ဆင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေကိုပါ ဆက်လက်သွားလာနိုင်မှာ ဖြစ်တာကြောင့် ဒီလမ်းပိုင်းကို အသုံးပြုပြီး သွားလာကြမယ့် ယာဉ်တွေ သွားလာရာမှာအဆင်ပြေပြေသွားလာနိုင်ဖို့အတွက် ရှိပြီးသားလမ်းတွေကို တိုးချဲ့ပြီး ဖောက်လုပ်ပေးသွားမှာဖြစ်ပါတယ် ” ဟု အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ဖောက်လုပ်ခွင့်ရရှိသော လမ်းပိုင်းအနက် ယခုအခါ ၁ရမိုင် ၁ဖာလုံ ရှိသော ဂွေးချို-ချောက်လမ်းပိုင်းကို စတင်လုပ်ကိုင်နေပြီဟု သိရသည်။ နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် အဆိုပါလမ်းပိုင်းတွင် ယာဉ်မကြာခဏ တိမ်းမှောက်လျက်ရှိသော အလိမ်ကွေ့ကိုလည်း ခေတ်မီနည်းပညာများကို အသုံးပြုကာ ပြန်လည်ဖောက်လုပ်ပေးသွားမည်ဟု သိရသည်။ ယင်းကုမ္ပဏီက တာဝန်ယူကာ တိုးချဲ့ဖောက်လုပ်လျက်ရှိသော ဂွေးချို-ပခုက္ကူ လမ်းပိုင်းတွင် ဒေသခံပြည်သူ ၃၀ဝ နီးပါးကို အသုံးပြုသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသောလမ်းများကို လက်ရှိအသုံးပြုကာသွားလာလျက်ရှိသော ယာဉ်များအဆင်ပြေစွာ သွားလာနိုင်ရန်သာမက မြန်မာပြည်အနှံ့မှ ဒေသခံပြည်သူများ ခရီးသွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန်အတွက် မြန်မာပြည်အနှံ့တွင် တည်ရှိသောလမ်းများကို အဆင့်မြှင့်တင်ရန် ပြည်တွင်းတွင်ရှိသော ဆောက်လုပ်ရေးကုမ္ပဏီများကို BOT စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့်ပေးနေပြီဖြစ်ကြောင်း သိရသည်။