ဇွန် ၁၆ရက်မှ ၁၈ရက်အထိ ထိုင်းနိုင်ငံ ROYAL RAYONG GREEN VALLEY COUNTRY CLUB, PATTAYA ၌ ကျင်းပသည့် “2010 MERCEDES TROPHY MASTERS GOLF CHAMPIONSHIPS” ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက် (၁၂)နှစ်အောက်၊ အသက် (၁၄)နှစ်အောက်၊ အမျိုးသားအသက် (၁၈)နှစ်အောက်နှင့် အသက် (၂၁)နှစ်အောက် ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ကြရာ အမျိုးသားအသက် (၂၁)နှစ်အောက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိကြပြီး မြန်မာ့လက်ရွေးစင်များဖြစ်ကြသည့် နေဗလ၀င်းမြင့်က (၇၄+၇၅+၆၆) သုံးရက်စုစုပေါင်းရိုက်ချက် ၂၁၅ချက်ဖြင့် ပထမချန်ပီယံဆု၊ စိုးမိုးဝင်းက (၇၃+၇၄+၇၆)သုံးရက် စုစုပေါင်းရိုက်ချက် ၂၂၃ချက်ဖြင့် ဒုတိယဆုနှင့် ရန်မျိုးအေးက (၇၆+၇၄+၇၆)သုံးရက် စုစုပေါင်းရိုက်ချက် ၂၂၆ချက်ဖြင့် တတိယဆုများ အသီးသီးရရှိခဲ့ကြသည်။ ၂၀၀၈ခုနှစ် အင်ဒိုနီးရှားသမ္မတနိုင်ငံ၌ ကျင်းပသည့် WORLD JUNIOR အသက် (၁၈)နှစ်အောက် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူ နေဗလ၀င်းမြင့်သည် ၂၀၀၉ခုနှစ်(၂၅)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်စဉ် (ဘယ်ဘက်ပခုံးအဆစ်ရိုးကျိုး)ဒဏ်ရာရရှိခဲ့ရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ဆေးကုသစရိတ်များ အကုန်အကျခံကာ စင်ကာပူနိုင်ငံတွင် ဆေးကုသပေးပြီး ခြောက်လခန့်အနားယူခဲ့ပြီးနောက် ယခုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသမီး အသက် (၁၄)နှစ်အောက်ပြိုင်ပွဲတွင် မယဉ်မေမျိုး (မြန်မာ)က (၇၇+၇၇+၇၉) သုံးရက် စုစုပေါင်းရိုက်ချက် ၂၃၃ချက်ဖြင့် ပထမချန်ပီယံဆုများကို ရရှိခဲ့ပြီး ၄င်းသည် ယခင်ပြိုင်ပွဲများနှင့် ယခုပြိုင်ပွဲအပါအ၀င် ချန်ပီယံပထမဆုများကို သုံးကြိမ်မြောက်ဗိုလ်စွဲအနိုင်ရရှိခဲ့သော မြန်မာ့လက်ရွေးစင် လူငယ်ဂေါက်သီးအားကစားမယ်လေးဖြစ်သည်။ “2010 MERCEDES TROPHY MASTERS GOLF CHAMPIONSHIPS” ဂေါက်သီးရိုက်ပြိုင်ပွဲ၌ အဆင့်(၁)မှ အဆင့် (၄)အထိ ရရှိသူများသည် ၂၀၁၀ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..