မိုးဦးကာလ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရေယာဉ်များလုံခြုံရေးအတွက် ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်

klnJune 22, 20101min641

မြန်မာနိုင်ငံရှိ မြစ်များ၏ ရေနည်းရာသီကာလ ကုန်ဆုံးပြီး ရေများရာသီသို့ စတင်ရောက်ရှိပြီဖြစ်၍ မုတ်သုံရာသီအစ မိုးဦးကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေများ မြင့်တက်လာမည်ဖြစ်သည်။ မြစ်ရေမြင့်တက်လာခြင်းကြောင့် ရေနည်းချိန်ကာလများတွင်ရှိသော သဲသောင်များ၊ ကျွန်းများရေမြှုပ်၍ ရေမွှာပေါက်ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ကြစေရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်၍ အလေးထားလိုက်နာကြရန် လိုအပ်သည်။ တစ်ခါတစ်ရံ ရာသီဥတုဒဏ်ကြောင့် စိုက်ထူပြသထားသော အမှတ်အသားများ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များအနဖြင့် ဂရုပြုမောင်းနှင်ကြရမည်ဖြစ်သည်။ ရေများချိန်ကာလ၌ ရေစီးသန်ခြင်း၊ ဝဲလှည့်ခြင်းများဖြစ်ပေါ်နိုင်သည်။ ရေအနက် မလုံလောက်သည့် ရေမွှာပေါက် ဖြတ်လမ်းများအား အသုံးပြုခုတ်မောင်းခြင်းမပြုကြရန်နှင့် သတ်မှတ်ရေလမ်းအတိုင်း မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ဂရုပြုမောင်းနှင်ကြရန်လိုအပ်သည်။ မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အဝင် ရေလမ်းကြောင်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့်အပေါက်၌ အစိမ်းရောင်တြိဂံအမှတ်အသား ပြသထားပြီး မဝင်ရမည့်အပေါက်၌ အနီရောင်ကြက်ခြေခတ်အမှတ်အသားပြသထားသည်။ ရေမြုပ်နေသည့် ရေလယ်တိုင်အုတ်ခုံများကို အနီရောင်မြားဖြင့် တံတားပေါင်ပေါ်မှ ပြသထားသည်။ ရေများချိန်တွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေပြီဖြစ်ပြီး ရေလယ်တိုင် နှစ်ခုကြား၌ ရေစီးသန်မည်ဖြစ်သဖြင့် ရယာဉ်များ မြစ်ကူးတံတားရေလမ်းများသို့ ဝင်ရောက်ဖြတ်သန်းရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ရယူ၍ စက်နှင့် တက်မထိန်းစနစ်များကို ကြိုတင်စစ်ဆေးပြီးမှ ဖြတ်သန်းကြရန်နှင့် တံတားအဝင်ရေလမ်းများ၌ ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်သည်။ အထူးသဖြင့် နှစ်စင်းတွဲ တွန်းရေးယာဉ်များအနေဖြင့် မိမိသယ်ဆောင်ဝန်အားနှင့် စက်အားကို အထူးချင့်ချိန်တွက်ဆ၍ ဂရုပြုမောင်းနှင်ကြရမည်ဖြစ်သည်။ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမျိုး မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများအား ဖြတ်သန်းရာတွင် တွဲနှစ်တွဲဖြင့် ဖြတ်သန်းခြင်းမပြုလုပ်ဘဲ တွဲတစ်တွဲချင်းဖြင့်သာ ဖြတ်သန်းကြရန်လိုအပ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုများနှင့် မိုးမှောင်ကျမှုများ ဖြစ်ပေါ်သည့်အခါ ရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်မဖြစ်စေရေးအတွက် အထူးဂရုပြုမောင်းနှင်ကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆောင်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

One comment

  • snow

    June 23, 2010 at 6:40 am

    အင်းအဲလိုသဘာနဲ ့ဆိုင်တာလေးတွေလဲတင်ပေးတာကောင်းတယ်
    မိုးလေဝသ သတင်းလဲလိုချင်တယ်
    တင်ပေးတဲ့အတွက်ကျေးဇူးပါ

Leave a Reply